ဝါးတောတွေ ထိန်းသိမ်းကြဖို့

ဝါးတောတွေ ထိန်းသိမ်းကြဖို့

ကျနော်ဟာ ဝါးတောကြီးတစ်ခုလုံး ပျောက်ဆုံးသွားတာကို ကိုယ်တွေ့ကြုံဖူးသူဖြစ်ပါတယ်။ ကျနော်တို့ငယ်ငယ်က မျှစ်ချိုး၊ မာလာဖူးချိူး၊ ကပြင်းရွက်ခူး၊ မှိုရှာရတဲ့ ဝါးတောဟာ ရွာအရှေ့ဘက်မှာရှိတာပါ။ ရွာကနေ ဆယ်မိနှစ်လောက် လမ်းလျှောက်ရင် ဝါးတောကိုရောက်ပါတယ်။
ဝါးတောဟာ လျှိုမြောင်သုံးခုရှိတဲ့နေရာမှာ နေရာအနှံ့ဝါးရုံတောတွေ ပေါက်ရောက်နေတာပါ။ ဝါးရုံပင်တွေပေါ်မှာ ရှဥ့်ကလေးတွေဟာ ဟိုခုန်သည်ကူးနဲ့ အကောင်ပေါင်းများစွာပါ။ ရှဥ်ကလေးတွေ ခုန်ကူးတာကို အတိုင်းသား မြင်နေကြရတာ သိပ်လှပါတယ်။ အိမ်အတွက် ဝါးလိုရင်လည်း အဲ့ဒီဝါးရုံတောကနေ ခုတ်ပြီး သယ်ခဲ့ရပါတယ်။
ကျနော်တို့ငယ်ငယ်က ဒီဝါးရုံတောကနေ ကစားစရာတွေရခဲ့တာကိုလည်း မမေ့နိုင်ပါ။ ပထမကစားစရာက ဝါးလှေပါ။ အလုံးကြီးတဲ့ ဝါးကိုခုတ်၊ အဆစ်နှစ်ခုပါအောင်ဖြတ်ပြီး ဝါးလှေကလေးလုပ်ကာ မြောင်းမချောင်းထဲမှာ ဆွဲခဲ့ရပါတယ်။ နောက်တစ်ခုက ” သစ်စေးဖောင်” လို့ ခေါ်တဲ့အရာပြုလုပ်ပြီး ပစ်ရတာဖြစ်ပါတယ်။ တစ်ကျပ်လုံးလောက်ရှိတဲ့ ဝါးကိုခုတ်ပြီး ဟိုဘက်ဒီဘက် ဒိုးယိုခေါင်းပေါင်ပါအောင် တစ်ပေခွဲလောက်ဖြတ်ရပါတယ်။ တစ်ကျပ်လုံးလောက်ဝါးမှာ အခေါင်းပေါက်က တစ်မူးလုံးလောက်ကျယ်ပါတယ်။ အဲ့ဒီတစ်မူးလုံးလောက် အပေါက်နဲ့ ကိုက်အောင်ဝါးတံလုပ်ရပါတယ်။ ပြီးတော့ ဝါးလုံးခေါင်းထဲ သစ်စေးသီးထဲ ဝါးတံနဲ့ အခေါင်းပေါက်ထဲ ထိုးထည့်ပြီး ခပ်ဆတ်ဆတ်ဆောင့်လိုက်ရင် ” ဖောင်း” ကနဲအသံမြည်ပြီး သစ်စေးသီးဟာ ရှေ့ဝါးခေါင်းပေါက်ကနေ ထွက်သွားပါတယ်။ ထိုက်သင့်သလောက်အရှိန်ပြင်းတာမို့ လူကိုမှန်ရင် စပ်ပါတယ်။
ရွာကလေးအတွက်တော့ ဒီဝါးရုံတောက နေပေးခဲ့တာတွေက အများကြီးပါ။ ရွာမှာ အိမ်မိုးဖို့ဆိုလည်း ဒီဝါးရုံတောက ခုတ်ရတယ်။ ခြံကာ၊ အိမ်ကာ ဖို့ဆိုလည်း ဒီဝါးရုံတောက ခုတ်ရတယ်။ ရွာကလေးအတွက် လိုအပ်သမျှ ဝါးကို ဒီဝါးတောက ပေးခဲ့တာပါပဲ။
အဲ့ဒီဝါးရုံတောဟာ ခုမရှိတော့ပါ။ ဝါးရုံတောတွေကို အားလုံးခုတ်၊ လျိူမြောင်တွေကို စက်နဲ့ထိုးပြီး လယ်တည်ထားကြပြီဖြစ်ပါတယ်။ ကျနော်အမြဲတမ်းခုထိ တွေးမိနေတာတစ်ခုရှိပါတယ်။ ဒီဝါးတောကြီးကိုခုတ်ရှင်းလင်းစဥ်က ရှဥ့်ကလေးတွေ ဘယ်ကိုရောက်သွားကြသလဲဆိုတာပါ။
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဝါးပေါက်ရောက်မှုအများဆုံး နိုင်ငံတွေထဲက တစ်ခုပါ။ ဝါးတစ်လုံးဟာ ဘာမှပစ်စရာမရှိအောင် အသုံးဝင်ပါတယ်။ တိုးတက်တဲ့နိုင်ငံတွေမှာတော့ ဝါးကို နာနိုနည်းပညာနဲ့ အတွင်းခံဘောင်းဘီအထိ လုပ်ကြတယ်လို့ ဆိုပါတယ်။ ကျနော်တို့လည်း တစ်နေ့တော့ ဖြစ်လာရမှာပေါ့။ မဖြစ်နိုင်သေးခင် ဝါးတောတွေကိုတော့ တတ်နိုင်သမျှ တန်ဖိုးထားထိန်းသိမ်းကြဖို့ လိုပါတယ်။ ဝါးကို သစ်တောရဲ့ ” ရွှေ” ၊ အစိမ်းရောင်” ရွှေ”အဖြစ်တင်စားကြတယ်ဆိုတာ သိကြပါလို့ ပြောပါရစေ..။
ချမ်းမြ

About The Author

greenness_mm

No Comments

Leave a Reply