လေထုညစ်ညမ်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

လေထုညစ်ညမ်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

(၁)
ရန်ကုန်မြို့နယ် ၆ မြို့နယ်ရှိ နေရာ ၉ နေရာတွင် လေထုညစ်ညမ်းမှုတိုင်းတာမှုအရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ချုပ်(WHO) ၏ စံသတ်မှတ်ချက်ထက်ကျော်လွန်ပြီး လေထုညစ်ညမ်းနေကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက် ရသည်။ လေထုညစ်ညမ်းမှုကို စက်မှုဇုန်နေရာများ၊ ယဉ်ကြောသွားလာမှုများသည့်နေရာများဖြစ်သော ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ၊ စမ်းချောင်းမြို့နယ် မြေနီကုန်းလမ်းဆုံ၊ ကျောက်တံတားမြို့နယ် ဆူးလေ လမ်းဆုံ၊ ကြည့်မြင်တိုင်မြို့နယ်၊ မင်္ဂလာဒုံစက်မှုဇုန်၊ တာမွေမြို့နယ်၊ လှိုင်သာယာမြို့နယ်များတွင် စိမ်းလန်း အမိမြေ အသင်းကတိုင်းတာခဲ့ခြင်းဖြစ်သည်။ စိမ်းလန်းအမိမြေအသင်းသည် လေထုညစ်ညမ်းမှုတိုင်းတာခြင်းကို ၂၀၁၆ ခုနှစ် စက်တင်ဘာနှင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း ပြုလုပ်ခဲ့သည်။ ထိုသို့တိုင်းတာခဲ့သော နေရာများ အနက် ကြည့်မြင်တိုင်မြို့နယ်သည် လေထုညစ်ညမ်းမှု အမြင့်ဆုံးဖြစ်နေသည်။ ယင်းနေရာများတွင် လေထုညစ် ညမ်းမှုကို ဖြစ်ပေါ်စေသည့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင် အောက် ဆိုက် စသည့်ဓာတ်ငွေ့များသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်၏ သတ်မှတ်စံနှုန်းထက် မြင့်မားနေခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါသတင်းကို ဖတ်မိပြီး ရွှေလက် အံ့သြသွားမိသည်။ မြန်မာနိုင်ငံတွင် လေထုညစ်ညမ်းနေသည် ဟု မထင်မိသည့်အတွက် အံ့သြရခြင်းဖြစ်သည်။ ရွှေလက်က နေ့စဉ်နှင့်အမျှ ပြည်တွင်းပြည်ပ သတင်းများကို ဖတ်သည်။ ကိုယ့်အတွက် အသုံးဝင်မည့်အချက်အလက်များ၊ အထူးသဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကို စုဆောင်းသည်။ မျှဝေသင့်သည်များကို မျှဝေသည်။ ထိုအထဲတွင် မြန်မာနိုင်ငံလေထု ညစ်ညမ်းမှုနှင့်ပတ်သက်ပြီး ပြောဆိုသည်များရှိသော်လည်း ယခုကဲ့သို့ ဆိုးရွားသောအခြေအနေမဟုတ်ပေ။ ယခုတော့ နေရာ ၉ နေရာတွင် တိုင်းတာမှုအရ ၄င်းနေရာ ၉ နေရာစလုံးတွင် လေထုညစ်ညမ်းနေခြင်းဖြစ်သည်။ အခြားနေရာများကို ဆက်လက်တိုင်းတာလျှင်လည်း လေထုညစ်ညမ်းနေသည့်အဖြေကိုပဲ ရမည်ထင်သည်။ လေထုညစ်ညမ်းမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအတွက် သတိပြုရမည့်အခြေအနေဖြစ်သည်ဟု ရွှေလက် ဆိုချင် ပါသည်။
(၂)
လေထုညစ်ညမ်းမှုသတင်းများကို နိုင်ငံတကာသတင်းစာမျက်နှာများတွင် မကြာခဏတွေ့နေရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်ကပင် နယူးဒေလီမြို့၏ လေထုညစ်ညမ်းမှုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ် ထားသော အန္တရာယ်ကင်းမှုပမာဏထက် အဆ ၇၀ ကျော် မြင့်မားခဲ့ကြောင်း၊ အစိုးရက အခြေခံပညာကျောင်း အားလုံးကို ပိတ်ထားရန် ညွှန်ကြားခဲ့ကြောင်း သတင်းတစ်ပုဒ်လိုက်ရသည်။ အိန္ဒိယဆရာဝန်အသင်းကလည်း ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေကြေညာခဲ့ပြီး လေထုညစ်ညမ်းမှုလျှော့ချရေးဆောင်ရွက်ရန် အာဏာ ပိုင်များကို တိုက်တွန်းခဲ့သည်။ နယူးဒေလီသည် တစ်နှစ်ထက်တစ်နှစ် လေထုညစ်ညမ်းမှုမြင့်တက်လျှက်ရှိပြီး လက်ရှိတွင် ကမ္ဘာပေါ်၌ လေထုညစ်ညမ်းမှုအမြင့်မားဆုံးအနေအထားသို့ပင် ရောက်ရှိနေခဲ့ပြီဖြစ်သည်။ လေထုညစ်ညမ်းမှုသည် စက်မှုထွန်းကားသည့်နိုင်ငံများတွင် အဖြစ်များသည်။ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံ များဖြစ်သည့် အိန္ဒိယနှင့်တရုတ်နိုင်ငံတို့သည် ကမ္ဘာတွင် လေထုညစ်ညမ်းမှု အဆိုးရွားဆုံးနိုင်ငံများဖြစ်နေသည်။
ပြီးခဲ့သည့်အောက်တိုဘာ ၂၇ ရက်ကပင် ပေကျင်းမြို့အပါအဝင် တရုတ်နိုင်ငံမြို့ကြီးအချို့တွင် မီးခိုးမြူများ ဖြစ်ပေါ်ခဲ့သောကြောင့် သတိပြုသွားလာရန် ကြေညာချက် ထုတ်ပြန်ခဲ့သေးသည်။ မီးခိုးမြူများကြောင့် လေထု၏ အရည်အသွေးသည် ကျန်းမာရေးနှင့်မကိုက်ညီသည့်အခြေအနေသို့ရောက်ရှိလာသဖြင့် ဆောက်အအုံပြင်ပတွင် သွားလာလှုပ်ရှားမှုများပြုလုပ်မည်ဆိုပါက နှာခေါင်းနှင့်ပါးစပ်ကို ဖုံးအုပ်နိုင်မည့်မျက်နှာဖုံးများ တပ်ဆင်ကြရန် တိုက်တွန်းခဲ့သည်။ မီးခိုးမြူ ဖြစ်ပေါ်သည့်အခြေအနေမှာ အနီရောင်အဆင့်ကို ရောက်ရှိခြင်းမရှိသော်လည်း သတိပြုရမည့်အဆင့်ကို ရောက်ရှိခဲ့သည်။ တရုတ်နိုင်ငံသည် လေထုညစ်ညမ်းမှုနှင့်ပတ်သက်ပြီး မကြာခဏ သတင်းထုတ်ပြန်နေရသည့် နိုင်ငံဖြစ်ပြီး အချို့မြို့များတွင် နေရောင်ခြည်နှင့် သစ်ပင်စိမ်းများကိုပင် တွေ့ရရန် အလွန်ခဲယဉ်းလှသည်။
(၃)
လေထုညစ်ညမ်းမှုသည် စက်မှုလက်မှုလုပ်ငန်း၊ စွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်း၊ မြေယာအသုံးချလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ ဓာတုစွန့်ပစ်ပစ္စည်း ထုတ်လွှတ်သည့်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ အိမ်တွင်းမှုလုပ်ငန်း စသည့်လုပ်ငန်းများမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ တရုတ်နှင့် အိန္ဒိယနိုင်ငံသည် လူဦးရေ များပြားသည့်ပြင် စက်မှုထွန်းကားဖွံ့ဖြိုးတိုးတက်ရေးကို အလွန်အမင်းလုပ်ဆောင်ခဲ့သောကြောင့် လေထု ညစ်ညမ်းမှုကို အဆိုးရွားဆုံးကြုံတွေ့နေရခြင်းဖြစ်သည်။ လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ဇီဝမျိုးစုံမျိုးကွဲများ၊ အခြေခံအဆောက်အအုံများ၊ ရေအရင်းအမြစ်နှင့် ရာသီဥတုများအပေါ် ထိခိုက် ပျက်စီးစေသည်။
လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူပေါင်း ၃ သန်းနီးပါး သေဆုံးနေရကြောင်း မှတ်သားခဲ့ရဖူးသည်။ ၂၀၁၅ ခုနှစ် လေ့လာမှုအသစ်တစ်ခုထဲတွင်လည်း တရုတ်နိုင်ငံ လေထုညစ်ညမ်းမှုကြောင့် တစ်ရက်ကို လူ ၄၀၀၀ ကျော် သေဆုံးနေရကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံတွင် အချိန်မတိုင်မီ သေဆုံးသူ ခြောက်ဦးအနက် တစ်ဦးသည် လေထုညစ်ညမ်းမှုကြောင့်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် နှလုံး၊ အဆုတ်နှင့် လေသင်တုန်းဖြတ်သည့် ရောဂါများကြောင့် တစ်နှစ်ကို သေဆုံးသူဦးရေ ၁ ဒသမ ၆ သန်းရှိကြောင်း ဘာကလေ ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ရူပဗေဒပညာရှင်များက တွက်ချက်ခဲ့ကြသည်။ တရုတ်နိုင်ငံတွင် ၂၀၀၈ ခုနှစ် မှစပြီး လေထုညစ်ညမ်းမှု မြင့်တက်လာသဖြင့် ၂၀၁၆ခုနှစ် အစပိုင်းမှာပင် လေသန့်ဗူးများပင် ဝယ်ယူအသုံးပြုခဲ့ရ သည်ဟူသောသတင်းများကို ကြားခဲ့ရသည်။ တရုတ်နိုင်ငံသည် စက်မှုဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်သော်လည်း ဖွံ့ဖြိုးတိုးတက်မှုလုပ်ဆောင်ရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ လူမှုဘဝပတ်ဝန်းကျင်ထိခိုက်မှုတို့ကို လစ် လျူရှုခဲ့သောကြောင့် ယနေ့တွင် အဆိပ်သင့်လေများကို ရှူရှိုက်နေကြရခြင်းဖြစ်သည်ဟု ရွှေလက်ယူဆမိပါ ဘသည်။ ထိုအဖြစ်အပျက်ကို မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နေကြသည့်နိုင်ငံတိုင်း သတိပြုရန်လိုအပ်ပါသည်။
(၄)
ရွှေလက်တစ်ယောက် စိမ်းလန်းအမိမြေအသင်း၏ ရန်ကုန်မြို့နှင့်ပတ်သက်သော လေထုညစ်ညမ်းမှု သတင်းကို ဖတ်မိပြီး လေထုညစ်ညမ်းမှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ လိုက်ဖတ်နေမိသည်။ တစ်နေရာအရောက်တွင် ရွှေလက် လန့်သွားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်များအရ အာဆီယံ မြို့တော် ၁ဝမြို့တွင် အမှုန်အမွှားပျံ့နှံ့မှု အမြင့်ဆုံးအဖြစ် မြန်မာနိုင်ငံကို တွေ့ရပြီး အရှေ့တောင်အာရှဒေသတွင် လည်း လေထုညစ်ညမ်းမှုအမြင့်ဆုံးဖြစ်ကြောင်း တွေ့လိုက်ခြင်းဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက် အလက်များအရ မြန်မာနိုင်ငံ၏ မြို့ ၁၄ မြို့တွင် တစ်နှစ်အတွင်း ရှိရမည့် PM 10 အဆင့် သတ်မှတ်ချက်နှင့် ကိုက်ညီသောမြို့ မရှိခဲ့ကြောင်း၊ ၄င်းမြို့ ၁၄ မြို့ထဲမှ ၆ မြို့၏ PM10 အဆင့်သည် တရုတ်နိုင်ငံ ဘေဂျင်းမြို့ထက်ပင် များနေကြောင်း သိရသည်။ Global Burden of Disease စီမံကိန်း၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်အတွင်း လေထုညစ်ညမ်းမှုကြောင့်ဖြစ်သော အဆုတ်ကင်ဆာ၊ လေဖြတ်ခြင်း၊ နှလုံးရောဂါများကြောင့် အချိန်မတိုင်မီ သေဆုံးရသူဦးရေသည် နေ့စဉ် ၄၅ ဦးခန့်ရှိနိုင်ကြောင်း ခန့်မှန်းခဲ့သည်။ ယခုအချက်အလက်များ နှင့် စိမ်းလန်းအမိမြေအသင်း၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ၏ လေထုညစ်ညမ်းမှုအနေအထားသည် စိုးရိမ်ရသည့်အနေအထားသို့ရောက်ရှိနေပြီဟု ဆိုရမည်ဖြစ်သည်။
ထို့ကြောင့် လေထုညစ်ညမ်းမှုနှင့်ပတ်သက်ပြီး အစိုးရအနေဖြင့် အေးအေးဆေးဆေး လုပ်နေ၍ မရတော့ ပေ။ အချက်အလက်များကို အတိအကျသိရှိရန် လေထုညစ်ညမ်းမှုတိုင်းတာခြင်းများကို စနစ်တကျလုပ် ဆောင်ပြီး လူထုကို အသိပေးရမည်။ အိန္ဒိနိုင်ငံနှင့် တရုတ်နိုင်ငံများကဲ့သို့ လေထုညစ်ညမ်းမှုဆိုးရွားသို့ အခြေ အနေသို့မရောက်ခင်မှာပင် လေထုညစ်ညမ်းမှုများကို ထိန်းချုပ်ရမည်။ ပြီးလျှင် လျှော့ချရမည်ဖြစ်သည်။ လေထု ညစ်ညမ်းမှုသည် ကျောက်မီးသွေး စွမ်းအင်အသုံးပြုခြင်း၊ ရေနံစွမ်းအင် အသုံးပြုခြင်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အဆောက်အအုံဖြိုချခြင်းလုပ်ငန်းများ၊ စိုက်ပျိုးမြေများ ထွန်ယက်ခြင်း၊ ကျွဲ နွား တိရစ္ဆာန်များ မွေးမြူခြင်း၊ စွန့်ပစ်ပစ္စည်းအမျိုးမျိုးစွန့်ပစ်ခြင်း၊ ကုန်လမ်း၊ ရေလမ်းနှင့် လေကြောင်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သောကြောင့် ထိုလုပ်ငန်းများတွင် ဓာတ်ငွေ့ထုတ်လုပ်မှုများ ကို နည်းပညာအသုံးပြုပြီး လျှော့ချရမည်။
အထူးသဖြင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကဲ့သို့ လေထုညစ်ညမ်းမှုကို ဆိုးဆိုး ရွားရွားဖြစ်ပေါ်စေသည့်လုပ်ငန်းများကို လက်မခံဘဲ လေထုညစ်ညမ်းမှုနည်းပါးသည့် လုပ်ငန်းများနှင့် အစားထိုး လုပ်ဆောင်ရန် လိုပါသည်။ အစိုးရအနေဖြင့် လေထုညစ်ညမ်းမှု ပိုမိုဖြစ်ပေါ်စေသည့်လုပ်ငန်းများကို စနစ်တကျ ထိန်းချုပ်ပြီးလျှင် လေထုညစ်ညမ်းမှုလျှော့ချရေးအတွက် သစ်ပင်စိုက်ပျိုးမှုများကိုလည်း သာမန်ထက်ပိုမို လုပ် ဆောင်သင့်ပါသည်။ လက်ရှိမြန်မာနိုင်ငံတွင် ကားအစုတ်များ၊ စက်ရုံအစုတ်များကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေသည်ဟု ရွှေလက်ယူဆပါသည်။ ထိုအချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် လေထုညစ်ညမ်းမှုကို လျှော့ချရန်မကြိုးစားဘဲ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့် ကျောက်မီးသွေးစက်ရုံများကို တည်ဆောက် မည်ဆိုပါက အနာဂတ်ကာလတွင် မြန်မာနိုင်ငံသည်လည်း အိန္ဒိယနှင့် တရုတ်နိုင်ငံများကဲ့သို့ လေထုညစ်ညမ်းမှု များနှင့် ဆိုးဆိုးရွားရွား ရင်ဆိုင်ရတော့မည်ဟု အသိပေးလိုက်ချင်ပါသည်။ ။

ရွှေလက်
2017

Photo #crd

 

About The Author

greenness_mm

No Comments

Leave a Reply