သရွတ်သွပ်ကိုကာကွယ်ကြ

သရွတ်သွပ်ကိုကာကွယ်ကြ

(ဧရာဝတီတိုင်းဒေသကြီး ဝါခယ်မမြို့ တစ်ဖက်ကမ်းရှိ သရွတ်သွပ်ချောင်းလေးနဲ့ ပတ်သက်ပြီး ကွယ်လွန်သူ ကဗျာဆရာမောင်သက်ငြိမ်က ရေးသားခဲ့တာကို အမှတ်တရအနေနဲ့ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါတယ်)

ကွယ်လွန်သွားပြီဖြစ်သောကဗျာဆရာနှစ်ယောက်၏ကဗျာနှစ်ပုဒ်မှ ကဗျာအပိုင်းအစအနည်းငယ်ကိုတင်ပြလိုသည်။
ပထမတပုဒ်မှာ
ကဗျာဆရာ “မောင်ချောနွယ်”၏”ရေထဲမြို့”ကဗျာ…
“ဟောဒီမှာ မြို့လေးတမြို့လေ
ကဗျာဆရာ”မာလာမေ”မြင်မသွားခဲ့ဖူးတဲ့မြို့
မြို့လေးတမြို့လေ
သူ့လယ်ကွင်းရင်ဘတ်ထဲက သော်ကဘုရားရယ်
သူ့နှလုံးသားရင်ဘတ်ထဲ
ဝင်ဝင်ခွေ့တတ်တဲ့မြောက်ပြန်လေရယ်
အဲဒီမြောက်ပြန်လေကပွေ့ပွေ့လာတဲ့
စပါးပင်ပျိုမလေးရဲ့ကိုယ်နံ့လေးရယ်
လမုပင်အုပ်ကလေးနဲ့ ချစ်ကြိုးသွယ်နေသူ
သရွတ်သွပ်ချောင်းကလေးရယ်”
ဒုတိယတပုဒ်မှာ
ကဗျာဆရာ”ငွေယံဦး”၏”မွှေးတို့ရဲ့မြို့”ကဗျာ…
“ခွေးပေါက်စတွေစုပြုံနို့စို့သလိုဆိပ်ကမ်းမှာ
လှေတွေ ပဲ့ထောင်တွေရယ်
ကူဘိုတာစက်တွေက နေ့နေ့ညညမြစ်ကို
တဖူးဖူးမှုတ်တယ်
ဝါးခယ်မကိုရောက်မှဖြစ်မယ်ပြောတဲ့
သရွတ်သွပ်ချောင်းကလေးရယ်”
ကဗျာနှစ်ပုဒ်လုံးတွင် ချောင်းကလေးတချောင်းအမည်ပါဝင်နေသည်။
“သရွတ်သွပ်”တဲ့
မြို့ကိုမြှားတစင်းချိန်ထားသလို တဖက်ကမ်းမှလှမ်း၍ချိန်ရွယ်ထားသောချောင်းကလေး
ဝါးခယ်မ-ကျွန်းကုန်း-အိမ်မဲ- ကျောင်းကုန်းလမ်း၏ အရေးပါသောချောင်းကလေး၊
ဘိုးဘွားဘီဘင်လက်ထက်ကစ၍
“ညောင်ဝိုင်း”ဒေသနှင့် “ရွာသစ်”ဒေသကို
ပုခုံးတဖက်ဆီမှာ ထမ်းပိုးတာဝန်ကျေခဲ့သောချောင်းကလေး၊ လမုပင်အုပ်ဆိုင်းဆိုင်းတို့နှင့်
စိမ်းလန်းခဲ့သောချောင်းကလေး၊ မဗေဒါတို့တသိုက် ပျော်ရွှင်စွာကခုန်ခဲ့သောချောင်းကလေး၊
သဘာဝတရားမှပေးအပ်သည့် ကြည်လင်သန့်ရှင်းသောရေအလျှင်တို့စီးဝင်ရာချောင်းကလေးဖြစ်သည်။
၁၉၉၀နောက်ပိုင်း ထိုဒေသကလေးမှာ စက်မှုလုပ်ကွက်သဖွယ်ဖြစ်လာခဲ့သည်။ ဆန်စက်ကြီး၊ဆန်စက်ငယ်များ အပြိုင်အဆိုင်ပေါ်လာသည်။
တိုင်းပြည်လျှပ်စစ်စွမ်းအားလိုအပ်ချက်
လောင်စာဆီ ပြဿနာများကြောင့်
စပါးခွံဓါတ်ငွေ့ဖြည့်လည်ပတ်သောဆန်စက်များ မှိုလိုပေါက်လာသည်။
စွန့်ပစ်ရေဆိုးများက “သရွတ်သွပ်”မျက်နှာပြင်ကိုအဆီတဝေ့ဝေ့။”သရွတ်သွပ်”ကြမ်းပြင်မှာစပါးခွံပြာများက အိမ်ယာထူထောင် တိမ်ကောစ ပြုလာပြီ။
ချောင်းရေကို သောက်ရန်မဆိုထားနဲ့ ချိုးရင်တောင် ဓါတ်ငွေ့နံ့တထောင်းထောင်း။
တကယ်တော့ ဆန်စက်လုပ်ငန်းလုပ်ကိုင်သူများကို “ခရိုနီ”ဟု ကျွန်တော်တို့မသတ်မှတ်ပါ။
“ခရိုနီ”ဆိုသည်မှာ အာဏာရှင်အစိုးရနှင့်ပေါင်း၍မိမိကိုယ်ကျိုးအတွက်တိုင်းပြည်ကိုရောင်းစားနေသူများဖြစ်သည်။
မိမိငွေကြေး၊ကံ၊ညာဏ်၊ဝရိယတို့ပေါင်းစပ်ကာ မိသားစုအတွက်ရှာဖွေနေသောလုပ်ငန်းရှင်များကို အပြစ်မပြောလိုပါ။
သို့သော် ဝိသမလောဘဆန်ဆန်လုပ်ကိုင်မှုများကို ရှောင်ကျဉ်သင့်သည်။
စနစ်တကျရေဆိုးထုတ်စနစ် စနစ်တကျစွန့်ပစ်ပစ္စည်းကိစ္စ ဘာတခုမှမရှိ။ ညအချိန်မတော် စပါးခွံနှင့်ဖုန်များကိုချောင်းအတွင်းသို့အသိတရားမဲ့စွာ သင်္ဘောလိုက်စွန့်ပစ်သည့်ကိစ္စ၊ မည်သူအရေးယူမည်နည်းဟု မေးရတော့မည်။
စစ်ဆေးသောအဖွဲ့အစည်းများလာသည်ကိုတွေ့ရသည်။ အချိန်တန်တော့ ဒုံရင်း။ တိုင်စာကိုမျှော်နေပုံရသည်။
၂၀၁၀ မှ ၂၀၁၄ထိ ဒေသခံများသေဆုံးလျှင် ၂၀ဦးတွင် ၁၈ဦးက အသဲကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ဘီပိုးစီပိုးသမားများက မှိုလိုပေါက်၍ သေမင်းခေါ်ချိန်ကို စောင့်နေရသည်။
မိမိတို့၏အကျိုးစီးပွားတခုထဲကိုမကြည့်ပဲ
ဒေသခံတို့၏ဒုက္ခကိုလဲကြည့်သင့်သည်
ဒေသခံလူထုနှင့်ထိပ်တိုက်မတိုးခင်ပြုပြင်ကြရန်
အကြံပေးလိုပါသည်။
ကျွန်တော်တို့ကတော့
“သရွတ်သွပ်”ကိုကယ်တင်ကြရပေတော့မည်။
အသိတရားရှိသောလုပ်ငန်းရှင်နှင့်
အသိတရားမဲ့သောလုပ်ငန်းရှင်ကိုခွဲထုတ်ရတော့မည်။
“သရွတ်သွပ်ကိုကာကွယ်ကြ”။ ။
မောင်သက်ငြိမ်

About The Author

greenness_mm

No Comments

Leave a Reply