သဘာဝပတ်ဝန်းကျင်စိန်ခေါ်မှုတွေကြောင့် မျက်ခုံးလှုပ်နေရတဲ့ပုပ္ပား

သဘာဝပတ်ဝန်းကျင်စိန်ခေါ်မှုတွေကြောင့် မျက်ခုံးလှုပ်နေရတဲ့ပုပ္ပား

(၁)
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ပုပ္ပားဒေသမှာ မိုးသည်းထန်စွာပြီး မြေကျွံကျမှုတွေဖြစ်ပွားခဲ့တယ်။ လမ်းတွေ အက်ကွဲတယ်။ ကျွံကျတယ်။ အဆောက်အအုံတွေ အက်ကွဲတယ်။ ပုပ္ပားတောင်ကလပ်ကိုသွားတဲ့ လမ်းတစ်လျှောက်က လူတွေကို ရွှေ့ပြောင်းခဲ့ရတယ်။ ကားသွားလာမှု ပိတ်ခဲ့ရတယ်။ ဒေသခံတွေ ထိတ်ထိတ် ပြာပြာ ဖြစ်ခဲ့ရတယ်။ လူမှုကွန်ရက် ဖေ့ဘွတ်ခ်ပေါ်မှာ ပုပ္ပားမီးတောင် ပြန်လည်အသက်ဝင်လှုပ်ရှားလာပြီလို့ ရေးတဲ့သူကရေး၊ ပုပ္ပားတောင်ကလပ် စောင်းသွားတယ်လို့ ဖွတဲ့သူကဖွနဲ့ တော်တော်လေးပွဲဆူခဲ့တယ်။ ပုပ္ပားနဲ့ ဝေးတဲ့ဒေသက ပြည်သူတွေတောင် ထိတ်လန့်ကုန်ကြတာဆိုတော့ ဒေသခံပြည်သူတွေအတွက် ဆိုဖွယ်ရာ မရှိတော့။ ဒါကြောင့် ဘူမိဗေဒပညာရှင်တွေနဲ့ တာဝန်ရှိသူတွေက အလျင်အမြန်ကွင်းဆင်းစစ်ဆေးခဲ့ကြတယ်။ စစ်ဆေးတွေ့ရှိချက်တွေကိုလည်း ပွင့်ပွင့်လင်းလင်းအသိပေး ရှင်းလင်းတင်ပြခဲ့တာတွေ့ရတယ်။
ကနေဒါနိုင်ငံဘူမိဗေဒဆိုင်ရာ အင်ဂျင်နီယာနဲ့ မြေပြိုကျခြင်းဆိုင်ရာကို အထူးပြုလေ့လာခဲ့တဲ့ ကျွမ်းကျင် ပညာရှင် ဒေါက်တာစိုးမိုးကျော်ဝင်းက “ပုပ္ပားဒေသရဲ့မြေအနေအထားအရ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဖြစ်ပေမယ့် တောင်ကလပ်ဒေသရှိ အဆောက်အဦးတွေကြောင့်အပြင် သဘာဝရေစီးကြောင်းတွေ ပိတ်ဆို့ခြင်းနဲ့ သစ်တောပြုန်းတီးမှုတို့ကြောင့် ဖြစ်တယ်။ ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြထားသလို မီးတောင် သက်ဝင်လှုပ်ရှားမှု ဆိုတာလည်း လုံးဝမမှန်ကန်ပါဘူး။ တောင်ကလပ် တိမ်းစောင်းသွားတယ်ဆိုတာလည်း မဖြစ်နိုင်ဘူး။ အသေး စိတ်လေ့လာတိုင်းတာမှုတွေ ပြုလုပ်ပြီး စောင့်ကြည့်သွားဖို့ လိုအပ်ပါတယ်။ လမ်းတွေ ပြုပြင်တဲ့နေရာမှာလည်း လက်ရှိမြေသားပေါ်မှာ ထပ်ဆောင်းတည်ဆောက်မှုတွေ မလုပ်သင့်ပါဘူး။ တိုင်းတာရရှိမှုတွေ အပေါ်မူတည်ပြီး အကောင်းဆုံးနည်းလမ်းတွေကို ရွေးချယ်ကာ ထိန်းသိမ်းကာကွယ်မှုတွေ ပြုလုပ်သွားဖို့ လိုပါတယ်” လို့ အကြံ ပေးခဲ့တယ်။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ရှိကာလအတွင်း တောင်ကလပ်ဒေသမှာ တည်ဆောက်ရေး လုပ်ငန်းတွေ မပြုလုပ်ကြဖို့နဲ့ အရေးပေါ်အခြေအနေမှာ ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ထိခိုက် နစ်နာမှု မရှိစေဖို့ အစီအစဉ်တွေ ပြုလုပ်ထားသင့်တယ်လို့ ညွှန်ကြားခဲ့ပါတယ်။ လေ့လာဆန်းစစ်မှုတွေပြုလုပ်ဖို့ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၊ ထွေအုပ်၊ စည်ပင်၊ မြေစာရင်း၊ ရဲတပ်ဖွဲ့၊ ဆောက်လုပ်ရေးဌာနတွေ ပါဝင်ပြီး ကော်မတီတစ်ရပ်ဖွဲ့စည်းကာ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်တဲ့ ပုပ္ပားတောင်ကလပ်ရဲ့ ရေရှည်တည်တံ့ခိုင်မြဲနေစေဖို့ ပညာရှင်တွေရဲ့ အကူအညီနဲ့ ဌာနဆိုင်ရာတွေ၊ ဒေသခံတွေက အထူးဂရုတစိုက် ထိန်းသိမ်းကာကွယ်သွားရန်၊ လက်ရှိအချိန်မှာ အန္တရာယ်ဖြစ် စေနိုင်တဲ့ ရေလှောင်ကန်ကြီးတွေမှာ ရေမဖြည့်ရန်နဲ့ ဒေသခံတွေ သောက်သုံးရေအခက်အခဲ မဖြစ်စေရေးစီစဉ် ဆောင်ရွက်ရန်၊ ခရီးသွားဧည့်သည်တွေ ဘေးအန္တရာယ်ကင်းရှင်းစေရန် ကားလမ်းကို ယာယီပိတ်ထားပြီး ခြေလျင်သာ လည်ပတ်ကြစေရန် မှာကြားခဲ့တယ်။
(၂)
ပုပ္ပားဒေသဟာမန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ကျောက်ပန်းတောင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၁၀ မိုင်အကွာမှာရှိပါတယ်။ နောက်ပြီးရန်ကုန်မြို့နဲ့ မိုင် ၄၁၀၊ မန္တလေးမြို့နဲ့ မိုင်၁၆၀၊ ညောင်ဦးမြို့နဲ့ မိုင်၃ဝလောက်ပဲဝေးတဲ့အတွက် အချက်အချာကျတဲ့နေရာလေးတစ်ခုလို့ ဆိုနိုင်ပါတယ်။ ပုပ္ပားတောင်လို့ ပြောလိုက်တာနဲ့ လူအများစုကပုပ္ပားတောင်ကလပ်ကိုပဲပြေးမြင်ကြပါတယ်။ တကယ်တော့ ပုပ္ပားတောင်ကလပ်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း ၂၅ဝဝဝခန့်က မီးတောင်ပေါက်ကွဲပြီးပုပ္ပားတောင်မကြီးကနေပဲ့ထွက်သွားတဲ့ အစိတ်အပိုင်းတစ်ခုလို့ သိရပါတယ်။ဒါကြောင့် ပုပ္ပားတောင်လို့ ပြောလိုက်ရင် ပုပ္ပားတောင်မကြီးနဲ့တောင်ကလပ် နှစ်ခုလုံးကိုဆိုလိုတဲ့အဓိပ္ပာယ်သက်ရောက်တယ်လို့ ဆိုနိုင်ပါတယ်။ပုပ္ပားတောင်မကြီးကပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း၄၉၈၁ပေမြင့်ပြီးတောင်ကြောတွေနဲ့ လျှိုမြောင် ချိုမ့်ဝှမ်း ပေါပါတယ်။ ပုပ္ပားတောင်ကလပ်ကတော့ အမြင့်ပေ၁၄၁ရပေခန့်မြင့်ပြီးစေတီပုထိုးတွေရှိတဲ့အတွက် ဘုရားဖူးတွေနဲ့စည်ကားလှပါတယ်။
ပုပ္ပားတောင်ဒေသမှာအမြဲစိမ်းတော၊ အထက်ရွက်ပြတ်ရောနှောတော၊ အောက်ရွက်ပြတ်ရောနှော တော၊ တောင်ပေါ်တော၊ အင်တိုင်းတော၊ တောခြောက်စတဲ့ တောအမျိုးအစားတွေ ပေါက်ရောက်ပြီးသစ်အမျိုးပေါင်း ၂၁၅မျိုးခန့်၊ ၀ါးမျိုး၁၃မျိုး၊ အဖိုးတန်ပရဆေးပင် ၃၆၂မျိူးခန့်နဲ့ သစ်ခွအမျိုးအစား ၈၄ မျိုးလည်းပေါက်ရောက်ပါတယ်။ ဒါ့အပြင် သမင်၊ ဂျီ၊ မျောက်မွဲ၊ မျက်ကွင်းဖြူ၊ မျောက်ညို၊ မျောက်စပ်၊ တောဝက်၊ တောခွေး၊ တောကြောင်အမျိုးမျိုး၊ ယုန်၊ ရှဉ့်စတဲ့ နို့တိုက်သတ္တဝါ ၁ဝမျိုးကျော်၊ ငှက်မျိုးစိတ် ၁၃၅ မျိုး၊ လိပ်ပြာမျိုးစိတ် ၁ဝဝခန့်ကိုလည်းလေ့လာတွေ့ရှိထားသလို သဘာဝရေထွက်စမ်း ၁၀၃ခုရှိတဲ့အနက် ၃၆ ခုကတစ်နှစ်ပတ်လုံးရေထွက်ပြီးအကြီးဆုံးရေထွက်တွေက ဝေစမ်းရေထွက်၊ နှမတော်ရေထွက်နဲ့ ရေဆူရေထွက် တွေပဲ ဖြစ်ပါတယ်။ အဲဒီရေထွက်တွေကနေကျောက်ပန်းမြို့နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေအတွက် သောက်သုံးရေ ပေးဝေနေတယ်လို့ သိရပါတယ်။
အဲဒီလိုသဘာဝတရားတွေကြောင့် ပုပ္ပားတောင်ဒေသကိုရောက်ရှိလာသူတွေဟာ မြန်မာပြည်အလယ် ပိုင်းပူပြင်းခြောက်သွေ့တဲ့ဒေသမှာအမြဲတမ်းစိမ်းလန်းစိုပြေနေတဲ့ အပူပိုင်းအိုအေစစ်တစ်ခုရဲ့အေးချမ်းသာယာမှု ကိုခံစားခွင့်ရခဲ့ကြတယ်။ ပုပ္ပားတောင်ကလပ်နဲ့ မြန်မာလူမျိုးတွေရဲ့ရိုးရာဓလေ့၊ နတ်ကွန်း၊ နတ်နန်းတွေကိုကြည့်ရှုလေ့လာနိုင်ခဲ့ကြတယ်။ နောက်ပြီးပုပ္ပားတောင်မကြီးနဲ့ ပုပ္ပားတောင်ဥယျာဉ်မှာရှိတဲ့ ပရဆေးတွေ၊ သဘာဝအလှ ရေထွက်စိမ့်စမ်းတွေ၊ ဇီဝမျိုးစုံမျိုးကွဲတွေကို ကြည့်ရှူလေ့လာနိုင်တဲ့အပြင် သုတေသနတွေလည်း ပြုလုပ်နိုင်ခဲ့ကြပါတယ်။ ပုပ္ပားတောင်ဒေသဟာတောတောင်စိမ့်စမ်း၊ ကျေးငှက်သာရကာတွေကြောင့် နွေအခါ ဆိုရင် ပိုပြီးနေလို့ကောင်းခဲ့ပါတယ်။ ဒါကြောင့်လည်း နွေရောက်ရင် မြန်မာပြည်အရပ်ရပ်ကလူတွေဟာပုပ္ပားမှာ နွေခိုဖို့အတွက် သွားရောက်တတ်ကြပါတယ်။ အခုတော့ပုပ္ပားတောင်ဒေသဟာအရာရာပြောင်းလဲခဲ့ပါပြီ။
(၃)
ပုပ္ပါးတောင်ဒေသမှာရာသီဥတုတွေ ပြောင်းလဲဖောက်ပြန်လာခဲ့တယ်။ ရေထွက်စိမ့်စမ်းတွေ ခန်းခြောက်လာခဲ့တယ်။ မိုးရေရရှိမှုနည်းသွားတဲ့အတွက် ပုပ္ပား၊ ကျောက်ပန်းတောင်းနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေရဲ့ သောက်သုံးရေပြတ်လပ်မှုဟာတစ်နှစ်ထက်တစ်နှစ် ပိုဆိုးရွားလာခဲ့တယ်။ ပုပ္ပားရဲ့နွေဟာပူလောင်မှုတွေနဲ့ အရင်လိုနေချင်စရာမကောင်းတော့ဘူး။ မိုးရာသီမှာရရှိတဲ့မိုးရေချိန်လက်မလျော့နည်းလာတဲ့အတွက် မိုးရေကိုအဓိကအားထားနေရတဲ့ ဒေသတွေမှာအခက််အခဲဒုက္ခတွေနဲ့ရင်ဆိုင်လာခဲ့ရတယ်။ ဆောင်းကလည်းအရင်နှစ်တွေတုန်းကလိုအေးမြတဲ့အရသာကိုပီပီပြင်ပြင်မပေးစွမ်းနိုင်တော့ဘူး။ တောင်ပေါ်ကနေတိုက်ခတ်လာတဲ့လေကအစပူလောင်ပြင်းရှလို့။အဲဒီလိုတွေ ဘာကြောင့်ဖြစ်နေတာလဲလို့ လေ့လာကြည့်မိတယ်။
ပုပ္ပားတောင်ဒေသမှာသစ်တောသစ်ပင်တွေကိုခုတ်ထွင်ရှင်းလင်းတယ်။ပြီးတော့ မြေတွေကိုစက်ယန္တရားတွေနဲ့တူးတယ်။ တူးနိုင်သမျှ နက်နက်တူးပြီးမီးတောင်ချော်ရည်မှုန့်တွေကိုယူတယ်။ ဘိလပ်မြေအစားထိုးပိုဇိုလန်အမှုန့် ထုတ်လုပ်တယ်။ ဒါကြောင့်ပိုဇိုလန် ထုတ်လုပ်တဲ့နေရာတွေမှာသစ်တောတွေပြုန်းတီးကုန်ပြီး ချိုင့်ဝှမ်းကြီးတွေနဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်ကျန်ခဲ့တယ်။ နောက်ပြီးပိုဇိုလန်စီမံကိန်းကြောင့် ပတ်ဝန်းကျင်ကျေးရွာတွေရဲ့ စိုက်ပျိုးမြေတွေ သိမ်းဆည်းခံရလို့ လူမှုဘဝ၊ စားဝတ်နေရေးအခြေအနေတွေ ယိုင်နဲ့ခဲ့ရတဲ့အပြင် ကျန်းမာရေးတွေကိုလည်းအများကြီးထိခိုက်စေခဲ့တယ်။သစ်တောတွေကိုခုတ်ထွင်ရှင်းလင်းပြီးလက်ဖက်စိုက်ပျိုးခဲ့တာကြောင့်လည်းသစ်တောဧကရာနဲ့ချီပြီးဆုံးရှုံးခဲ့ရတယ်။ ဒါ့အပြင် ပုပ္ပားတောင်ဒေသမှာစီးပွားဖြစ်သစ်ခုတ်တာမျိုး၊ သစ်ခိုးထုတ်တာမျိုးတွေမရှိပေမယ့် ကျေးလက်ဒေသတွေ ထင်းသုံးတာ၊ အိမ်ဆောက်တာနဲ့လယ်ယာလုပ်ငန်းခွင်မှာအသုံးပြုတာရယ်ကြောင့် သစ်တောသစ်ပင်တွေပြုန်းတီးတာတွေရှိသလိုနဂါးမောက်စိုက်ခင်းတွေ၊ ငှက်ပျောစိုက်ခင်းတွေကြောင့်လည်းပြုန်းတီးခဲ့ရတယ်။သစ်တောပြုန်းတီးမှုတွေကြောင့်ပုပ္ပားတောင်ဒေသမှာရှိခဲ့တဲ့ရေထွက်တွေထဲကသုံးခုလောက်ပဲရေကောင်းကောင်းထွက်တော့တယ်။အခုဆိုရင်ပုပ္ပားဟာဆောင်းတွင်းမှာတောင်အပူရောင်တွေနဲ့အဝါရောင်သမ်းနေခဲ့ပါပြီ။
တကယ်တော့ ပုပ္ပါးတောင်ဒေသဟာမြန်မာနိုင်ငံအလယ်ပိုင်းရဲ့အရေးကြီးတဲ့ အိုအေစစ်ပါပဲ။ သူဟာစိမ်းလန်းခြင်းတွေ၊ အေးမြခြင်းတွေနဲ့ အလယ်ပိုင်းဒေသရဲ့ ရာသီဥတုကိုတတ်စွမ်းသလောက်ထိန်းပေးခဲ့တယ်။ ပုပ္ပားတောင်မရှိတော့ရင် ပထမဆုံးကျောက်ပန်းတောင်းမြို့နယ် ပတ်ဝန်းကျင်ကျေးရွာတစ်ရာကျော် နိဂုံးချုပ်သွားနိုင်တယ်။ နောက်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသတစ်ခုလုံးကိုထိခိုက်သွားလိမ့်မယ်လို့ ပညာရှင်တွေကသုံးသပ်ကြတယ်။ ဒါကြောင့်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေ၊ အဖွဲ့အစည်းတွေ၊ ဒေသခံတွေအားလုံးကပုပ္ပားတောင်ကိုထိန်းသိမ်းကာကွယ်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ဆောင်ရွက်ခဲ့ကြတယ်။ အဲဒီလိုဆောင်ရွက်နေချိန်မှာပဲပုပ္ပါးမှာတောမီးအကြီးအကျယ် လောင်တယ်။ပြီးခဲ့တဲ့လအတွင်းကမြေပြိုမှုဖြစ်ခဲ့တယ်။ ဒါတွေအားလုံးဟာလူတွေရဲ့ လောဘမောဟတွေကိုအခြေခံဖြစ်လာရတာပါ။ လူတွေရဲ့ လောဘမောဟတွေကြောင့် သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးတယ်။ သဘာဝပတ်ဝန်းကျင်တွေ ပျက်လို့ သဘာဝဘေးတွေ ဖြစ်တယ်။ ဒီဖြစ်စဉ်တွေဟာပုပ္ပားတောင်ဒေသအတွက် သတိပေးခေါင်းလောင်းသံပါပဲ။ ဒါကြောင့် နိုင််ငံတော်အစိုးရအနေနဲ့ ပုပ္ပါးတောင်ဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုထိထိရောက်ရောက် ဆောင်ရွက်ဖို့လိုပါတယ်။ ဒါမှသာပုပ္ပားတောင်ဒေသဟာမြန်မာတို့ရဲ့ အလေးအမြတ်ထားတဲ့နေရာတစ်ခု၊ အပူပိုင်းဒေသရဲ့ အမြဲစိမ်းအိုအေစစ်လေးတစ်ခုအဖြစ် ထာဝရ ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။ ။

ရွှေလက်
7Day Daily
3.11.2017

 

About The Author

greenness_mm

No Comments

Leave a Reply