သူ့ တစ်နေရာ (ဝတ္ထုတို)

သူ့ တစ်နေရာ (ဝတ္ထုတို)

၁။
သည်အရပ် သည်ဒေသတွင် သူ, ဘယ်အချိန်ကတည်းက တည်ရှိခဲ့မှန်း သူ,ကိုယ်တိုင်ပင် သေချာမသိ။ သူ, သိသည်က ကျယ်ပြောလှသော ကောင်းကင်ကြီးတစ်ခု သူ့,အပေါ် မှာ အုပ်မိုးနေသည်။ထို ကောင်းကင်ကြီး မှောင်လာသည့်အခါ ကြယ်ကလေးတွေကို ငေးခွင့် ရှိပြီး၊ကောင်းကင်ကြီး လင်းလာသည့်အခါ သူ့,တစ်ကိုယ်လုံး နွေးနေတတ်သည်။နေသာရုံ အနွေးဓာတ်မှတစ်ဆင့် တရိပ်ရိပ်မြင့်တက်လာသည့် အပူရှိန်နှင့်အတူ ခြောက်သွေ့ညစ်ညူးဖွယ် ကောင်းသော နေ့ရက်များကို မရှောင်သာ၊မလွှဲသာ ရောက်ရပြန်သည်။ထိုအချိန်မျိုးတွေဆီရောက်လာသည့်အခါ သူ့,အပေါ်ယံ မြေဆီလွှာတချို့ မခံမရပ်နိုင်အောင် အက်ကွဲလာ၏။
ထိုကာလကား သိပ်တော့မကြာပေ။သူ့, ခံနိုင်ရည်စွမ်းတို့ မကုန်ဆုံးမီပင် မိုးစက်မိုးပေါက်များ ရွာလေ့ရှိသည်။နေ့စဉ်ရက်ဆက် ရွာပါများတော့ သူ့,ကျောပေါ်က တောတန်းကလေးမှာ သက်ရင့်ပင်တို့ မြူးရွှင်ကြ၏။လိပ်ပြာရောင်စုံ၊ပန်းပေါင်းစုံဖြင့် ကျေးငှက်မျိုးစုံ တွန်သံအောက်ဝယ် သူ့,အသွင်က ကြည်နူးဖွယ်အတိ။
သူ,တင်မဟုတ်။ သူ့,ဝန်းကျင် တစ်ခွင်လုံးမှာလည်း အမျိုးတူ တောင်တန်းများက အရိုင်းဆန်သော ရိုးရှင်းမှုဖြင့် ပကတိအလှကို လှစ်ပြကြသည်။သည်လိုနှင့်ပင် နေ့ရက်များစွာ ပြောင်းလဲရင်းဖြင့် သူရှင်သန်ခွင့် ရခဲ့သည်မှာ နှစ်ကာလတို့ပင် မမှတ်မိတော့။ထို့အတူပင် သူ,ကိုယ်တိုင် နှစ်လို ကျေနပ်ခဲ့ပါသော ဖြစ်တည်မှုနှင့် အေးချမ်းဆိတ်ငြိမ်လွန်းသည့် ဝန်းကျင်လေးအား ရက်ရက်စက်စက် ရိုက်ချိုးဖျက်ဆီး ခံရလိမ့်မည်ဟုလည်း သူ,ဘယ်တုန်းကမျှ မတွေးဖူးခဲ့ပေ။သို့သော် သူ,မတွေးခဲ့ဖူးသော ထိုအရာတို့သည်…။
၂။
သူ့ တစ်သက်တာကာလအတွင်း တစ်ခါမျှမမြင်ဖူးခဲ့သည့် လူပေါင်းများစွာနှင့်အတူ ဆူဆူညံညံ အသံပေါင်းစုံတို့ သူ့ဝန်းကျင်ကလေးသို့ ရောက်လာကြသည်။မြင့်မတ်လှသော သူ့,ကျောပေါ်သို့ လူပေါင်းများစွာ တက်ကြည့်ကြရင်း…
“မနက်ဖြန်ဆို စက်တွေရောက်မယ်၊နေ့ဆိုင်း၊ညဆိုင်းခွဲပြီး သတ်မှတ်ရက်အတွင်း အမီလုပ်ကြပါ”
အသားနီစပ်စပ်၊အသံဝဲဝဲ၊မျက်ပေါက်ကျဉ်းကျဉ်းလူ၏ စကားကို အားလုံး ကျိုးနွံနေကြသည်။ တစ်ဦးနှင့်တစ်ဦး အော်ဟစ်ခေါ်သံ၊ဆူဆူညံညံ စက်သံတို့ဖြင့် နေ့ချင်းညချင်း ဆိုသလိုပင် သူ,တည်ရှိရာ ဝန်းကျင်တစ်ခုလုံး ရှူပ်ထွေးဆူညံ လာချေပြီ။
၃။
“ဂျီး ဂျီး ဂျီး “
ကြောက်မက်ဖွယ် အသံကြီးက တရစပ်ဆိုသလို အော်မြည်နေသည်။မြည်ဟည်းသံတို့နှင့်အပြိုင် တစစ်စစ်နာကျင်မှုက သူ့,ကျောပြင်တလျှောက်လုံး စိမ့်တက်လာ၏။သန်မာလွန်းသော လက်တံကြီးဖြင့် တရွေ့ရွေ့ ထိုးကော်လိုက်တိုင်း သက်ရင့်ပင်အိုတချို့ ပြက်ထွက်ကုန်သလို သက်နုပင်ပျိုတို့မှာ တဘိုင်းဘိုင်း လဲပြိုကုန်ကြသည်။တင်းခံနေသည့် အမြစ်ဆုံတို့ကို တဆတ်ဆတ်ဆွဲခါလိုက်တိုင်း သူ့,အရေပြားတွေ ပဲ့ထွက်ကုန်သည်။
“လုပ်ကွက် အသစ်ဆိုတော့ သစ်ပင်ကအရမ်းထူနေတယ်။လူတွေ မထိမိအောင် သေသေချာချာဂရုစိုက်ကြ ဟေ့ ။လှဲပြီးသားနေရာတွေကို တစ်ခါတည်း မီးရှို့ခဲ့ကြ”
ဘုရား…ဘုရား။သူ…သူဟာ လုပ်ကွက် အသစ်ဆိုပါလား။
“တော်ပါတော့၊တော်…ကြ…ပါ…တော့။နာ…ကျင်…လှ…ပါ…ပြီ”
နာကျင်မှုကို မခံနိုင်သည့်အဆုံး အဆက်မပြတ် အော်နေရသည်။သူ ဘယ်လောက်အော်အော် သစ်ပင်တို့က လဲပြိုဆဲ။အလျှံတငြီးငြီး မီးတောက်များက ပူပြင်းစွာ လောင်ကျွမ်းဆဲပင်။ငြင်းဆန်နိုင်ခွင့်မရှိသော ဘဝတွင် လူတို့ပြုသမျှ လည်စင်းခံရင်း သူ့ခန္ဓာ အစိတ်အပိုင်းတချို့တွင် အကာအကွယ်ကင်းမဲ့ ခဲ့ချေပြီ။
၄။
သည်ကနေ့တော့ သူ့,ကို တိုင်းထွာမှုတွေ လုပ်နေကြသည်။လူတချို့က သူ့,အပေါ်ယံ မြေလွှာပေါ်မှာ ကိရိယာပေါင်းစုံ လိုက်တပ်နေ၏။စိတ်တိုင်းကျအနေအထား ရသွားသည်နှင့် တောင်အောက်သို့ ဆင်းသွားကြသည်။
“ဝုန်း အုန်း ဝုန်း”
ကျယ်လောင်လွန်းသည့် အသံမှ မဆုံးမီ သူ့,ခန္ဓာအတွင်းပိုင်းတစ်ခုလုံး အပိုင်းပိုင်းအစစ ပြက်ထွက်ကုန်သည်။အဆုံးစွန်သော နာကျင်မှုကြောင့် သူ့,ကလီစာတွေ ပေါက်ပြဲကုန်သလို၊ အခိုင်အမာယှက်နွယ်ထားသည့် အကြောပေါင်း များစွာတို့ပါ အစိတ်စိတ်အမြွှာမြွှာကွဲအက် ကုန်၏။ယဲ့ယဲ့သာ ကျန်တော့သော ယိုင်နဲ့မှုဖြင့် သူ့,ကိုယ်သူ ပြိုလဲ မသွားအောင် အနိုင်နိုင် အားတင်းထားရသည်။သို့သော်…သူ, ကြာကြာ တောင့်မခံနိုင်တော့။အားပြင်းလှသော ယန္တရားများဖြင့် တရစပ် ဖြိုနေကြပြီ။ဖရိုဖရဲ ပဲ့ကြွေသွားသည့် သူ့,ခန္ဓာ အပိုင်းအစများကို သူ,ကိုယ်တိုင် ပြန်ငေးကြည့်ရင်း…။
ခံနိုင်ရည်စွမ်းတို့ မဲ့ခဲ့လေပြီ…။
၅။
သည်လိုနှင့်ပင် နာကျင်မှုကို ခါးစည်းခံရင်း နေ့ရက်များစွာ တိုက်စားခဲ့ပါပြီ။စိမ်းလန်းခြင်းမဲ့ သူ့ဝန်းကျင်ဝယ် လူတွေလည်း ပိုများလာသည်။သူ,တည်ရှိရာ မနီးမဝေးတွင် ရွာငယ်လေးတွေ တည်ခဲ့ကြသလို၊သူ့,ကိုလည်း ကျောက်စိမ်းထွက်ရာ မှော်တစ်ခုအဖြစ် ဝိုင်းဝန်း သတ်မှတ် လိုက်ကြသည်။စာသင်ကျောင်း၊ဘုန်းကြီးကျောင်းနှင့် ဈေးဆိုင်လေးတွေ အလျှိုလျှိုဖွင့်ကာ ရွာလေးတွေက စည်ကားလာသလို၊သူလည်း မူလနေရာမှာ နေခွင့်မရှိတော့။တစ်နှစ်ပြီးတစ်နှစ်၊ နေ့စဉ်ရက်ဆက် ဖဲ့ခြွေမှုကြောင့် သူ့,မူလနေရာဟောင်းဝယ် ချိုင့်ခွက်ကြီးတွေပင် ဖြစ်နေခဲ့ပြီ။
“ဝူး…ဝူး… ဝူး…”
ဟော…သူ,နေထိုင်ရာ နေရာသစ်ကို ဆယ်ဘီးကားကြီးတွေ တက်လာပြန်ပြီ။ကားပေါ်က မြေစာတွေကို သူ့,အပေါ်မှာ သွန်ကြဦးမည်။ယခု သူ,နေရသည့် အနေအထားမှာ ဟို ယခင် အချိန်ကထက်ပင် အဆများစွာ မြင့်မတ်နေ၏။သို့သော်…သူ့,တစ်ကိုယ်လုံးမှာ သိပ်သည်းမှု မရှိ။ထို့ကြောင့် ခွန်အားတို့ မဲ့နေသည့်နှယ် အမြဲတမ်း နွမ်းလျ နေခဲ့သည်။
“ရွှီ ရွှီ ရွှီ”
“ဝေါ ဝေါ ဝေါ”
ဝီစီသံတွေ ရပ်သွားသည့်အဆုံး သူ့,ဝန်းကျင်တစ်ခွင်လုံးမှာ လူတွေ အုံခဲ ပြည့်ကျပ်လာ၏။တဖျောဖျော သွန်ချသည်နှင့် လူတွေအလုအယက် တိုးဝှေ့ဝင်ကာ ‘တတောက်တောက်’မြည်အောင် ခေါက်ကြည့်ကြသည်။တချို့သော လူများကတော့ သူ့ခန္ဓာ၏ ခါးလယ်လောက်တွင် လေး,ငါးယောက် စုဖွဲ့ထိုင်ပြီး ‘သံတိုင်’၊’တူးရွင်း’စသည်တို့ဖြင့် အညှာအတာကင်းစွာ ထိုးဆွကြ၏။သံတိုင်တစ်ချက်စူးခနဲ စိုက်တိုင်း တစစ်စစ်ကျဉ်အောင် နာလှပါသည်။သို့သော်…သူပိုင်ဆိုင်သော အသားလွှာတို့က ဟိုယခင်လို ကျစ်လစ်မှုမရှိ၊ပွယောင်းယောင်းနှင့်ဖွယ်တယ်တယ်သာ။လူတို့ပြုသမျှ မနုချင်သော်လည်း အံတုနိုင်စွမ်း မရှိတော့ပေ။
နေ့စဉ်နေ့တိုင်းလိုလို မိုးလင်းသည်မှမိုးချုပ်သည့်တိုင် ဤသို့နှယ် ဖြတ်သန်းရင်းသာ ရာသီတို့ ရွေ့လျောပြန်၏။သူ,ကတော့ ပျက်စီးပြိုကွဲနေသည့် မျိုးနွယ်တူ အပိုင်းအစများကို မြင်လိုခြင်းမဲ့ပါလျက်က မရှောင်သာ မလွှဲသာ အကြိမ်ကြိမ် ငေးရင်း သူ့,ကျောပေါ်က တောတန်းကလေးကို တစ်ခါတရံမှာ လွမ်းဆွတ်မိသည်။တစ်ခါတလေကြပြန်တော့လည်း ကျေးငှက်ကလေးတွေ၏ တွန်ကျူးသံ၊လိပ်ပြာရောင်စုံ ၊ပန်းရောင်စုံဖြင့် စိမ်းလန်းသော ဝန်းကျင်ကလေးတစ်ခု ပြန်လည် ဖြစ်တည်ခွင့် ရလေဦးမလား ဆိုသည့် အတွေးဖြင့် အချိန်ကာလတစ်ခုကို မျှော်လင့်မိသည်။
သည်လိုနှင့်ပင် ရာသီစက်ဝန်း၏ အရွေ့အောက်မှာ မိုးစက်တွေ ဖြိုင်ဖြိုင်ကျ၍ စက်ယန္တရားများ ရပ်နားကြပြန်သည်။လူပေါင်းများစွာတို့သည် လုပ်ကွက်များကို လက်စသတ်၍ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ကုန်ကြ၏။မပြန်နိုင်သည့် လူတချို့ကတော့ သူရှိရာ အနီးအပါးတွင် တဲငယ်လေးများ ထိုး၍နေကာ သူ့,ထံ လာနေကြဆဲပင်။
၆။
မုတ်သုန်ရာသီ စဝင်သည်နှင့် မိုးစွေရက်များ စိပ်နေခဲ့သည်။စိမ့်ဝင်လာသော မိုးစက်များကို နှစ်သက်စွာပင် သူ,စုပ်ယူ၏။သို့သော်…သူ့,ခန္ဓာက မြင့်မတ်လွန်းတော့ အောက်ခြေထိတိုင် ပျော်ဝင်ခြင်း မရှိ။
မိုးမရွာသည့် နေ့မျိုးဆိုလျှင် အပူ၊အအေး မညီမျှမှုက သူ့,ကို တိုး၍ ဖိစီးလာသည်။တစ်စထက်တစ်စ အချိန်ကြာလာသည့်အခါ သူ့,ခန္ဓာ အလယ်ပိုင်းတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။ထိုအက်ကွဲကြောင်းများမှတစ်ဆင့် မိုးရေစက်များ စိမ့်ဝင်နိုင်ရန် နောက်တစ်ကြိမ် ရွာမည့်မိုးကို အားကိုးတကြီး မျှော်နေဆဲဝယ်…။
“ဒုတ် ဒုတ် ဒုတ် ချွင်”
“အတွင်းထိရောက်အောင်လှိုက်ထိုးကြည့်ပါဦးဟ…ငစိုးရ”
နေရောင်ဖျော့ဖျော့အောက်တွင် လူပေါင်းများစွာတို့က ပေါက်ချွန်း၊ဂေါ်ပြားတို့ဖြင့် လေးယောက်၊ငါးယောက်တစ်ဖွဲ့စီစုကာ သူ့,တစ်ကိုယ်လုံးကို တူးဆွနေကြသည်။
တစ်ချက်တစ်ချက် အတုံးကြီးများ ခံနေသောအခါ သံတိုင်ဖြင့် ကော်ထုတ်ကြ၏။
“ဟေး…အောင်မြိုင်တို့၊ဖိုးထွန်းတို့ ဒီကို လာဝိုင်းကြစမ်းဟေ့၊တော်တော်လေး အတုံးကြီးလို့ လူအားနဲ့ ထုတ်မှ ရမယ်”
ပြန့်ကျဲနေသော လူတချို့က တစ်နေရာတည်းသို့ အုံခဲလာ၏။တစ်ဆက်တည်းပင် သူ့,အပေါ်ယံ မြေလွှာများကို လူအားဖြင့် ယက်ထုတ်ကြသည်။ထို့နောက်…သံတိုင်ပေါင်းများစွာတို့ဖြင့် နှဲ့ကာနှဲ့ကာ ကော်ကြပြန်သည်။
သံတိုင်တစ်ချောင်း ထိုးစိုက်လိုက်တိုင်း အင့်ခနဲ နာကျင်မှုဖြင့် အက်ကြောင်း တို့က ပို,ဟလာသည်။
“တော်…တော်ကြပါတော့”
သူ,အော်ဟစ်နေခဲ့သော်လည်း လူတွေက နောက်မဆုတ်။သူ့,ခန္ဓာ အစိတ်အပိုင်းကိုသာ ဇောကပ်ပြီး ထုတ်နေကြသည်။
တလှုပ်လှုပ် နှဲ့သည့်ဒဏ်ကို သူခံနိုင်ရည် မရှိတော့ပါ။
ငြိမ့်ခနဲ တစ်ချက်တုန်ပြီး ဟန်ချက်အနည်းငယ် ပျက်သွားသည်ကို သူ,ကိုယ်တိုင်သာ အသိဆုံးပင်။
” တစ်…နှစ်…သုံး…”
အုပ်စုလိုက် ညာသံပေး၍ ခပ်ပြင်းပြင်းတစ်ချက် ကော်ကြပြန်၏။ သူ့,ခန္ဓာအစိတ်အပိုင်းကြီးတစ်ခု တရွေ့ချင်း လိမ့်ထွက်သွားသလို၊အလွှာနှစ်ခုကြားမှာ ဆက်စပ်နေသည့် အမာခံထုထည်လည်း လွတ်ထွက်သွားသည်။
“ဖရော”
ခပ်ပါးပါး အပေါ်ယံလွှာတချို့ ဖျောခနဲ ပြိုကျသွားသည်။သူ,ထိန်းချုပ်ဖို့ ကြိုးစားပေမဲ့ ဆက်စပ်နေသော အက်ကြောင်းတချို့က နည်းနည်းချင်း ထပ်ပဲ့ပြန်သည်။
“ဖျော ဖျော ဖျော”
မိုးရေတို့ဖြင့် နူးအိနေသော အပေါ်ယံအလွှာတချို့က ဖြည်းဖြည်းချင်း ဖိလာပြန်သည်။
သူ,တောင့်ခံဖို့ ကြိုးစားသော်လည်း သိမ့်ခနဲ တုန်ခါမှုက သူ့,တစ်ကိုယ်လုံးကို ခါချလိုက်၏။
“ဝုန်း အုန်း ဝုန်း”
“မြေစာပုံ ပြိုပြီဟေ့…ပြေး…ပြေး…”
ပြေးလွှားနေသည့် လူသားတို့အပေါ် သူ့,ကိုယ်လုံးကြီး ပြုတ်ကျသွားသည်။ သူ့,ခန္ဓာအစိတ်အပိုင်းများလည်း ပရမ်းပတာ လွင့်စင်ကုန်သည်။
သူ့,အောက် တည့်တည့်မှာတော့ ထိတ်လန့်တကြား အော်သံများနှင့်တုန်လှုပ်နေသော မျက်ဝန်းများစွာ။သူ့,နေထိုင်မှုပင် ပျက်ခဲ့မှတော့ လူတွေကို ဂရုစိုက်၍ မဖြစ်။
အခြားသော နေရာတစ်ခုမှာ သူ့,ဖြစ်တည်မှုကို ပြန်တည်ဆောက်ဖို့ အစိတ်အပိုင်းတချို့ကို စုစည်းလိုက်သည်။ထို့နောက်… ပြိုကျနေဆဲ အရှိန်အဟုန်နှင့်အတူ အားကုန်ထုတ်ကာ ပြေးထွက်လိုက်၏။
နောက်ကိုတစ်ချက် လှည့်ကြည့်လိုက်တော့ ပြန့်ကြဲနေသည့်အပိုင်းအစများက အင်နှင့်အားနှင့် လိုက်ပါလာသည်။
သူ,ပြေးနေသည့် လမ်းကြောင်းပေါ်မှာ လူတွေကလည်း ပြေးလွှားနေသည်။သူကြိုးစားပြီး တိမ်းရှောင်သေး၏။ တိမ်း၍ရှောင်၍ မလွတ်တော့သည့်အဆုံး သူတို့ကို ဝင်တိုက်မိသည်။
ညည်းတွားသံတို့ ပွက်လောရိုက်ကုန်သည်။ လူပေါင်းများစွာ လဲပြိုကုန်၏။သူ,မည်သို့မျှ မတတ်နိုင်တော့ပေ။သူ,ကိုယ်တိုင်ပင် အဘယ်အရပ်၌ အဆုံးသတ်မည်မှန်း သေသေချာချာ သိလှသည်မဟုတ်။
သူ,သိသည်က စမ်းချောင်းကလေး၊တောတန်းလေးနှင့် စိမ်းလန်းခြင်းတို့ကို ပြန်လိုချင်သည်။ထိုသို့ ပြန်ရနိုင်မည့် နေရာလေးတစ်ခုဆီ သူရောက်ချင်၏။
ခပ်ယဲ့ယဲ့မျှော်လင့်ခြင်းတချို့ သူ့တွင် အသေအချာရှိနေသည်။သူ့ရှေ့ကို မျှော်ကြည့်လိုက်တော့ တဲအိမ်လေးတွေကို မြင်လိုက်ရသည်။ထိုတဲအိမ်လေးတွေ၏ ထရံများပေါ်ဝယ် အမျိုးသမီးကြီးတစ်ဦး၏ ဓာတ်ပုံလေးတွေကို တမြတ်တနိုးချိတ်ထားတာ မြင်ရပြန်သည်။
“ဘုရားရေ…ကလေးတွေ …ကလေးတွေ…တဲအိမ်လေးတွေပေါ်မှာ ကလေးငယ်လေးတွေကျန်နေပါလား”
သူ့အရှိန်ကို ရပ်တန့်နိုင်ဖို့ ့အားကုန်သုံး၍ တင်းခံကြည့်သည်။ သို့သော်မရ။ ပြိုကျနေဆဲအပိုင်းအစများကြောင့် သူ့,အရှိန်က ပိုမြန်လာ၏။
တောင့်ခံနိုင်စွမ်း မရှိတော့သည့်အဆုံး သူ့ရှေ့ကအရာအားလုံးကို …ကြမ်း…တမ်း…စွာ…တိုက်…စား…ရင်း…ပင်…..။
**နွေမိုးဝေ**

About The Author

greenness_mm

No Comments

Leave a Reply