သဘာဝဘေးဒဏ် အသေးစားတွေကြောင့်

သဘာဝဘေးဒဏ် အသေးစားတွေကြောင့်

လေကြမ်းတိုက်တယ်ဆိုတာ မုန်းတိုင်းမဟုတ်တဲ့အတွက် သဘာဝဘေးဒဏ် အသေးစားလေးပါ။ ဒါပေမယ့် ဒီသဘာဝဘေးဒဏ်အသေးစားလေးတွေကို တောင် ခံနိုင်ရည်စွမ်းမရှိတဲ့ နေရာတွေ ကျွန်တော်တို့ နိုင်ငံမှာရှိနေတာ သိကြမှာပါ။ မတ်လအတွင်း လေကြမ်းတိုက်ခတ်လိုက်တော့ မိုးကာနဲ့နေကြရသူတွေခမျာ အတော်ဒုက္ခများကြရရှာပါတယ်။

မိုးကာတဲနဲ့နေနေကြရသူတွေအတွက် ခုလိုနွေရာသီမှာ ဘယ်လိုမှ အဆင်မပြေနိုင်ပါ။ ဒါကြောင့် နေ့ခင်းပိုင်းတွေမှာ အရိပ်ရအပင်တွေကို အားကိုးကြရမှာ ဖြစ်ပါတယ်။ သစ်ပင်ကြီးရှိတဲ့နေရာတွေမှာ နေကြရသူတွေအဖို့ ခံသာပေမယ့် သစ်ပင်ကျိုးတဲ့ကျဲတဲနေရာမှာ နေနေကြရသူတွေအဖို့တော့ မလွယ်လှပါဘူး။

ချင်းတောင်ပေါ်ကနေအိမ်တွေလည်း လေကြမ်းဒဏ်ကြောင့် အမိုးတွေလန်၊ အကာတွေလန်နဲ့ ခုမတ်လအတွင်း တော်တော်ပျက်စီးကြတယ်လို့ သတင်းတွေအရသိရပါတယ်။ ချင်းပြည်နယ်က ကန်ပက်လက်မှာ နေအိမ် ၁၀၀ ကျော်၊ မင်းတပ်မှာ နေအိမ် ၂၀၀ ဝန်းကျင်အထိ မတ်လအတွင်း လေကြမ်းတိုက်ခတ်မှုကြောင့်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ ဒီပျက်စီးမှုသတင်းတွေဟာ ပုံမှန်အခြေအနေမှာ လူစိတ်ဝင်စားလောက်တဲ့ သတင်းတွေဖြစ်ပေမယ့် လက်ရှိအနေအထားအရ အာရုံစိုက်ခြင်းမခံရပါဘူး။

နောက်တစ်ခုက ရေရှားပါးမှုနဲ့ ကြုံတွေ့ကြရတာပါ။ တောတောင်ထဲမှာ နွေရာသီဆိုရေကရှားပါးပြီး တချို့ဒေသတွေမှာ ရတဲ့ရေတွေက ချွဲပြစ်ပြစ်တွေဖြစ်တယ်လို့ဆိုပါတယ်။ သောက်ဖို့အတွက်တော့ ကျိုချက်ပြီးသောက်ကြရတယ်လို့ဆိုပါတယ်။ ကရင်နီဒေသဘက်တွေမှာလည်း ရေရှားပါမှုတွေကြုံတွေ့နေရလို့ ကူညီဆောင်ရွက်နေတဲ့ သတင်းတွေတွေ့ရပါတယ်။

ခုရက်ပိုင်းအတွင်း ချင်းပြည်မင်းတပ်မှာ မီးလောင်တော့ ငြိမ်းသတ်စရာရေမရှိလို့ ပြာကျအောင်ကြည့်နေလိုက်ရကြရတယ်လို့ဆိုပါတယ်။ ကျနော်တို့လူ့အဖွဲ့အစည်းဟာ ခုနေခါမှာ သဘာဝဒဏ်အသေးစားလေးတွေကိုတောင် ခံနိုင်ရည်စွမ်း၊ တုန့်ပြန်နိုင်စွမ်းမရှိတော့ပါကလားရယ်လို့ စိတ်မကောင်းဖြစ်ရပါတယ်။

ထိလွယ်ရှလွယ်ဖြစ်နေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရတဲ့အတွက် သတိကြီးကြီးထားနေနိုင်မှာတော်ကာကြပါလိမ့်မယ်။ သဘာဝဘေးဒဏ်ခံနေရတဲ့ ဒေသတွေကို လူတွေအနေနဲ့ခုထက်ပိုပြီး အာရုံစိုက်သင့်တယ်လို့လည်းမြင်မိပါတယ်။ နီးစပ်ရာတွေက တတ်နိုင်သမျှ ကူညီကြဖို့လည်းလိုပါတယ်။

ခုချိန်ရင်ဆိုင်နေရတဲ့ အခြေအနေတွေကြောင့် ကျနော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စဟာ နောက်ဆုံးပိတ်အဆင့်ကိုရောက်နေပါတယ်။ ဘယ်လိုအခြေအနေတွေမှာပဲ ဖြစ်ဖြစ် သဘာဝပတ်ဝန်းကျင်ကိစ္စကိုလည်း တတ်နိုင်သမျှလေး ထည့်သွင်းစဥ်းစားကြပါလို့လည်း တိုက်တွန်းလိုက်ပါရစေ။

ချမ်းမြ

About The Author

greenness_mm

No Comments

Leave a Reply