သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြရာဝယ်

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြရာဝယ်

သည်လပိုင်းမှာ ရွှေလက်တစ်ယောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင် ဖြစ်ခဲ့သည်။ သစ်ပင်စိုက်ပွဲများ၊ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများ စသဖြင့် အမျိုးအစား စုံလင်လှ သည်။ လှုပ်ရှားမှုအားလုံးသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ရည်ရွယ်သည့်အတွက် ရွှေလက်လည်း ပါဝင် ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ရွှေလက်က သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်သောကြောင့် ပျက်စီးလာနေသည့် သဘာဝပတ်ဝန်းကျင်ကို မည်ကဲ့သို့ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရမည်နည်း ဟူသည့် အကြောင်းအရာကို စိတ်ဝင်စားခဲ့သည်။ တတ်နိုင်သမျှ လေ့လာသင်ယူခဲ့သည်။ တတ်သိသလောက် ပြန်လည် မျှဝေခဲ့သည်။
ကြိုဆို အားပေးမှုများနှင့် ကြုံရသကဲ့သို့ ဝေဖန်တိုက်ခိုက် ဆဲဆိုမှုများနှင့်လည်း ကြုံတွေ့ခဲ့ရသည်။ မည်သို့ပင်ဆိုစေကာမူ ယနေ့အချိန်အခါသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို မဖြစ်မနေ မပျက်မကွက် လုပ်ရတော့မည့် အချိန်အခါ ဖြစ်သည်။ ထို့ကြောင့် ရွှေလက်တို့ မြန်မာပြည်သူ ပြည်သား အားလုံး၊ ကမ္ဘာသူ ကမ္ဘာသား အားလုံး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ကိုယ်တတ်နိုင်သလောက် ပါဝင် ဆောင်ရွက်ကြရမည် ဖြစ်သည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်ကြမည့်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေး၏ အဓိပ္ပာယ်ကို သိရှိထားဖို့ လိုပေသည်။ သို့မှသာ မည်သည့်အရာကို ထိန်းသိမ်းရမည်ကို သိကြရမည် ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်ဆိုသည်မှာ သက်ရှိများ အသက်ရှင်နေထိုင်ဖို့ အထောက်အပံ့ပေးနေသည့် သက်ရှိသက်မဲ့အရာအားလုံးသည် သဘာဝပတ်ဝန်းကျင် ဖြစ်သည်။ ရေထု၊ မြေထု၊ လေထု၊ ရာသီဥတု၊ အသံ၊ အနံ၊ အရသာ၊ တိရစ္ဆာန်နှင့် အပင်အမျိုးမျိုး(ဇီဝမျိုးစုံမျိုးကွဲ)၊ သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ လူမှုရေးဆိုင်ရာ တွေနဲ့ ပသာဒ အလှအပဆိုင်ရာများ အားလုံးပါဝင်သည်။ ထိုအရာများ ပါဝင်နေသည့် သဘာဝ ပတ်ဝန်းကျင် သည် ကမ္ဘာကြီးနှင့် လူသားမျိုးနွယ်စုများ ရေရှည်တည်တံ့ အသက်ရှင်နိုင်ဖို့ မရှိမဖြစ် လိုအပ်သောအရာ ဖြစ် သည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးပျောက်ကွယ်သွားလျှင် ကမ္ဘာကြီးနှင့် လူသားမျိုးနွယ်စုများလည်း အနှေး နှင့်အမြန် ပျောက်ကွယ်သွားရမည် ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့သိပ္ပံပညာရှင်များက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ လိုနေပြီဖြစ်ကြောင်း ၁၉၈၀ ခုနှစ်ကတည်းက စတင်တိုက်တွန်းနှိုးဆော်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့နိုင်ငံအသီးသီးကလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အထိမ်းအမှတ် အခမ်း အနားများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ ပြပွဲ ပြိုင်ပွဲများ၊ ညီလာခံများ၊ လက်မှတ်ရေးထိုးပွဲများ စသဖြင့် အခမ်းအနားမျိုးစုံဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ဆောင် ရွက်နေကြစဉ်မှာပင် ကမ္ဘာကြီးတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ ဖြစ်ပေါ်လာပြီး
နောက်ဆက်တွဲ သဘာဝ ဘေးအန္တရာယ်များနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ မုန်တိုင်းတိုက်၊ မိုးကြီး၊ ရေကြီး၊ ငလျင်လှုပ်၊ ဆူနာမီ ဖြစ်၊ အပူချိန်ပြင်းထန်၊ ရေရှားပါးပြတ်လပ်၊ တောမီးလောင် စသည်တို့ ဖြစ်ပေါ်ပြီး လူများသေဆုံး၊ ဒဏ်ရာရ၊ အိုးမဲ့အိမ်မဲ့ မိသားစုမဲ့ပြီး အနာဂတ်ပါမဲ့ခဲ့ကြရတယ်။ နိုင်ငံ့ဘဏ္ဍာငွေများလည်း ပြုန်းတီးခဲ့ရသည်။ ထိုကဲ့သို့ သဘာဝ ဘေးအန္တရာယ်များကို ကမ္ဘာမှာ ကြုံတွေ့ခဲ့ရပေမယ့် မြန်မာနိုင်ငံတွင် မကြုံတွေ့ခဲ့ရပေ။ ထိုကာလက သစ်ပင် သစ်တောပြုန်းတီးမှုနှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု နည်းပါးနေသေးသောကြောင့်
ဖြစ်သည်ဟု ယူဆရသည်။ သို့သော် ထိုအချိန်ကတည်းက မြန်မာနိုင်ငံတွင်လည်း သဘာဝပတ်ဝန်းကျင် ပျက်စီးနေပြီဖြစ် သည်။ တာဝန်ရှိသူများကတော့ စနစ်တကျ မထိန်းသိမ်းခဲ့သည့်အပြင် သဘာဝပတ်ဝန်းကျင် ပျက်စီးစေသော လုပ်ငန်းများကိုပင် လုပ်ဆောင်လိုက်သေးသည်။
၂၀၀၈ ခုနှစ်တွင်တော့ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအခြေအနေကို နာဂစ်မုန်တိုင်းက မီးမောင်းထိုးပြခဲ့သည်။ နာဂစ်ကြောင့် လူပေါင်း တစ်သိန်းလေးသောင်းခန့် အသက်ဆုံးရှုံးခဲ့ရသည်။ အိမ်ရာ အဆောက်အအုံပေါင်း ခုနစ်သိန်းခွဲခန့် ပျက်စီးခဲ့ရသည်။ လူပေါင်း ၁၁ သန်းကျော်ခန့် ထိခိုက်ခဲ့ရသည်။ နိုင်ငံ တော်ပိုင်နှင့် ပုဂ္ဂလိကပိုင် နှစ်ရပ်ပေါင်း ပစ္စည်းဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၂ ထရီလီယံကျော် ရှိခဲ့သည်။ သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် အသေအပျောက် အများဆုံးစာရင်းတွင်လည်း ကမ္ဘာ့နံပါတ် (၈) အဆင့် ဖြစ်ခဲ့
သည်။ ထိုသို့ ကြီးမားသော ပျက်စီးဆုံးရှုံးမှုနှင့်ရင်ဆိုင်ခဲ့ပြီးမှ မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးနေပြီ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ လိုနေပြီ ဟူသော အသံများ ထွက်ပေါ်လာခဲ့သည်။ နိုင်ငံတော် အစိုးရကလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း တွင်တွင်ပြောပြီး လှုပ်ရှားမှုများလည်း ပြုလုပ် လာခဲ့သည်။ သို့သော် လက်တွေ့နှင့် ဝေးကွာနေခဲ့သည်။ ထိုအချိန်တွင် အစိုးရမဟုတ်သော သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေးအဖွဲ့များလည်း ပေါ်ပေါက်လာသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်းပြော ပြီး
လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြသည်။ သို့သော် အများစုက လက်တွေ့နှင့် ဝေးကွာနေခဲ့သည်။ ထို့ကြောင့်ပင် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်အခြေအနေသည် ယနေ့အနေအထားသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။
ရွှေလက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာများကို စတင်လေ့လာခဲ့စဉ်ကတည်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသည့် အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများကို သတိထားကြည့်ဖြစ်သည်။ အစိုးရကိုကြည့်တော့ နိုင်ငံတကာမှာ လုပ်နေလို့ ကိုယ်လည်း လုပ်သည်။ လက်မှတ်ထိုးသည်။ အဖွဲ့ဝင်သည်။ ကတိသစ္စာပြုသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို တာဝန်ကျေရုံ လုပ်သည်။ ဥပမာ- မြန်မာနိုင်ငံတွင် နှစ်စဉ် သစ်ပင် သန်းနှင့်ချီ စိုက်သော်လည်း ရှင်သန်မှုက နည်းပါးလွန်းခဲ့သည်။ စာရင်းထဲတွင် အရေအတွက်ရှိပြီး မြေပြင်ပေါ်တွင် သစ်ပင်မရှိသော အခြေအနေဖြစ်ခဲ့သည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးအတွက် နိုင်ငံတော်အကြီးအကဲတစ်ဦးက ပလတ်စတစ်လျှော့ချရေးနဲ့ပတ်သက်ပြီး စိတ်အားထက်သန်စွာ ပြောနေချိန်တွင် ရန်ကုန်မြို့၏ အထင်ကရခန်းမကြီးတစ်ခုတွင် ပလတ်စတစ်ထုတ်လုပ်သည့် စက်များ အရောင်း ပြပွဲလုပ်နေသည်။
ထိုကဲ့သို့ပင် နိုင်ငံတော်အကြီးအကဲတစ်ဦးက လေထုညစ်ညမ်းမှု တိုက်ဖျက်ကြစို့ ဟူသော မိန့်ခွန်းကို အားတက်သရော ပြောကြားနေချိန်တွင် မြန်မာနိုင်ငံရှိ ရန်ကုန်မြို့ကြီး လေထုညစ်ညမ်းနေပြီ ဖြစ်သည်။ လေထု ညစ်ညမ်းမှုဖြစ်စေသော စက်ရုံအလုပ်ရုံများကို စိစစ်အရေးမယူဘဲ လေထုညစ်ညမ်းမှုဖြစ်စေမည့် စက်ရုံများကို တည်ဆောက်ခွင့်ပြုနေသည်။ ရာသီဥတုထု ဖောက်ပြန်ပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်ကို လျှော့ချဖို့ အတွက် သစ်ပင်စိုက်ပျိုးကြဖို့ ပြောကြားနေချိနတွင်် သစ်ပင်ခုတ်ဖို့ ကြိုးစားနေသူများကို တွေ့ရသည်။
အစိုးရ မဟုတ်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များကို ကြည့်ပြန်တော့လည်း ဒေါ်လာတောင်းကောင်း အောင် လုပ်နေသူက ပိုများနေသည်ကို တွေ့ရသည်။ အလုပ်က ဘာမျှမလုပ်ရသေး၊ “သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးအဖွဲ့လေး ဖွဲ့ချင်လို့၊ ပိုက်ဆံ ဘယ်လိုရှာရမလဲ” ဆိုသူများကိုလည်း တွေ့ရသည်။ အမှန်တကယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို စိတ်ပါလက်ပါ ဆောင်ရွက်နေသူများကျတော့ ငွေကြေးနှင့် လူအင်အား မရှိသောကြောင့် ထိရောက်သင့်သလောက် မထိရောက်ပြန်။ ထိုသို့ဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရင်း သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ထိန်းမနိုင် သိမ်းမရ ဖြစ်နေခဲ့ရသည်။
ယနေ့အချိန်အခါတွင် ထိုဖြစ်စဉ်များကို ပြန်လည် သုံးသပ်သင့်ပြီ ဖြစ်သည်။ ထိရောက်သော သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုများကို လုပ်ဆောင်ရတော့မည် ဖြစ်သည်။ ဟိုတယ်ကြီးတစ်ခု၏ ခန်းမကြီးထဲတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်သောပွဲများ ပြုလုပ်နေသည်ထက် ပြည်သူလူထုနှင့် ထိတွေ့နိုင် သော၊ ပြည်သူလူထု ပါဝင်ဆောင်ရွက်နိုင်သော၊ လက်တွေ့ကျသော လှုပ်ရှားမှုများကို လုပ်ဆောင်ကြရမည် ဖြစ် သည်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရာတွင် သစ်ပင်စိုက်ပျိုးဖို့ လိုသလို ရှိပြီးသား သစ်ပင်များ မပြုန်းတီး အောင်လည်း ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုသည်။ ထိုနည်းတူ အမှိုက်များကို ရှင်းလင်းသိမ်းဆည်းဖို့ လိုသလို အမှိုက်မပစ်အောင်၊ အမှိုက်ပစ်သူ မရှိအောင်လည်း ဆောင်ရွက်ဖို့ လိုသည်။ သို့မှသာ ထိရောက်သော သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ပုံဖော်ဆောင်ရွက်နိုင်မည် ဖြစ်သည်။
သိပ်မကြာခင်က သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လူထုစကားဝိုင်းတစ်ခု တက်ရောက်ဖြစ်ခဲ့သည်။ လူထုစကားဝိုင်းဆိုသော်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဝင်များ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကိုသာ တွေ့ရသည်။ လူထုစကားဝိုင်းဆိုသော်လည်း တကယ်တမ်း လူထုပါဝင်မှု မရှိခဲ့။ ပါဝင် အောင် မဆောင်ရွက်နိုင်တာလား၊ မဆောင်ရွက်ခဲ့တာလားတော့ ရွှေလက် မသိပါ။
ထိုသို့သော စကားဝိုင်း မည်မျှ ပြုလုပ်ပါစေ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို လူထု သိမည်မဟုတ်ပေ။ သိလျှင်လည်း ပူးပေါင်း ပါဝင် ဆောင်ရွက်မည် မဟုတ်ပေ။ လူထုပူးပေါင်းပါဝင်မှု မရှိလျှင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့ အလှမ်းဝေးနေဦးမည် ဖြစ်သည်။ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောဖူးသည်။ “ ပြည်သူမပါဝင်ရင် ဘယ်လုပ်ငန်း စီမံချက်မှ မအောင်မြင်ဘူး။ ခြံ စည်းရိုးကြက်ဆူပင် စိုက်တာတောင် မအောင်မြင်ခဲ့ဘူး မဟုတ်လား” ဟူ၍။
ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်များ ကို ဖြစ်ပေါ်စေသည့်အကြောင်းအရင်း များစွာရှိသည်။ ၄င်းတို့မှာ ကျောက်မီးသွေးလောင်စာသုံးစွဲခြင်း၊သစ်တော ပြုန်းတီးခြင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ကုန်းလမ်း သယ်ယူပို့ဆောင်ခြင်း၊ စက်သုံးဆီနဲ့ ဓာတ်ငွေ့ ထုတ် လုပ်ခြင်း၊ ဓာတ်မြေသြဇာ ထုတ်လုပ်ခြင်း၊ မွေးမြူရေးနှင့် စိုက်ပျိုးရေးပြုလုပ်ခြင်း၊ လေကြောင်း သယ်ယူပို့ဆောင် ခြင်း၊ သံနဲ့သံမဏိလုပ်ငန်းများ လည်ပတ်ခြင်းနှင့် စွန့်ပစ်အမှိုက်များ မသိမ်းဆည်းခြင်း စသည်တို့ ဖြစ်သည်။ ထိုလုပ်ငန်း ဆောင်ရွက်ချက်များကြောင့် ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုဖောက်ပြန ပြောင်းလဲမှုနှင့် နောက် ဆက်တွဲ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နေသည်ဆိုလျှင် ထိုလုပ်ငန်းများကို ရပ်လိုက်ပြီး ကျောက်ခေတ် မှာပဲ နေလိုက်တော့ဟု ပြောမည့်သူများ ရှိလာနိုင်သည်။ ထိုသူများ ရှိနေလို့လည်း ရွှေလက်တို့ နိုင်ငံတော်ကြီး ယခုအခြေအနေသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
ရွှေလက်တို့ မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်များကို တစ်နှစ်ထက်တစ်နှစ် ပိုမိုပြင်းထန်စွာ ခံစား နေရသည်ကို ပြည်သူများ အားလုံးအသိဖြစ်သည်။ ယင်းသဘာဝဘေးအန္တရာယ်များကို လျှော့ချဖို့ဆိုလျှင် အထက်တွင် ဖော်ပြခဲ့သည့် လုပ်ငန်းဆောင်ရွက်ချက်များတွင် စည်းကမ်းဥပဒေလိုက်နာခြင်း၊ နိုင်ငံတကာ လုပ် ထုံး လုပ်နည်းအတိုင်း ဆောင်ရွက်ခြင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်မှု သက်သာအောင် ဆောင် ရွက်ခြင်း၊ တာဝန်ယူမှု တာဝန်ခံမှုရှိခြင်းတို့ မဖြစ်မနေ ပါဝင်ရမည် ဖြစ်သည်။ ထိုကိစ္စများကို အဂတိလိုက်စားမှု ကင်းရှင်းစွာဖြင့် ထိထိရောက်ရောက် စစ်ဆေးအရေးယူ ဆောင်ရွက်ဖို့ အလွန်အရေးကြီးပါသည်။
ထိုသို့ဆောင် ရွက်နေစဉ်မှာပင် နိုင်ငံတော်အစိုးရနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပြည်သူများ ပူးပေါင်း၍ ကမ္ဘာကြီး ပူနွေးလာမှု၊ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုနှင့် နောက်ဆက်တွဲ သဘာဝ ဘေးအန္တရာယ်များကို လျှော့ချရာ တွင် အထိရောက်ဆုံးဖြစ်သည့် သစ်ပင်စိုက်ပျိုးခြင်း၊ လက်ကျန် သစ်တော သစ်ပင်များ ထိန်းသိမ်းခြင်းတို့ကို ဟန်ပြမဟုတ်ဘဲ စနစ်တကျ ထိထိရောက်ရောက် ဆောင်ရွက်ကြဖို့ လိုပါသည်။ ယင်းလုပ်ငန်းများ လုပ်ဆောင် ရာတွင် အစိုးရကလည်း အစိုးရအလျောက်၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများကလည်း အစိုးရမဟုတ်သော အဖွဲ့အစည်းအလျောက်၊ ပြည်သူကလည်း ပြည်သူအလျောက် မိမိတို့ စွမ်းဆောင်နိုင်သည်များကို မခိုမကပ်ဘဲ၊ မလိမ်မညာဘဲ လက်တွေ့ကျကျဆောင်ရွက်ကြဖို့ လိုကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
ရွှေလက်

About The Author

greenness_mm

No Comments

Leave a Reply