သဘာဝပတ်ဝန်းကျင်ပညာရေးအတွက် ဆရာ၊ဆရာမတွေကို အားကိုးပါရစေ

သဘာဝပတ်ဝန်းကျင်ပညာရေးအတွက် ဆရာ၊ဆရာမတွေကို အားကိုးပါရစေ

သဘာဝပတ်ဝန်းကျင်ပညာရေး ဆိုတဲ့စကားဟာ အများပြည်သူတွေနဲ့ စိမ်းတဲ့စကားလုံးလို့ဆိုရမှာပါ။ ကျနော်တို့နိုင်ငံ အဖို့မှာတော့ သဘာဝပတ်ဝန်းကျင်ပညာ ရေးဆိုတာ ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ ကလေးတွေကို စာစီစာကုံးပြိုင်ပွဲလုပ်ပေးတာထက် မပိုပါဘူး။ ဒီလိုစာစီစာကုံးပြိုင်ပွဲမျိုးမှာ တောင် ကျောင်းသူကျောင်းသားအားလုံး ပါဝင်တဲ့ပြိုင်ပွဲမျိုးမဟုတ်ပြန်ပါဘူး။ ကျောင်းတစ်ကျောင်းက စာအရဆုံး ကလေးနှစ်ယောက်သုံးယောက်ကို ပြိုင်ပွဲဝင်ခိုင်းလိုက်တဲ့သဘောပဲရှိပါတယ်။
ခုသင်ရိုးသစ်မှာ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်တဲ့ သင်ခန်းစားတွေ မြန်မာစာမှာရော၊ အင်္ဂလိပ်စာမှာပါ အထိုက်အ လျောက်ပါဝင်လာတာ တွေ့ရပါတယ်။ ဒီလိုသင်ခန်းစာတွေကို သင်ကြားပေးတဲ့အခါ ဆရာ၊ဆရာမတွေအနေနဲ့ သင်ခန်းစာပါ အကြောင်းအရာတွေတင်မက သင်ခန်းစာနှင့်ဆက်နွယ်နေတဲ့ အကြောင်းအရာတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့်ကလေးတွေကို ရှင်းလင်းပြောပြကြဖို့ မေတ္တာရပ်ခံလိုက်ရပါတယ်။
ကလေးတစ်ယောက် ကိုယ်သင်တဲ့ဘာ သာရပ်ကို တော်စေချင်တယ်ဆိုရင် ကိုယ်သင်တဲ့ဘာသာရပ်ကို ကလေးစိတ်ဝင်စားအောင်၊ ချစ်တတ်အောင်သင် ကြရတယ်ဆိုတာ ဆရာ၊ဆရာမတော်တော် များများသိကြပြီးသားဖြစ်မှာပါ။ ဒီတော့သဘာဝပတ်ဝန်းကျင်ဘာသာရပ်မှာလည်း သဘာဝကိုချစ်တတ်အောင်သင်ကြားပေးကြရမှာပဲဖြစ်ပါတယ်။
ကလေးတွေရဲ့သဘာဝက အငြိမ်မနေတတ်ကြပါဘူး။ ပန်းပင်မှာပန်းကလေးတွေပွင့်နေရင်ခူးချင်တယ်။ လမ်းဘေးမှာသစ်ပင်ကလေးတွေတွေ့ရင်တောင် အကြောင်းမဲ့ တုတ်နဲ့ရိုက်ချိုးတတ်ကြပါသေးတယ်။ ဒီလိုအသေးအဖွဲကိစ္စရပ်ကလေးတွေကအစ ပြုပြင်ပေးနိုင်ဖို့ လိုအပ်ပါတယ်။
ဆယ်ကျော်သက်အရွယ် ကျောင်းသူကျောင်းသားတွေဟာလည်း ပျော်ပွဲစားထွက်ရင်း တောတောင်ထဲမှာတွေ့တဲ့ ပန်းပင်တွေကို ပင်လုံးကျွတ် ကိုင်းတွေချိုးပြီး ခူးတတ်ကြတဲ့ အလေ့ရှိပါတယ်။ ခူးပြီးတော့လည်း အိမ်ယူသွား၊ ညိုးခြောက်သွားကြတာပါပဲ။ ဒီလိုလုပ်ရပ်တွေမလုပ်အောင် အစကတည်းက သဘာဝအလှတရားဆိုတာ ကိုယ်တစ်ဦးတည်းပိုင် မဟုတ်ဘူးဆိုတဲ့အသိကို ထည့်သွင်းပေးထားဖို့လိုအပ်ပါတယ်။
သဘာဝတရားဆိုမှတော့ သစ်ပင်တွေတင်ဘယ်ဟုတ်ပါ့မလဲ။ မြစ်တွေ၊ချောင်းတွေ၊ တောင်တန်းတွေ၊ တိရိစ္ဆာန်တွေ စသဖြင့် အားလုံးပါဝင်ပါတယ်။ မြစ်တွေ၊ချောင်းတွေသန့်ရှင်းဖို့ အရေးကြီးကြောင်း ကလေးတွေ လေးလေးနက်နက်သိဖို့လိုပါတယ်။ တိရိစ္ဆာန် တွေအပေါ် သနားကရုနာထားတတ်ဖို့သင်ကြားပေးတာဟာလည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီးသား ဖြစ်သလို ကိုယ်ချင်းစာတရားကိုလည်း ပွားများစေမှာဖြစ်ပါတယ်။
လက်ရှိအခြေအနေအရ ကျွန်တော်တို့နိုင်ငံဟာ ပညာရေးကို နေရာမျိုးစုံမှာ နည်းလမ်းအမျိုးမျိုးနဲ့ သင်ကြားနေကြရတာဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ပညာရေးနှင့်ပတ်သက်ပြီး လှုပ်ရှားမှုတွေလည်းမပြုလုပ်နိုင်ကြပါဘူး။ ဒါကြောင့် ကလေးတွေကို သဘာဝပတ်ဝန်းကျင်ပညာပေးဖို့ရာ ဆရာ၊ဆရာမတွေအပေါ်မှာပဲ အားထားရမှာဖြစ်တယ်လို့ ဆိုလိုက်ရခြင်းဖြစ်ပါတယ်။ ကျန်တဲ့အရာရာတွေ ဘယ်လိုပြောင်းလဲပြောင်းလဲ ကျွန်တော်တို့ရဲ့မျိုးဆက်တွေအတွက် ကျန်းမာစွာအသက်ရှင်နိုင်ဖို့ ကောင်းမွန်တဲ့သဘာဝပတ်ဝန်းကျင်ဟာ မရှိမဖြစ်လိုအပ်တယ်ဆိုတာ သတိရကြစေချင်ပါတယ်။
တက်နေထွန်း

About The Author

greenness_mm

No Comments

Leave a Reply