သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ လူငယ်တွေဦးဆောင်ပါဝင်စေချင်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ လူငယ်တွေဦးဆောင်ပါဝင်စေချင်

နိုင်ငံတစ်နိုင်ငံအတွက် လူငယ်အင်အားစုတွေဟာ အလွန်အရေးကြီးပါတယ်။ “ယနေ့လူငယ်၊ နောင်ဝယ် လူကြီး” ဆိုသလို လူငယ်တွေဟာ နောင်တစ်ချိန်မှာ လူကြီးဖြစ်လာပြီး နိုင်ငံ့တာဝန်ကို ပခုံးပြောင်း ထမ်းရွက်ကြ ရမှာ ဖြစ်ပါတယ်။ နိုင်ငံ့တာဝန်ကို ပခုံးပြောင်းထမ်းရွက်ကြမယ့် လူငယ်အင်အားစုတွေဟာ အသိပညာ၊ အတတ် ပညာများ ထူးချွန်ထက်မြတ်ဖို့လိုသလို ကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ထက်မြက်သူတွေလည်း ဖြစ်ဖို့ လိုပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့နိုင်ငံမှာ “ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် အောင်မြင်မှု၊ လူငယ်နှင့် အနာဂတ်၊ လူငယ်နှင့် မျိုးချစ်စိတ်၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် နိုင်ငံရေး၊လူငယ် နှင့် စာပေ၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့်…..၊ လူငယ်နှင့်….ဆိုပြီး လူငယ်တွေအတွက် ခေါင်းစဉ်အမျိုးမျိုးနဲ့ အကြောင်းအရာအမျိုးမျိုး လေ့လာဖတ်ရှုစရာ စာအုပ်စာပေတွေ ရှိခဲ့တယ်။ ဒါပေမယ့်လည်း လူငယ်နဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာ သီးခြားစာအုပ်စာပေ မရှိခဲ့ဘူး။ ဒါကြောင့် ကျွန်တော်လည်း “လူငယ်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး” အကြောင်းကို ရေးဖို့၊ ပြောဖို့ စိတ်ကူးမိခဲ့တာပါ။

သဘာဝ ပတ်ဝန်းကျင်ဆိုတာ လူသားမျိုးနွယ်စုတွေ အသက်ရှင်နေထိုင်ရေးအတွက် မရှိမဖြစ် လိုအပ် တဲ့ အရာတစ်ခုပါ။ ဒီသဘာဝ ပတ်ဝန်းကျင်ကြီးသာ ပျက်စီးပျောက်ကွယ်ခဲ့ရင် လူသားမျိုးနွယ်စုတွေအားလုံး လည်း ပျက်စီး ပျောက်ကွယ်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူသားမျိုးနွယ်စုကြီး မပျက်စီး မပျောက်ကွယ်သွား စေဖို့ လူသားတိုင်းမှာ တာဝန်ရှိပါတယ်။ သဘာဝပတ်ဝန်းကျင် မပျက်စီးအောင်၊ ပျက်စီးနေတာတွေကို ဒီထက် ပိုပြီး မပျက်စီးအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ လိုပါတယ်။ ဒီကနေ့ ကမ္ဘာမှာ အသိဉာဏ်ကင်းမဲ့ခဲ့တဲ့ လူတွေရဲ့ လုပ်ဆောင်မှုကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေဟာ တစ်နေ့တစ်ခြား ဆိုးရွားလာပြီး ရာသီ ဥတုပြောင်းလဲမှုနဲ့သဘာဝဘေးအန္တရာယ်တွေဟာ လူသားမျိုးနွယ်စုတွေကို ဖျက်ဆီးနေခဲ့ပြီ။ ဒီပြဿနာတွေဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကြုံတွေ့နေရတာပါ။

လက်ရှိ မြန်မာပြည်ရဲ့အနေအထားကိုကြည့်ရင်လည်း သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးခဲ့လို့ ရာသီဥတု တွေ ဖောက်ပြန်ပြောင်းလဲခဲ့ပြီ။ ရာသီဥတုပြောင်းလဲမှုတွေကြောင့် အပူချိန်တွေ လွန်ကဲ၊ ရေတွေ ရှားပါးပြတ် လပ်၊ မိုးရွာသွန်းမှုတွေ လွန်ကဲ၊ ရေကြီးရေလျှံမှုတွေဖြစ်၊ မြေတွေပြို၊ မုန်တိုင်းတွေတိုက်၊ ငလျင်တွေ လှုပ်နဲ့ ပျက်စီးဆုံးရှုံးမှုတွေနဲ့ နှစ်စဉ်ကြုံတွေ့နေရပါတယ်။ ဒါတွေ လျော့ကျသက်သာစေဖို့ အကောင်းဆုံးနည်းလမ်းက တော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ပါပဲ။ အဲဒီလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် စာရေးသူ ကတော့ လူငယ်တွေကိုပဲ အားကိုးချင်ပါတယ်။ လူကြီးတွေ ဦးဆောင်လုပ်ခဲ့တာလည်း နှစ်ပေါင်းများစွာ ကြာခဲ့ ပေမယ့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးက သိပ်ပြီး ခရီးမရောက်ခဲ့ဘူး။ ဒီအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ လူငယ်တွေ ဦးဆောင် ပါဝင်စေချင်တယ်။

နောက်ပြီး လူငယ်တွေဟာ လူကြီးတွေလို ဟန်မဆောင်တတ်ဘူး။ အများအကျိုးကို မျက်ကွယ်ပြုပြီး ကိုယ်ကျိုးကြည့်တတ်သူတွေ မဟုတ်ဘူး။ ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ဓာတ် လူငယ်တွေဆီမှာ မရှိဘူး။ ဒါကြောင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ လူငယ်တွေသာ ဦးဆောင် လုပ်မယ်ဆိုရင် ဒီထက် မက အောင်မြင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိတယ်။ လက်တလောမှာလည်း မြန်မာပြည်မှာရှိတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေထဲမှာ လူငယ်တွေ ပါဝင်လာတာ တွေ့ရတယ်။ ဒါပေမယ့် ရှေ့တန်းကို သိပ်ရောက်မလာကြသေးဘူး။ ပေါ်ပြူလာဖြစ်တဲ့ အလုပ်တွေကိုသာ လုပ်ကိုင်ရင်း အချိန် ကုန်နေကြတယ်။ နိုင်ငံတကာမှာတော့ လူငယ်တွေ တစ်ဦးချင်းစီက သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ အင်တိုက်အားတိုက် ပါဝင်လုပ်ဆောင်နေကြပြီ။ ဥပမာအနေနဲ့ လူငယ်လေး နှစ်ယောက်အကြောင်း ပြောပြချင် တယ်။

၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၃ ရက်က ကျင်းပခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာညီလာခံ ဖွင့်ပွဲ အခမ်းအနားမှာ မာရှယ်ကျွန်းစုတွေမှာရှိတဲ့ အရပ်ဖက်ဆိုင်ရာလူမှုအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ် တဲ့ ကက်တီဂျက်နေးကီဂျီးနား ဆိုတဲ့ အမျိုးသမီးတစ်ဦးက သူကိုယ်တိုင် ရေးစပ်ခဲ့တဲ့ ကဗျာရှည်တစ်ပုဒ်ကို ရွတ် ဖတ်ခဲ့တယ်။ အဲဒီအချိန်က အမျိုးသမီးဟာ အသက် ၂၆ နှစ် အရွယ်ပဲ ရှိပါတယ်။ ဒါပေမယ့် သူဟာ သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုရဲ့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုတွေကြောင့် ပင်လယ်ရေအောက်ရောက်တော့မယ့် သူတို့ ကျွန်းနိုင်ငံလေးကို ကယ်တင်ဖို့ လက်တွေ့ ဆောင်ရွက်နေတယ်။ နောက်ပြီး ကမ္ဘာ့နိုင်ငံ အကြီးအကဲတွေ တက်ရောက်တဲ့ ညီလာခံကြီးမှာလည်း သူရဲ့ ကျွန်းနိုင်ငံလေး ရေအောက်မရောက်ဖို့ ကြိုးစားနေတဲ့အကြောင်း သူကိုယ်တိုင်ရေးထားတဲ့ ကဗျာတစ်ပုဒ်ကို ရဲရဲ တောက် ရွတ်ဖတ်ပြခဲ့တယ်။ နိုင်ငံ့ခေါင်းဆောင်တွေအားလုံး သူ ကဗျာရွတ်တာကို မှင်သက်ငေးမော နားထောင် ခဲ့ပြီး အဲဒီကျွန်းနိုင်ငံလေးနဲ့ ပြည်သူတွေကို စာနာစိတ်တွေ ဖြစ်ပေါ်ခဲ့ကြတယ်။ သူ့ကျွန်းနိုင်ငံလေးအတွက် အထောက်အပံ့ အကူအညီတွေ ပေးခဲ့ကြတယ်။ သူ့ရဲ့ရဲရင့်တဲ့လုပ်ဆောင်ချက်တွေဟာ ကျွန်တော့်ကို ကြက်သီး တဖြန်းဖြန်းထစေခဲ့တယ်။ တစ်ဆက်တည်းမှာပဲ ဒီလို လူငယ်တွေ မြန်မာပြည်မှာ ရှိစေချင်စိတ်တွေလည်း တဖွား ဖွား ပေါ်ပေါက်လာခဲ့တယ်။

နောက်တစ်ယောက်ကတော့ အသက် ၁၆ နှစ်ပဲ ရှိသေးတဲ့ ဒီဆွီဒင်လူမျိုး မိန်းမငယ်လေးတစ်ဦးပါပဲ။ သူ့နာမည်က ဂရီတာသန်းဘာ့ဂ် တဲ့။ သူဟာ ပြီးခဲ့တဲ့နွေရာသီက ဆွီဒင်အစိုးရအဖွဲ့ရုံးအပြင်ဘက်မှာ အစိုးရက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပဲရစ်သဘောတူညီချက်အတိုင်း လိုက်နာလုပ်ဆောင်သည်အထိ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့တယ်။ တစ်နှစ်ကြာတဲ့အခါမှာတော့ သူ့ရဲ့ရဲရင့်တဲ့ လုပ်ဆောင်မှုတွေက သြစတြေး လျ၊ ဘယ်လ်ဂျီလ်ယံ၊ ဂျာမနီ၊ အမေရိကန်၊ ဂျပန်နဲ့ တခြားနိုင်ငံ တစ်ဒါဇင်ကျော်မှာ ကျောင်းသားလှုပ်ရှားမှုတွေ ဖြစ်လာစေခဲ့တယ်။ အင်္ဂလန်နိုင်ငံတစ်ဝှမ်းမှာလည်း ကျယ်ပြန့်များပြားတဲ့ ကျောင်းသားဆန္ဒပြမှုတွေကို ဖြစ်လာ စေခဲ့တယ်။ သူ့ရဲ့ သြဇာသက်ရောက်မှုကလည်း ဆက်လက်ကျယ်ပြန့်လာနေခဲ့တယ်။ ပြီးခဲ့တဲ့နှစ်က ဂရီတာမှာ တွစ်တာ နောက်လိုက် ထောင်ဂဏန်းသာ ရှိခဲ့ပေမဲ့ အခုတော့ ၁၇-သန်းကျော် ၁၈-သန်းနီးပါး ရှိလာခဲ့တယ်။ သူဟာ ဆွီဒင်နိုင်ငံက အစိမ်းရောင်ပါတီခေါင်းဆောင် နှစ်ဦးပေါင်းထက် နောက်လိုက်အရေအတွက် များနေပြီး ပါတီတစ်ခုလုံးရဲ့ တွစ်တာနောက်လိုက် အရေအတွက်ထက် ပိုပြီးများဖို့ ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ တယ်။

သူပြောခဲ့တဲ့ စကားတစ်ခွန်းဟာ ပြောင်မြောက်ခဲ့ပြီး သူ့ကို ယုံကြည်သူ၊ ဝန်းရံသူတွေလည်း ပိုများလာ စေခဲ့တယ်။ သူက ဘာပြောခဲ့လဲဆိုင်… “လူကြီးမင်းတို့ရဲ့ မျှော်လင့်ချက်ကို ကျွန်မ မလိုချင်ပါဘူး။ လူကြီးမင်း တို့ကို အများက မျှော်လင့်နေရတဲ့ သူတွေလည်း မဖြစ်စေချင်ပါဘူး။ ကျွန်မ လူကြီးမင်းတို့ကို စိတ်ပူပန်ပြီး စိုးရိမ်စိတ် ကြီးစေချင်တယ်။ လူကြီးမင်းတို့ အိမ်ကို မီးလောင်နေသလိုမျိုး ကြောက်လန့်တကြား အလုပ်လုပ် စေချင်ပါတယ်။ ဘာပြုလို့လဲဆိုတော့ အခြေအနေက အဲဒီအတိုင်း ဖြစ်နေလို့ပါ” တဲ့။ ဂရီတာဟာ များသော အားဖြင့် သူကိုယ်တိုင်လေ့လာသင်ယူထားတဲ့၊ ဆာလောင်နေတဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဗဟုသုတနဲ့ နားလည်မှုတွေရှိနေပြီး သူနားလည်သလို တည့်တည့်ပဲ ပြောလေ့ရှိတယ်။ သူရဲ့ အဖော် တွေကိုလည်း သူတို့ကိုယ်ပိုင် အနာဂတ်အတွက် မိမိတို့ကိုယ်တိုင် ပါဝင်လာစေဖို့ တိုက်တွန်းပြောဆိုလေ့ရှိပါ တယ်။

ပြီးခဲ့တဲ့ ရက်တွေအတွင်း ဂရိတာဟာ သတင်းဌာနတွေနဲ့ ပြောဆိုနေခဲ့ပြီး သူရဲ့ သတင်းစကားကတော့ နည်းနည်းမှ ပြောင်းမသွားခဲ့ပါဘူး။ အစိုးရတွေဟာ ကာဘွန်ဓါတ်ငွေ့ ထုတ်လွှတ်မှုတွေကို လျှော့ချရေးအတွက် လုပ်ဆောင်ကြဖို့ လိုနေပါတယ်။ ဒါက ကလေးလေး တစ်ယောက်တောင် အလွယ်တကူ နားလည် လက်ခံနိုင် လောက်အောင် ရှင်းလင်းတဲ့ အချက်ဖြစ်တယ်လို့ ဂရီတာက ပြောခဲ့တယ်။ နောက်ပြီး “ကျမတို့ဟာ လူ့သမိုင်းမှာ အကြီးဆုံးဘေးဒုက္ခကြီးရဲ့ အလယ်မှာ ရောက်နေပါပြီ။ ရိုးရိုးရှင်းရှင်း ပြောရမယ်ဆိုရင် ဒါကို ကာကွယ်တားဆီးဖို့ ဘာမှ လုပ်နေကြတာ မရှိသေးဘူး။ ကျွန်မတို့ အခုမြင်တွေ့ နေကြတာတွေက မျှော်လင့်စရာ အများကြီးရှိတဲ့ ပြောင်းလဲမှု အကြီီးကြီးတွေရဲ့အစပဲရှိသေးတယ်လို့ ထင်ပါတယ်” လို့လည်း သူကပြောခဲ့သေးတယ်။ အခုလည်း သူလုပ်နေတာတွေက မပြီးသေးဘူး။ တစ်ကမ္ဘာလုံး အတိုင်းအတာရှိတဲ့ နောက်ထပ် လူထုလှုပ်ရှားမှုကြီးတစ်ခု ကို မတ်လ ၁၅ ရက်မှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်တဲ့။ သူ့အကြောင်းကို ဖတ်ပြီးတော့လည်း ကျွန်တော့်သွေးသား တွေ ဆူပွက်လာတဲ့အထိ ခံစားခဲ့ရတယ်။ မြန်မာ့မြေပေါ်မှာလည်း အဲဒီလို လူငယ်မျိုးဆက်တွေ ပေါ်ထွန်းလာ စေဖို့ မျှော်လင့်မိတယ်။

အချုပ်ဆိုရရင် လူငယ်တွေဟာ မြန်မာပြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာ ကိုယ်ကျိုးစွန့်၊ အသက်စွန့် ပြီး ပါဝင်ဆောင်ရွက်ခဲ့ကြတယ်။ သူတို့ပါဝင် ဆောင်ရွက်ခဲ့လို့လည်း မြန်မာပြည်ဟာ နယ်ချဲ့အင်္ဂလိပ်လက် အောက်က လွတ်၊ စစ်အစိုးရလက်အောက်က လွတ်ပြီး အခုလို လွတ်လွတ်လပ်လပ် နေနိုင်ခဲ့တာ မဟုတ်လား။ ဒါကြောင့် သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုရဲ့ နောက်ဆက်တွဲပြဿနာဖြစ်တဲ့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေကို တိုက်ဖျက်ဖို့၊ ဟန့်တားဖို့ လူငယ်တွေ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက် စေချင်မိတာပါ။ ဒါမှလည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ပြီး လူသားမျိုးနွယ်စုတွေကို ကာကွယ်စောင့် ရှောက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်အောင်လည်း နိုင်ငံတော်အစိုးရအပါအဝင် လူကြီးတွေအနေနဲ့ လူငယ်တွေကို အသိပညာပြည့်စုံအောင် ဆောင်ရွက်ပေးခြင်း၊ ယုံကြည်စိတ်ချစွာ နေရာပေးခြင်းတို့ကို လုပ် ဆောင်ပေးသင့်ကြောင်း ရေးသားလိုက်ရပါတယ်။ ။

ရွှေလက်

About The Author

greenness_mm

No Comments

Leave a Reply