အဆိပ်သင့်ညစ်ညမ်းနေသည့် မြန်မာ့မြစ်ချောင်းများ

အဆိပ်သင့်ညစ်ညမ်းနေသည့် မြန်မာ့မြစ်ချောင်းများ

မြန်မာပြည်တွင် မြစ် ချောင်း အင်း အိုင်များသည် လှပစွာ သွယ်ယှက်စီးဆင်းနေသောကြောင့် ရေချိုနှင့် ရေထွက်သယံဇာတများ အလွန်ပေါကြွယ်ဝပါသည်။ မြန်မာပြည်သူများသည် မြို့ ရွာများကို မြစ် ချောင်းများ အနီးတွင် တည်ထောင်ခဲ့ကြပြီး ကူးသန်းသွားလာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် သောက်သုံးရေရရှိရေးအတွက် မြစ် ချောင်းများကို အသုံးပြုခဲ့ကြသည်။ နောက်ပိုင်းတွင် မြစ် ချောင်းများအနီးတွင် စက်ရုံအလုပ်ရုံများ တည်ဆောက် ခဲ့ကြသည်။ မြန်မာလူမျိုးအများစုသည် မြစ် ချောင်းများကို နည်းလမ်းအမျိုးမျိုးဖြင့် အသုုံးချကာ အသက်ရှင်သန် နေထိုင်ခဲ့ကြသော်လည်း မြစ် ချောင်းများကို တန်ဖိုးထားရကောင်းမှန်းမသိခဲ့ပေ။ မြစ် ချောင်းများကို အမှိုက်ပုံး သဖွယ် သဘောထားကာ အမှိုက်သရိုက်နှင့် အညစ်အကြေးများ၊ အခြားစွန့်ပစ်ပစ္စည်းများ စွန့်ပစ်ခဲ့ကြသည်။ အဆိုးဆုံးကတော့ စက်ရုံ အလုပ်ရုံများမှ သက်ရှိသတ္တဝါများကို အန္တရာယ်ဖြစ်စေနိုင်သော အညစ်အကြေး၊ အမှိုက်နှင့် ရေဆိုးများကို စွန့်ပစ်ခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်ရှိ အဓိကမြစ်ကြီးများဖြစ်သည့် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းမြစ်အပါအဝင် ဒုဌဝတီ၊ နေရဥ္ဇရာ၊ ပန်းလှိုင်မြစ်နှင့် အခြားမြစ်များ၊ ဥရုချောင်း အပါအဝင် ချောင်းငယ်များသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုညစ်ညမ်းလာခဲ့ပြီး အချို့မှာ သောက်သုံးရန်မသင့် တော့သည့်အနေအထားသို့ပင် ရောက်ရှိခဲ့ပြီဖြစ်သည်။
လက်ရှိတွင် နော်ဝေနိုင်ငံ ရေသုတေသနဌာန(Niva)အဖွဲ့၏ လေ့လာဆန်းစစ်ချက်အရ ပဲခူးမြစ်ရေ သည် အလွန်ညစ်ညမ်းနေသောကြောင့် ညစ်ညမ်းမှုအဆိုးရွားဆုံး အနီရောင်အဆင့်(သောက်သုံးရန်မသင့်) အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ ထိုနည်းတူ ချင်းတွင်းမြစ်ရေသည် ၂၀၁၆ ခုနှစ် သြဂုတ်လက အမည်းရောင်သို့ ရုတ်တရက် ပြောင်းလဲခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ လူအများ သောက်သုံးရန်မသင့်ဟု ကြေညာချက် ထုတ်ပြန်ထားခဲ့သည်။ သို့သော်လည်း ချင်းတွင်း မြစ်နံဘေးရှိ ကျေးရွာများသာမက မြစ်နံဘေးရှိ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝ မြို့၊ မင်းကင်းမြို့၊ ကနီမြို့၊ မုံရွာမြို့တို့တွင် နေထိုင်ကြသော ဒေသခံများအနေနှင့်လည်း ချင်းတွင်းမြစ်ရေကို အသုံးပြုမှု ရှိနေသေးကြောင်း သတင်းများတွင် ဖတ်ရပါသည်။
မြန်မာပြည်ရှိ မြစ် ချောင်းအများစုသည် ပဲခူးမြစ်နှင့် ချင်းတွင်းမြစ်ကဲ့သို့ သောက်သုံးရန်မသင့်ဟု ကြေညာချက်ထုတ်ပြန်ထားခြင်းမရှိသော်လည်း သောက်သုံးရန်မသင့်အနေအထားများနှင့် ရင်ဆိုင်နေရပါသည်။ ထိုကဲ့သို့ မြစ်ချောင်းများ ညစ်ညမ်းနေရခြင်းမှာ စက်ရုံအလုပ်ရုံများမှ အညစ်အကြေးနှင့် ရေဆိုးစွန့်ထုတ်ခြင်း၊ ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ပြဒါးနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုသည့် ဓာတုမြေသြဇာ၊ ပိုးသတ်ဆေးများ ရေထဲတွင် ပျော်ဝင်နေခြင်းကြောင့် အဓိကဖြစ်ပွားနေရခြင်းဖြစ်သည်။ ထိုကဲ့သို့ မြစ်ချောင်းများ ညစ်ညမ်းနေရသည့်ဖြစ်စဉ်များကို လက်လှမ်းမီသလောက် အနည်းငယ်တင်ပြလိုပါသည်။

အဆိပ်သင့် ဧရာဝတီ

ဧရာဝတီမြစ်သည် မြန်မာပြည်မြောက်ပိုင်းမှ တောင်းပိုင်းအထိ စီးဆင်းနေသည့် မြန်မာပြည်၏ အသက် သွေးကြောမြစ်ကြီးဖြစ်သည်။ ဧရာဝတီမြစ်ထဲတွင် ခေတ်အဆက်ဆက်က သမိုင်းကြောင်းများ၊ သူရဲကောင်းများ ၏ သွေးများ၊ ယဉ်ကျေးမှုအမွေအနှစ်များ စီးဆင်းခဲ့သည်။ ဧရာဝတီမြစ်ဝှမ်းဒေသသည် မြန်မာပြည်၏ ၆၀ ရာခို်င်နှုန်းကို လွှမ်းမိုးထားပြီး မြို့ပေါင်း ၂၁၅ မြို့နှင့် ရွာပေါင်း ၁၉၄၄၃ ရွာတွင် လူဦးရေ ၂၄ သန်း အမှီပြု နေထိုင်ပါသည်။ လူအများစုသည် ဧရာဝတီမြစ်ရေကို နည်းလမ်းအမျိုးမျိုးဖြင့် အသုံးပြုခဲ့သည်မှာ နှစ်ပေါင်း များစွာ ကြာသည့်တိုင် မည်သည့်ပြဿနာမှ ဆိုးဆိုးရွားရွားမကြုံတွေ့ခဲ့ရပေ။
နောက်ပိုင်းတွင် ဆည်မြောင်း၊ တာတမံများ တည်ဆောက်ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်ခြင်း၊ ရွှေ သတ္တုတူးဖော်ရေး လုပ်ငန်းများ စည်းကမ်းမဲ့ အဆမတန် လုပ်ကိုင်ခြင်း၊ စက်ရုံ အလုပ်ရုံများမှ ရေဆိုးများ စည်းကမ်းမဲ့ စွန့်ပစ်ခြင်း တို့ကြောင့် ဧရာဝတီမြစ်ရေမှာ ညစ်ညမ်းလာခဲ့သည်။ ငါး ပုစွန်များ ရှားပါး လာခြင်း၊ ဧရာဝတီလင်းပိုင် အကောင်ရေလျော့ကျလာခြင်း၊ လူများ ကျန်းမာရေးထိခိုက်ခြင်းတို့ ဖြစ်ပေါ်လာခဲ့ သည်။ ဖြစ်စဉ်များအနက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာအုပ်စု အတွင်း တည်ရှိသော ဂရိတ်ဝေါသကြားစက်ရုံနှင့် အီသနောစက်ရုံတို့မှထွက်ရှိသော စွန့်ပစ်ရေဆိုးများကို ဧရာဝတီမြစ်အတွင်း စွန့်ပစ်ခြင်းနှင့် စက်ရုံဝန်းအတွင်းရှိ ရေဆိုးကန်များကြောင့် ပတ်ဝန်းကျင်တွင် အနံ့အသက် များ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေသည့်ပြင် ယင်းဒေသတွင် ငါး၊ ပုစွန် ဖမ်းဆီးရရှိမှုများပါ သိသိသာသာ လျော့ နည်းသွားသည့်ဖြစ်စဉ်မှာ သတင်းစာများတွင် မကြာခဏတွေ့နေရသဖြင့် ထင်ရှားသည်ဟု ဆိုနိုင်ပါသည်။

အဆိပ်သင့် ပန်းလှိုင်

ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာရှိ ကျားမင်းကြီး အရက်ချက်စက်ရုံ (ဆားမလောက် အရက် ချက်စက်ရုံ)မှ ထွက်ရှိသော အနံ့ဆိုးများနှင့် ပန်းလှိုင်အတွင်းသို့ စွန့်ထုတ်သည့် ရေဆိုးများကြောင့် ကျေးရွာ ၂၀ ကျော်မှ ဒေသခံပြည်သူများမှာ အဆုတ်ရောဂါ၊ ကင်ဆာရောဂါများနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန် ဆိပ်တက်ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းများ ဖြစ်ပွားလာကြောင်း သတင်းများတွင် ဖတ်ရပါသည်။ ထို့အပြင် အရက် ချက် ရုံမီးခိုးခေါင်းတိုင်မှ ထုတ်လွှတ်သည့် ဖွဲပြာနှင့် မီးခိုးများကြောင့် အိမ်ခေါင်းမိုးများ အက်စစ်စား၍ ပျက်စီး ခြင်း၊ အိမ်အပြင်တွင် အဝတ်အစားထုတ်လှန်းမရခြင်း၊ စွန့်ပစ်ရေဆိုးများကြောင့် ပန်းလှိုင်မြစ်ရေကို သုံးစွဲမရ တော့သည့်ပြင် ရေသတ္တဝါများပါ ရှားပါးလာခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။ ထို့အပြင် ရွှေပြည်သာနှင့် လှိုင်သာယာတွင် ရှိသည့် စက်ရုံများကြောင့် ပန်းလှိုင်မြစ်၏ ဂေဟစနစ်များ ပျက်စီးနေပြီး သား၊ ငါးများ ရှားပါးလာခဲ့ရသည်။ တစ်ဆက်တည်းပြောရလျှင် ရေထုညစ်ညမ်းမှုကြောင့် လှိုင်မြစ်ထဲမှ နာမည်ကြီး တံခူးခြံ ငါးသလောက်များ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီ ဖြစ်သည်။ စစ်တောင်းစက္ကူစက်ကြောင့်လည်း စစ်တောင်းမြစ် မှာ ညစ်ညမ်းနေပြီး ရေနေသတ္တဝါများပျက်စီးဆုံးရှုံး နေရသကဲ့သို့ ဒေသခံများ၏ စားဝတ်နေရေးပုံသဏ္ဍာန်များ လည်း ပြောင်းလဲကျပ်တည်းလာခဲ့ရသည်။

အဆိပ်သင့် ဒုဌဝတီ

မန္တလေးစက်မှုဇုန်ရှိ စက်ရုံ ၉၀ ကျော်မှ ထွက်ရှိသောရေဆိုးများကို ပိုက်လိုင်းနှင့် သွယ်တန်းပြီး ဒုဋ္ဌဝတီမြစ်ထဲကို ၂၄ နာရီပတ်လုံး စွန့်ထုတ်နေမှုကြောင့် မြစ်အောက်ပိုင်းတစ်လျှောက်ရှိ ကျေးရွာများတွင် သောက်သုံးရေအခက်အခဲနှင့် ကျန်းမာရေးပြဿနာများ ဆိုးရွားစွာ ကြုံတွေ့နေရသည်။ ထို့အပြင် အဆိုပါ စွန့်ပစ်ရေတွင် အာဆင်းနစ်ဓာတ် ပါဝင်မှုသည် သတ်မှတ်စံနှုန်းထက် အဆ ၄၅၀ ခန့် များပြားလျက်ရှိကြောင်း လွန်ခဲ့သည့် လအနည်းငယ်က သတင်းများထွက်ပေါ်ခဲ့သည်။ ဒုဋ္ဌဝတီမြစ်ရေ အရည်အသွေးတိုင်းတာ စစ်ဆေး မှုများအရ မြစ်ရေတွင် အလူမီယံ၊ အာဆင်းနစ် (အဆိပ်ဓာတ်)နှင့် သံဓာတ်ပါဝင်မှုမြင့်မားနေကြောင်း၊ ဆီနှင့် အဆီ အများဆုံးပါဝင်မှုသည် သတ်မှတ်စံနှုန်းထက် အဆ ၆၀ ခန့်၊ အမှုန်အမွှားပါဝင်မှုသည် သတ်မှတ်နှုန်း ထက် ၈၈ ဆခန့် ပိုမိုများပြားနေကြောင်း အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ ဆိပ်သင့် မြစ် ချောင်းများ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြစ်ချောင်းများတွင် စက်မှုဇုန်တချို့၏ စွန့်ပစ်ရေဆိုးများကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ရန်ကုန်မြို့ စက်မှုဇုန် အနီးဝန်းကျင်ရှိ ရေများကို ဓာတ်ခွဲစမ်းသပ်မှု အရ ရေနေသတ္တဝါများ၏ ဂေဟစနစ်ကို ထိခိုက်စေနိုင်သည့် ဇီဝနှင့်ဓာတုဆိုင်ရာ အောက်ဆီဂျင် လိုအပ်ချက် (BOD & COD) ဓာတ်များပါဝင်မှု များပြားနေသည်။ စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းက ၂၀၁၄နှင့် ၂၀၁၅ခုနှစ် (၂) နှစ်တာအတွင်း လှိုင်သာယာနှင့် ရွှေပြည်သာစက်မှုဇုန်တို့ကို ခြောက်လတာ စောင့်ကြည့် တိုင်းတာခဲ့ပါသည်။ တိုင်းတာချက်များအရ ရေများတွင် ဇီဝနှင့် ဓာတုဆိုင်ရာ အောက်ဆီဂျင်လိုအပ်ချက်(BOD &COD)၊ ကလိုရိုက်၊ နောက်ကျိကိန်း၊ ရေစေးရေသွက်ဖြစ်မှု၊ သံဓာတ်များသည် သတ်မှတ်ချက်ထက် များပြားနေကြောင်း သိရသည်။ ထို့အပြင် Heavy Metal (ခေါ်) ဒြပ်ထုအလေးဆကြီးမားသည့် သတ္တုဓာတ် များကို တိုင်းတာခဲ့ရာမှာလည်း ခဲဓာတ်၊ ကက်ဒမီယမ်သတ္တုဓာတ်၊ သံဓာတ်နှင့် အာဆင်းနစ်ဓာတ် ပါဝင်မှုဟာ စံနှုန်းထက် ကျော်လွန်နေခဲ့သည်။ ထိုကဲ့သို့အခြေအနေတွင် ထိုရေများကို သောက်သုံးရန်မသင့်ပေ။
ကျွန်တော်တို့ မြန်မာလူမျိုးများသည် မြစ် ချောင်းများ၏ အထောက်အပံ့ကို ရသလောက်နှိုက်ယူပြီး ပြန်လည်ပေးဆပ်ရန် မေ့လျော့ခဲ့ကြသည်။ ထိုအချိန်တွင် လူနည်းစုက လောဘဇောတက်ပြီး မြစ် ချောင်းများ အဆိပ်သင့်ညစ်ညမ်း ပျက်စီးစေနိုင်သောလုပ်ငန်းကို စည်းမဲ့ကမ်းမဲ့ လုပ်ဆောင်ခဲ့သောကြောင့် ပျက်စီးခြင်း ဘက်သို့ ရောက်ခဲ့ရသည်။ မြစ် ချောင်းများ အဆိပ်သင့် ညစ်ညမ်းလာသောကြောင့် မြစ် ချောင်းတစ်လျှောက်နှင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်ကြသော လူများသည် ကျန်းမာရေး၊ စား ဝတ် နေရေးများ ထိခိုက်ဆုံးရှုံးခဲ့ကြရပြီး ရေနေသတ္တဝါများ သေကြေပျက်စီးခဲ့ကြရသည်။ ထို့ကြောင့်လည်း လက်ရှိအစိုးရလက်ထက်တွင် မြစ် ချောင်း များ အဆိပ်သင့် ညစ်ညမ်းမှုများ လျော့ကျစေရန် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်လာခဲ့ကြသည်။

မြစ် ချောင်းများ အဆိပ်သင့် ညစ်ညမ်းမှုလျော့နည်းစေရေး

နိုင်ငံတော်အစိုးရအနေဖြင့် မြစ် ချောင်းများ အဆိပ်သင့် ညစ်ညမ်းမှုလျော့နည်းစေရေး ဆောင်ရွက်ရာ တွင် စက်ရုံ အလုပ်ရုံများ၏ စွန့်ပစ်အမှိုက်နှင့် ရေဆိုးစွန့်ထုတ်မှုများကို စနစ်တကျစစ်ဆေးပြီး ထိထိရောက် ရောက် အရေးယူဆောင်ရွက်ရမည်။ ရွှေ၊ သတ္တုတူးဖော်သည့်လုပ်ငန်းများကို စနစ်တကျစစ်ဆေး အရေးယူရ မည်။ ပြည်တွင်း ပြည်ပ ပညာရှင်များ၏ အကြံဉာဏ်ကိုရယူကာ အထိရောက်ဆုံး ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့အပြင် မြစ်ကမ်းဘေးနေ ပြည်သူများကလည်း မြစ် ချောင်းများအတွင်း အညစ်အကြေးနှင့်အမှိုက်များ စွန့်ပစ် ခြင်း၊ စိုက်ပျိုးရေးသုံး ဓာတုဆေးများကို စနစ်တကျအသုံးပြုခြင်းများ ဆောင်ရွက်ရန်လိုပါသည်။ သို့မှသာ မြန်မာပြည်တွင်ရှိသော မြစ် ချောင်းများ အဆိပ်သင့် ညစ်ညမ်းနေရသည့်ဘေးအန္တရာယ်မှ လျော့ကျသက်သာ စေမည်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။ ။

ရွှေလက်
7Day Daily(13.2.17)

About The Author

greenness_mm

No Comments

Leave a Reply