လူသားတိုင်း ထမ်းရွက်ရမယ့် တာဝန်

လူသားတိုင်း ထမ်းရွက်ရမယ့် တာဝန်

“ရာသီဥတုတွေ ပြောင်းလဲနေတယ်။ ရာသီဥတုတွေ ဖောက်ပြန်နေတယ်။ ဒါကို ထိန်းသိမ်းကာကွယ်ဖို့ တိုက်ဖျက်ဖို့ လိုတယ်” လို့ သိပ္ပံပညာရှင်တွေက ပြောတယ်။ ကမ္ဘာနိုင်ငံအသီးသီးကလည်း လက်ခံခဲ့ကြတယ်။ ဒါကြောင့်လည်း ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေ၊ အကြီးအကဲတွေ၊ အလွှာပေါင်းစုံက လူပုဂ္ဂိုလ်တွေ စုပေါင်းတွေ့ဆုံပြီး ဆွေနွေးပွဲတွေ၊ ညီလာတွေ၊ လက်မှတ် ရေးထိုးပွဲတွေ စသဖြင့် ရာသီဥတုနဲ့ သက်ဆိုင်တဲ့ အခမ်းအနားတွေ၊ သဘာဝ ပတ်ဝန်းကျင်နဲ့သက်ဆိုင်တဲ့ အခမ်းအနားတွေကို ပြုလုပ်ခဲ့ကြတယ်။ ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ဖို့၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ တိုက်တွန်းခဲ့ကြတယ်။ ဒါပေမယ့် တစ်နှစ် ထက်တစ်နှစ် ကမ္ဘာကြီးမှာ သဘာဝ ပတ်ဝန်းကျင်တွေ ပိုမိုပျက်စီးလာတယ်။ ရာသီဥတုတွေ ပိုမိုပြောင်းလဲလာ တယ်။ ဒါ ဘာကြောင့်လဲ။ ရှင်းရှင်းလေးပါ။ ပါးစပ်နဲ့ ပြောပြီး လက်တွေ့ မလုပ်ခဲ့ကြလို့ပဲ။ ကတိပြုဆန္ဒပြု လက် မှတ်တွေ ထိုးပြီး ကတိတွေ ဖောက်ဖျက်ခဲ့ကြလို့ပဲ။ လူမြင်ကောင်းအောင်၊ လူကြားကောင်းအောင် ဟန်ပြ လုပ်ခဲ့၊ ပြောခဲ့ကြလို့ပဲ။

တကယ်လို့သာ ကမ္ဘာ့နိုင်ငံအသီးသီးက ဆွေးနွေးပွဲတွေ၊ ညီလာခံတွေမှာ ပြောခဲ့တဲ့အတိုင်း၊ ကတိပြုခဲ့ တဲ့အတိုင်း လက်တွေ့ကျကျ လုပ်ကိုင်ခဲ့မယ်ဆိုရင် ကမ္ဘာဟာ ဒီအခြေအနေထိ ရောက်ခဲ့မှာ မဟုတ်ပါဘူး။ ရာသီ ဥတုဆိုတာမျိုးက သဘာပတ်ဝန်းကျင်တွေ ပျက်စီးနေသမျှ ပြောင်းလဲနေမှာ ဖြစ်တယ်။ ဒီအတွက် ရာသီဥတုကို တိုက်ဖျက်ဖို့၊ ထိန်းသိမ်းဖို့ ဆိုရင် ပျက်စီးနေတဲ့ သဘာဝပတ်ဝန်းကျင်ကို ပြုပြင်ဖာထေးရမယ်။ ပြန်လည်ကောင်း မွန်အောင် ဆောင်ရွက်ရမယ်။ အဲဒါတွေကိုသာ လက်တွေ့ကျကျ လုပ်နိုင်ခဲ့ရင် ကမ္ဘာကြီးဟာ ဒီနေ့လို ပျက်စီး ယိုယွင်းတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ရမှာ မဟုတ်ဘူးလို့ ထင်မြင်မိတယ်။ ရှင်းရှင်းပြောရရင် “လူတွေ ဖောက် ပြန်လို့ ကမ္ဘာကြီး ဖောက်ပြန်ခဲ့တာ။ လူတွေ ဖျက်ဆီးလို့ ကမ္ဘာကြီး ပျက်စီးခဲ့တာ” ပါပဲ။ ကမ္ဘာကြီးသာ ပျက်စီးခဲ့ ရင် လူသားမျိုးနွယ်စုတွေလည်း ပျက်စီးသွားရမှာပဲ။ ဒါကို မေ့မထားကြပါနဲ့။

လက်ရှိ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ကမ္ဘာ့အခြေအနေဟာ တော်တော်ဆိုးရွားနေပါပြီ။ ပြီးခဲ့တဲ့ ဇွန်လက ကမ္ဘာ့ဥရောပ နိုင်ငံတွေမှာ မှတ်တမ်းတင်ထားသမျှ အမြင့်ဆုံး ဇွန်လအပူချိန်ထက် မြင့်တက်ခဲ့တယ်။ အဲဒီအချိန်မှာပဲ အာရှနိုင်ငံအချို့မှာ ရေကြီးနစ်မြုပ်မှု၊ မြေပြိုမှု ဖြစ်ပွားပြီး လူတွေ သေဆုံးနေတယ်။ နောက်ပြီး တစ်ချို့နေရာတွေမှာ အပူလိုင်းဖြတ်ပြီး ရေရှားပါးပြတ်လပ်မှုတွေ ဖြစ်ပေါ်နေခဲ့တယ်။ မုန်တိုင်းကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုတွေလည်း ကြုံနေရတယ်။ ဒီကြားထဲ တောမီးကလည်း လောင်လိုက်သေး၊ ငလျင်ကလည်း လှုပ် လိုက်သေးတယ်။ သဘာဝဘေးအန္တရာယ်တွေထဲမှာ ကမ္ဘာကြီးဟာ တစ်စစီ ဖြစ်လုမတတ် ခံစားနေရတယ်။ ရာသီဥတုရဲ့ ပြောင်းလဲပုံတွေက အရမ်းကို ထူးခြား သိသာလွန်းခဲ့တယ်။ နိုင်ငံတစ်တည်းမှာပဲ ရေကြီးတယ်။ တောမီး လောင်တယ်။ မုန်တိုင်းတိုက်တယ်။ ရေရှားပါးပြတ်လပ်တယ် အစရှိတဲ့ သဘာဝဘေးတွေ ဆက်တိုက် (သို့မဟုတ်) တစ်ချိန်တည်း ဖြစ်နေခဲ့တယ်။ ဒါတွေကို မြန်မာနိုင်ငံအနေနဲ့ ကြည့်ရင်တော့ ထူးဆန်းအံ့သြစရာ၊ ထိတ်လန့်ကြောက်ရွံ့စရာတွေပေါ့။ ဟုတ်တာပေါ့၊ မြန်မာနိုင်ငံမှာ အဲဒီလိုတွေမှ မဖြစ်ခဲ့ဖူးတာလေ။

မြန်မာနိုင်ငံမှာက ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေး အန္တရာယ်နဲ့ပတ်သက်ရင် သိပ်ပြီး ကြောက်လန့် စရာ၊ စိုးရိမ်စရာလို့ ယူဆခဲ့တာ မတွေ့ရဘူး။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းမှာ လူတွေ သိန်းချီသေဆုံး၊ ဘဝပျက်၊ အနာဂတ်မဲ့တော့မှပဲ ရာသီဥတု ပြောင်းလဲနေတာ၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးနေတာကို ရပ်ဖမ်းသံဖမ်း သိလာခဲ့ကြတယ်။ ဒါတောင် လက်တစ်ဆုပ်စာ အသိုင်းအဝိုင်းလေးကပဲ သိတာပါ။ အဲဒီထဲမှာတောင် ဒီဖြစ်စဉ် တွေကို ခုတုံးလုပ်ပြီး စီးပွားရှာနေတဲ့သူတွေက ရှိနေသေးတယ်။ အဲဒီလူတွေကြောင့်ပဲ ပြည်သူတွေဟာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးတွေနဲ့ ဝေးခဲ့တယ်။ “မုန်တိုင်းတိုက်ရင် တိုက် တယ်။ ရေကြီးရင် ကြီးတယ်။ ရေရှားရင် ရှားတယ်။ အပူချိန်မြင်းမားရင် မြင့်မားတယ်။ လူတွေ သေရင် သေ တယ်” ဆိုတဲ့ အသိဉာဏ်လောက်နဲ့ပဲ ဘဝလမ်းကို လျှောက်နေကြတယ်။ အသက်ရှင်သန်ဖို့အတွက် ရုန်းကန် နေကြရတယ်။ ဒီတော့ သူတို့ဟာ ရာသီဥတုတွေ၊ သဘာဝ ပတ်ဝန်းကျင်တွေ ပျက်နေလား၊ ကောင်းနေလား မသိတော့။ စိတ်မဝင်စားတော့။ ပြည်သူတွေကတော့ ပြောတဲ့သူ ရှိမှသိမှလေ။ ဒါတောင် သိအောင် ပြောတတ် ဦးမှ။ အဲဒီလို ပြည်သူတွေ သိအောင် နိုင်င့တော်အစိုးရက ဦးဆောင် လုပ်ရမှာ မဟုတ်လား။ ခက်တာက အစိုးရ ကိုယ်တိုင်က အဲဒီကိစ္စကို စိတ်မဝင်စားတာပဲ။ အပေါ်ယံလောက်ပဲ ဝတ်ကျေတန်းကျေ ဆောင်ရွက်နေတာပဲ။ အဲဒါကြောင့်ပဲ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးခဲ့ပြီ။ ရာသီဥတုတွေ ပြောင်းခဲ့တယ်။

မြန်မာနိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုနဲ့ ရာသီဥတုပြောင်းလဲမှုက သိသာထင်ရှားလွန်းခဲ့တယ်။ နေရာကွက် မိုးကြီးပြီး ရေကြီးနစ်မြုပ်တာတွေ၊ အပူချိန် မြင့်မားပြီး ရေရှားပါးပြတ်လပ်တာတွေဟာ တစ်နှစ်ထက် တစ်နှစ် ပိုမိုပြင်းထန်လာခဲ့တယ်။ ဒီအတွက် ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေ၊ အဖွဲ့အစည်းတွေက ကာကွယ်ဖို့ တားဆီးဖို့၊ ထိခိုက်ပျက်စီး ဆုံရှုံးမှုတွေ လျှော့ချဖို့ ပြောဆိုခဲ့ကြတယ်။ လုပ်နိုင်သလောက်လည်း လုပ်ခဲ့ကြတယ် လို့ ထင်ရတယ်။ နိုင်ငံတော် အစိုးရကလည်း ပြောဆို လုပ်ကိုင်တာတွေ ရှိခဲ့တယ်။ ဒါပေမယ့် လက်တွေ့ ထိ ရောက်မှုကတော့ မရှိသလောက်ပါပဲ။ ဖြစ်စဉ်တွေက သူ့အချိန်ကျရင် ဖြစ်မြဲဖြစ်နေတဲ့အပြင် ပိုမိုကြီးမား ပြင်း ထန်လာတွေ့ရတယ်။ လက်တလော အခြေအနေကိုလည်း ကြည့်ပါဦး။ မြန်မာနိုင်ငံမှ ဟုတ်ရဲ့လားလို့ ထင်ရ လောက်အောင် အံ့သြမိတယ်။ နောက်တော့ ထိတ်လန့်တုန်လှုပ်သွားမိတယ်။ အဲဒီဖြစ်စဉ်တွေထဲကမှ ဥပမာ အနည်းငယ် ဆွဲထုတ်ပြချင်ပါတယ်။

အခုလအတွင်းမှာပဲ ကချင်ပြည်နယ် မြစ်ကြီးနား၊ တနိုင်း၊ ဆင်ဘို၊ ဝိုင်းမော်၊ ဗန်းမော်၊ ရွှေကူ၊ ဆော့ လော်၊ နောင်မွန်းမြို့နယ်တွေမှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး ပြည်သူတွေ ရေဘေးသင့်ခဲ့ရတယ်။ စိုက်ပျိုးရေး လုပ်ငန်းတွေ ထိခိုက်ခဲ့တယ်။ အခြေခံပညာကျောင်းတွေ ပိတ်ထားခဲ့ရတယ်။ အဲဒီအချိန်မှာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းတွင် မိုးရွာသွန်းမှုနည်းပါးတဲ့အတွက် ဒေသခံတောင်သူအများစုမှာ မိုးစပါးစိုက်ပျိုးရေ မလုံလောက်ခဲ့ဘူး။ ဒါကြောင့် မိုးရွာစေဖို့ မနှင်းဆီနတ်နဲ့ မိုးခေါ်ပွဲတွေကို ရိုးရာမပျက် လုပ်ဆောင်ခဲ့ကြတယ်။ ဒါဟာ ပြင်းထန်တဲ့ ရာသီပြောင်းလဲမှုပါပဲ။ ပြည်နယ်တစ်ခုတည်းမှာပဲ ရေကြီးတာနဲ့ ရေမလုံလောက်တာတွေ တစ်ပြိုင်နက်တည်း ဖြစ်နေခဲ့တာ မဟုတ်လား။ အဲဒီလိုပဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ခန္တီးနဲ့ ကသာမြို့ နယ်တွေမှာ ရေကြီးမှုကြောင့် ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်ကိုင်းဒေသကြီးအောက်ပိုင်း ယင်းမာပင် ခရိုင် ပုလဲမြို့နယ်မှာ သောက်သုံးရေ ရှားပါးပြတ်လပ်မှုတွေ ဖြစ်ပေါ်နေခဲ့တယ်။ ရေဘေးသင့်တဲ့နေရာက ပြည်သူတွေ ဒုက္ခရောက်ရသလို ရေရှားပါးတဲ့ဒေသက ပြည်သူတွေကလည်း ဒုက္ခရောက်ခဲ့ကြရတယ်။

နောက်ပြီး အခုနှစ် ပခုက္ကူဒေသမှာ မိုးခေါင်တဲ့အတွက် မိုးဦးသီးနှံ နှမ်း၊ မြေပဲနဲ့ ပဲတီစိမ်း စိုက်ခင်းတွေ ပျက်စီးခဲ့ရတဲ့အပြင် ဒေသခံတောင်သူတွေအတွက် နွားစာ ပြတ်လပ်မှုတွေ ကြုံတွေ့နေရတယ်။ ဧရာဝတီတိုင်း ဒေသကြီးမှာ မိုးရွာသွန်းပေမယ့်လည်း ပုသိမ်ခရိုင် ရေကြည်မြို့နယ်အတွင်းမှာ မိုးရွာသွန်းမှု အားနည်းတဲ့အတွက် တောင်သူတွေဟာ လယ်ယာ ထွန်ယက်စိုက်ပျိုးဖို့ ရေမလုံမလောက်ဖြစ်နေတယ်။ အဲဒါကြောင့် မိုးတွင်းကြီးမှာပဲ ရေတင်စက်တွေနဲ့ ရေရရှိရေးဆောင်ရွက်နေကြရတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် လယ်ယာစိုက်ပျိုးတဲ့ တောင်သူတွေဟာ အကျိုးအမြတ် မသိရသေးခင်မှာပဲ အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့အခြေအနေ ဖြစ်နေခဲ့တယ်။ တောင်သူတွေအတွက် ရာသီဥတုပြောင်းလဲမှု လွန်ကဲတာဟာ ကြောက်စရာအကောင်းဆုံး အန္တရာယ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ တောင်သူတွေရဲ့အန္တရာယ်ဟာ နိုင်ငံတော်ရဲ့အန္တရာယ်၊ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အန္တရာယ်ပါပဲ။ အထူးသတိထား ကာကွယ်တိုက်ဖျက်ဖို့ လိုပါလိမ့်မယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံအစိုးရအနေနဲ့ ဖြေရှင်းရမယ့် ပြဿနာတွေ တော်တော်လေး များပြားနေပါ တယ်။ အဲဒီပြဿနာတွေကို ဖြေရှင်းရင်း ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဘေး အန္တရာယ်တွေကို မေ့မထားဖို့တော့ လိုပါလိမ့်မယ်။ ပြောလို့သာပြောရတာပါ။ နိုင်ငံတော်အစိုးရဆီမှာ ရာသီဥတု ပြောင်းလဲမှု၊ သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှု၊ သဘာဝ ဘေးအန္တရာယ်တွေနဲ့ပတ်သက်ပြီး နိုင်ငံတကာ ကတိ ကဝတ်တွေ၊ သဘောတူညီချက်တွေ၊ မူဘောင်တွေ၊ စီမံချက်တွေ၊ စီမံကိန်းတွေတော့ ရှိပါလိမ့်မယ်။ အကောင် အထည်ဖော်ရင်လည်း ဖော်နေလိမ့်မယ်။ ဒါပေမယ့် ထိထိရောက်ရောက် မဖြစ်သေးတာကြောင့် လက်ရှိ ရာသီ ဥတု ပြောင်းလဲမှုကို မဟန့်တားနိုင်သေးဘူးလို့ သုံးသပ်ရမှာပါ။ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် မြန်မာနိုင်ငံ အနေနဲ့လည်း ကမ္ဘာ့နိုင်ငံတွေ နည်းတူ ရာသီဥတုပြောင်းလဲမှုနဲ့ နောက်ဆက်တွဲ ဘေးအန္တရာယ်တွေကို ခံစားရ တော့မှာ ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံဟာ ဘယ်လောက်ပဲ ချမ်းသာနေပါစေ၊ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးအန္တရာယ် တွေကိုသာ ပြင်းပြင်းထန်ထန် ခံစားရမယ်ဆိုရင် မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြတ်အတွင်း ‘သူများ ပေးစာကမ်းစာ’ စားရတဲ့ နိုင်ငံအဖြစ် ရောက်သွားမှာပါ။ သဘာဝဘေးအန္တရာယ်နဲ့ ကြုံတွေ့ရတဲ့ နိုင်ငံတွေဟာ ဖြစ်ပွားနေစဉ်မှာ ထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေနဲ့ ကြုံရသလို နောက်ပိုင်းကာလတွေမှာလည်း ပြန်လည်ထူထောင်ရေးအတွက် ခက် ခက်ခဲခဲ ရုန်းကန်ကြရတယ်။ ငွေကြေးတွေ ဆုံးရှုံးကြရတယ်။ ချမ်းသာတဲ့ နိုင်ငံဆိုရင် တော်သေးတာပေါ့။ ဆင်ပိန်ရင် ဆိတ်လောက်တော့ ကျန်ဦးမယ်။ အစကတည်းက ဆင်းရဲတဲ့နိုင်ငံဆိုရင်တော့ ဆင်းရဲတွင်းမှာ နစ်ပြီး ရင်း နစ်ရင်း ဖြစ်နေပါလိမ့်မယ်။ ဒီဖြစ်စဉ်တွေကနေ ကျော်လွှားနိုင်ဖို့ဆိုရင် ရာသီဥတုပြောင်းလဲမှုကို ဟန့်တား နိုင်ဖို့ လိုပါလိမ့်မယ်။ ရာသီဥတု ပြောင်းလဲမှုကို ဟန့်တားဖို့အတွက် အဓိက လုပ်ရမှာကတော့ ပျက်စီးနေတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့နဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်တဲ့ လုပ်ငန်းတွေကို မလုပ်ဖို့ပါပဲ။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်တဲ့ နေရာမှာလည်း ရာသီဥတုပြောင်းလဲမှုကို တိုက်ရိုက် ဟန့် တားနိုင်တဲ့ကဏ္ဍတွေကို ဦးစားပေးပြီး ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုပါတယ်။

အချုပ်ဆိုရရင်တော့ ရာသီဥတုပြောင်းလဲမှုဟာ မြန်မာနိုင်ငံကို သိသိသာသာ ခြိမ်းခြောက်နေပြီ။ ထိခိုက် မှုတွေကိုလည်း စတင်ဖြစ်ပေါ်စေခဲ့ပြီ။ ဒါကြောင့် နိုင်ငံတော်အစိုးရရော၊ အဖွဲ့အစည်းတွေရော၊ ပြည်သူတွေရော မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ လူသားတွေအနေနဲ့ ရာသီဥတုပြောင်းလဲမှုကို လျှော့မတွက်ဖို့နဲ့ အထူးသတိထား ကာကွယ်တိုက်ဖျက်ဖို့ အရေးတကြီးလိုအပ်နေပါပြီ။ ဒါဟာ ကမ္ဘာကြီးမပျက်စီးဖို့၊ မြန်မာနိုင်ငံ မပျက်စီးဖို့၊ လူသား မျိုးနွယ်စုတွေ မပျက်စီးဖို့အတွက် လူသားတိုင်းမှာ တာဝန်ရှိပါတယ်။ လူသားတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။

ရွှေလက်

About The Author

greenness_mm

No Comments

Leave a Reply