လျှပ်စစ်ရရှိရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကိုသာရည်ရွယ်သည်ဆိုလျှင်

လျှပ်စစ်ရရှိရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကိုသာရည်ရွယ်သည်ဆိုလျှင်

(၁)

“အစိုးရကလုပ်ချင်တာတစ်ခုတည်းပဲရှိတယ်။ သူတို့ကကျောက်မီးသွေးကောင်းကြောင်းပဲပြောသွားပါတယ်။ လျှပ်စစ်ထုတ်ရင် အကုန်အကျသက်သာမယ်ပေါ့။ မီးအားလည်းအပြည့်အဝရရှိမယ်လို့ ပြောသွားတယ်။ ကျောက်မီးသွေးရဲ့ဆိုးကျိုးကိုတစ်ခွန်းမှမပြောဘူး။ လူထုကကျောက်မီးသွေးမကောင်းမှန်းသိထားပါတယ်။ တစ်ခုခုဖြစ်ရင် ချက်ခြင်းစက်ရုံပိတ်ပေးနိုင်ပါ့မလား။ ဒေသခံတွေရဲ့နစ်နာမှုအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့လည်း ကြားဝင်ဖြေရှင်းပေးတာမရှိပါဘူး။ သူတို့နဲ့ တစ်ခါပဲတွေ့ဆုံရသေးပါတယ်။စီမံကိန်းနဲ့ပက်သက်ပြီးသူတို့ကမရမကလုပ်မယ်ဆိုရင် ကျွန်တော်တို့ကလည်းမရရတဲ့နည်းနဲ့ကန့်ကွက်ပါမယ်။ နောက်ဆုံးမရဘူးဆိုရင် ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ဖို့ အစီအစဉ်ရှိပါတယ်”
ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမမှာကျင်းပခဲ့တဲ့ မြန်မာအစိမ်းရောင်ကွန်ရက်ရဲ့ (၆) ကြိမ်မြောက် တွေ့ဆုံပွဲမှာစာရေးသူကြားသိခဲ့ရတဲ့ ဒေသခံတစ်ဦးရဲ့ စကားသံဖြစ်ပါတယ်။ သူကဒီစကားတွေကိုဒေါသနဲ့ ပြောနေတာမဟုတ်ပါဘူး။ စိုးရိမ်ဝမ်းနည်းစိတ်တွေနဲ့ ပြောနေတယ်ဆိုတာ သူ့မျက်ဝန်း၊ သူ့အမူအယာ၊ သူ့စကားသံတွေကသက်သေပြနေပါတယ်။စာရေးသူလည်းသူ့စကားသံကိုနားထောင်ရင်းတစ်စုံတစ်ရာကိုလက်လွတ် ဆုံးရှုံးရတော့မယ့် စိတ်မျိုးနဲ့ ကြေကွဲမိတယ်။ တကယ်တော့ အစိုးရကကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံစီမံကိန်းကိုမရမကလုပ်မယ်ဆိုရင် သူတို့ဘယ်လိုမှ တားဆီးနိုင်မှာမဟုတ်ဘူးလို့ စာရေးသူတွေးမိတိုင်းအလွန် စိတ်မကောင်း ဖြစ်မိပါတယ်။ ဒီလိုနဲ့ပဲဒေသခံတွေဟာနာမည်နဲ့လိုက်အောင် ဒေသမှာ ဖြစ်ပျက်သမျှ အားလုံးကိုလည်စင်းခံကြရဦးမယ်လေ။

(၂)

မြန်မာပြည်မှာကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းတွေ တည်ဆောက်ဖို့ရှိတယ်လို့ သတင်းတွေ ကြားကတည်းက သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်တွေ၊ အဖွဲ့အစည်းတွေ၊ ဒေသခံတွေကကန့်ကွက်ခဲ့ကြတာပါ။ ပညာရှင်တွေဆိုရင် အချက်အလက်အထောက်အထားခိုင်ခိုင်မာမာနဲ့ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းတွေ မြန်မာပြည်မှာတည်ဆောက်ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုပြီးအကြိမ်ကြိမ် ကန့်ကွက်ခဲ့ကြတယ်။ ဒေသခံပြည်သူတွေကလည်းအကြိမ်ကြိမ်ဆန္ဒပြ ကန့်ကွက်ခဲ့ကြတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်ကဆောင်ရွက်ဖို့စီစဉ်ခဲ့တဲ့ ကျောက်မီးသွေးစက်ရုံစီမံကိန်း (၁၁) ခုရပ်ဆိုင်းသွားခဲ့ တယ်။ အခုအစိုးရသစ်လက်ထက်ရောက်တော့ အစိုးရအဖွဲ့အကြီးအကဲတွေ၊ NLD ပါတီအကြီးအကဲတွေကကျောက်မီးသွေးသုံးပြီး လျှပ်စစ်ထုတ်ဖို့ အသံတွေ လွှင့်ခဲ့ကြတယ်။ ပညာရှင်တွေ၊ အဖွဲ့အစည်းတွေ၊ ဒေသခံ ပြည်သူတွေကဆက်လက်ကန့်ကွက်ခဲ့ကြတယ်။
အဲဒီကာလတွေမှာလက်ရှိအစိုးရကကျောက်မီးသွေးစက်ရုံအသစ် မတည်ဆောက်ခဲ့ပေမယ့် ရပ်နားထားတဲ့ တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကိုပြန်လည်မွမ်းမံပြီးလည်ပတ်ခဲ့တယ်။ နောက်ပြီးသဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်တွေ၊အဖွဲ့အစည်းတွေ၊ဒေသခံပြည်သူတွေ ကန့်ကွက်နေချိန်မှာပဲ လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၁၂၈၀ ထုတ်လုပ်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကိုကရင်ပြည်နယ်ဝက်ကြီးကျေးရွာအုပ်စုသုံးအိမ်ကျေးရွာမှာ TTCL ကုမ္ပဏီနဲ့ ToypEnginneringCorportionတို့ပူးပေါင်းတည်ဆောက်ဖို့ ကရင်ပြည်နယ်အစိုးရနဲ့ နားလည်မှုစာချွန်လွှာရေးထိုးခဲ့ပါတယ်။ကရင် ပြည်နယ်ဝန်ကြီးချုပ်ကတော့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့ လျှပ်စစ်ရဖို့ အရေးကြီးတယ်လို့ ကြွေးကြော်ပြီးကျောက် မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးခြေလှမ်းတွေကိုရှေ့သို့ တစ်လှမ်းချင်းတိုးကပ်ခဲ့ တယ်။ဒါတွေနဲ့ပတ်သက်ပြီးစာရေးသူအကြိမ်ကြိမ် ရေးခဲ့ပြီးဖြစ်လို့ အသေးစိတ်တော့ ရေးပြမနေတော့ပါဘူး။

(၃)

ဒီနှစ် မြန်မာအစိမ်းရောင်ကွန်ရက် (၆) ကြိမ်မြောက်တွေ့ဆုံပွဲလုပ်မယ်ဆိုပြီး အစည်းအဝေးလုပ်တော့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် နေရာတစ်ခုခုမှာလုပ်ဖို့ ရွေးချယ်ခဲ့ကြတယ်။ ကရင်ပြည်နယ်ကိုပထမဦးစားပေး၊ လုပ်ခွင့်မရရင် မွန်ကဒုတိယဦးစားပေးပေါ့။ တွေ့ဆုံပွဲလုပ်ရက်ကပ်တော့မှ ကရင်ပြည်နယ်မှာလုပ်ခွင့်ရခဲ့တယ်။ မြန်မာအစိမ်းရောင်ကွန်ရက်တွေ့ဆုံပွဲကိုကရင်ပြည်နယ်မှာလုပ်မယ်ဆိုတော့ ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံကိုကန့်ကွက်ဖို့ စီစဉ်တာလို့ အားလုံးကထင်ကြမှာပါ။ တကယ်တော့ မြန်မာအစိမ်းရောင် ကွန်ရက် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမမှာတွေ့ဆုံပွဲလုပ်ခဲ့တာကျောက်မီးသွေးကိုကန့်ကွက်တယ် ဆိုတာထက် မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ဖို့၊ ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့ လျှပ်စစ်ရနိုင်မယ့်နည်းလမ်းတွေ၊ လုပ် ဆောင်ရမယ့်ကိစ္စရပ်တွေ၊ ရှောင်ကြဉ်ရမယ့်ကိစ္စရပ်တွေ၊ ပြဌာန်းရန်လိုအပ်နေတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ စသဖြင့် ဘက်ပေါင်းစုံကနေဆွေးနွေးအကြံပြုခဲ့ကြခြင်း ဖြစ်ပါတယ်။ တွေ့ဆုံပွဲရဲ့ ခေါင်းစဉ်ကိုတောင်“ မြန််မာနိုင်ငံနှင့်ကမ္ဘာ့စွမ်းအင်အကူးအပြောင်း”လို့ ပေးခဲ့တာပါ။အဲဒီတွေ့ဆုံပွဲကဆွေးနွေးချက်တွေကိုကရင်ပြည်နယ်အစိုးရအဖွဲ့ကသာလက်တွေ့အသုံးချမယ်ဆိုရင် ပြည်နယ်အတွက် အလွန်အကျိုးရှိမှာအသေအချာပဲလို့ စာရေးသူအကြံပြုချင်ပါတယ်။

မြန်မာအစိမ်းရောင်ကွန်ရက်တွေ့ဆုံပွဲမှာကရင်ပြည်နယ်ဒေသခံများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ကဏ္ဍ အလိုက်တတ်သိပညာရှင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရပ်ဖက်အဖွဲ့ အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများတက်ရောက်ခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံပွဲပြီးတော့ တက်ရောက်လာတဲ့ ပညာရှင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဒေသခံတွေစုပေါင်းပြီးသဘောထားကြေညာချက်တစ်စောင်ကိုထုတ်ပြန်နိုင်ခဲ့ပါ တယ်။ အဲဒီသဘောထားကြေညာချက်ကိုသက်ဆိုင်ရာအစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များအပါ အဝင် နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီအထိပေးပို့သွားမှာ ဖြစ်ပါတယ်။သဘောထားကြေညာချက်မှာ မြန်မာပြည်မှာ လျှပ်စစ်စမ်းအင်လုံလောက်စွာရရှိဖို့ လုပ်ဆောင်ရမယ့်အချက်တွေ၊ စွမ်းအင် ဆိုင်ရာအခြေခံမူတွေ၊ ဒေသဖွံ့ဖြိုးရေးအတွက် အကြံပြုချက်တွေ ပါဝင်ပါတယ်။ သဘောထားကြေညာချက်လို့ ဆိုပေမယ့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်တွေကိုအကြံပြုတင်ပြထားတာတွေ့ရပါတယ်။

(၄)

မြန်မာအစိမ်းရောင်ကွန်ရက်တွေ့ဆုံပွဲကျင်းပနေတဲ့အချိန်မှာပဲကရင်ပြည်နယ်ဝန်ကြီချုပ်က မြန်မာအစိမ်းရောင်ကွန်ရက် ပညာရှင်တွေနဲ့ တွေ့ဆုံဖို့တောင်းဆိုလာပါတယ်။ ဒါကြောင့် ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းမှာ မြန်မာအစိမ်းရောင်ကွန်ရက် ပညာရှင်အဖွဲ့နဲ့ ပြည်နယ်ဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့ကြပါတယ်။ ဝန်ကြီးနဲ့တွေ့ဆုံမှုကအချိန်နှစ်နာရီလောက်ကြာပါတယ်။ အဲဒီမှာ ဝန်ကြီးချုပ်ကကရင်ပြည်နယ်ရှိဒေသခံတွေ လိုလားနေတဲ့ လျှပ်စစ် ဓာတ်အားရရှိဖို့နဲ့ ဒေသဖွံဖြိုးတိုးတက်စေဖို့ ကျောက်မီးသွေးစက်ရုံစီမံကိန်းကိုလက်ခံရခြင်းဖြစ်ကြောင်း၊အခြားစီမံကိန်းတွေကလာရောက်ဆွေးနွေးပေမယ့်တွက်ချေမကိုက်တဲ့အတွက် ကျောက်မီးသွေးစီမံကိန်းကိုလက်ခံလိုက်ရခြင်း ဖြစ်တယ်။ သူကိုယ်တိုင်လည်းကျောက်မီးသွေးကိုမကြိုက်ဘူးလို့ပြောပါတယ်။ ဒါကြောင့် မြန်မာအစိမ်းရောင်ကွန်ရက်ပညာရှင်အဖွဲ့က ပြန်ပြည့်မြဲစွမ်းအင်နဲ့ လျှပ်စစ်ထုတ်ဖို့ဆန္ဒရှိရင် ကူညီဖို့ အဆင်သင့်ပဲလို့ ပြောခဲ့ပါတယ်။ မြန်မာအစိမ်းရောင်ကွန်ရက် ပညာရှင်အဖွဲ့နဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ်တွေ့ဆုံမှုအရစာရေးသူ မြင်တာလေးပြောပြချင်ပါတယ်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်ကကျောက်မီးသွေးကိုမကြိုက်ပါဘူးတဲ့။ ပြန်ပြည့်မြဲစွမ်းအင်နဲ့ ပတ်သက်တဲ့ကုမ္ပဏီတွေ လာကြပေမယ့် တွက်ခြေမကိုက်လို့ မလုပ်ချင်ဘူးတဲ့။ ဒါကြောင့် ကျောက်မီးသွေးနဲ့ လျှပ်စစ်ထုတ်ဖို့ ရွေးချယ်ခဲ့ရတာပါတဲ့။ ဒီတော့ ကျောက်မီးသွေးမသုံးဘဲ လျှပ်စစ်ထုတ်လို့ရရင် ကျောက်မီးသွေးကိုမသုံးချင်ဘူးလို့ ဆိုလိုရင်းလို့ စာရေးသူ မြင်မိပါတယ်။ အဲဒီအချိန်မှာ မြန်မာအစိမ်းရောင်ကွန်ရက် ပညာရှင် အဖွဲ့ကကရင်ပြည်နယ်မှာ ပြန်ပြည့်မြဲစွမ်းအင်နဲ့ လျှပ်စစ်ထုတ်ဖို့ ကူညီပေးချင်တယ်လို့ ဆိုလာတယ်။ သူတို့မှာနည်းပညာရှိတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေရှိတယ်။ လုပ်နိုင်မယ့် ကုမ္ပဏီလည်းရှိတယ်။ ဝန်ကြီးချုပ်အနေနဲ့ ကျောက်မီးသွေးကို ငြင်းပယ်ပြီး ပြန်ပြည့်မြဲစွမ်းအင်ကိုအသုံးပြုမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချလိုက်ဖို့ပဲလိုမယ်လို့ စာရေးမြင်မိပါတယ်။ ဒီလိုမှသာကရင်ပြည်နယ်က ပြည်သူလူထုတွေဟာကျောက်မီးသွေးအဆိပ်ဘေးကနေကင်းလွတ်ရမှာ ဖြစ်ပါတယ်။

(၅)

လက်ရှိကျောက်မီးသွေးစက်ရုံတည်ဆောက်မယ့်နေရာမှာမြေရှင်းတာတို့ ဘာတို့လုပ်နေတာဟာလုပ်ငန်းစသလို ဖြစ်နေပါတယ်။ဒါဟာ တရားမဝင်ဘူးလို့ စာရေးသူမြင်ပါတယ်။ ဘာကြောင့်လဲဆိုရင် စက်ရုံနဲ့ ပတ်သက်တဲ့ EIA ၊ SIA ၊EMP မရှိသေးဘူးတဲ့။ ဗဟိုအစို်းရရဲ့ခွင့်ပြုချက်နဲ့ လုပ်ငန်းသဘောတူမှု MOU ကိုချ ပြတာမရှိဘူး။ စီမံကိန်းလုပ်ဖြစ်ရင်ဘာတွေဖြစ်နိုင်တယ်၊ ဘယ်လိုတာဝန်ယူမယ်။ဒေသဖွံ့ဖြိုးရေးဘယ်လိုလုပ်ပေးမယ်။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ လူမှုဝန်းကျင်ထိခိုက်မှုတွေအတွက် ဘယ်လိုကုစားပေးမယ် စသဖြင့် ပြည်သူကိုပွင့်ပွင့်လင်းလင်းချပြတာမရှိဘူး။ အထူးသဖြင့် ပြည်သူသဘောမတူဘဲစီမံကိန်းကိုလုပ်နေတယ်ဆိုတာလုံးဝမဖြစ်သင့်ဘူး။ ဒေသခံပြည်သူတွေ သဘောမတူဘဲအစိုးရကစီမံကိန်းကိုဆက်လုပ်မယ်ဆိုရင် ပဋိပက္ခတွေ ပြင်းထန်လာမှာစိုးရပါတယ်။ စာရေးသူတို့တိုင်းပြည်မှာလက်ပံတောင်းဒေသလိုသင်ခန်းစာယူစရာစီမံကိန်းတွေ ရှိနေပါတယ်။ ဒီအတွက် နိုင်ငံတော်အစိုးရကိုပြောချင်တာက လျှပ်စစ်ရဖို့ လုပ်တာမှန်ရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်တာမှန်ရင် သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံပြည်သူတွေကိုထိခိုက်မှုသက်သာစေမယ့် နည်းလမ်းတွေကိုအသုံးပြုပြီး လျှပ်စစ်ထုတ်ဖို့ပဲကြိုးစားသင့်ပါတယ်လို့။ ။

မင်းချစ်နိုင်
Weekly Eleven(25.12.2017)

About The Author

greenness_mm

No Comments

Leave a Reply