အထူးသတိထားဖွယ် မုန်တိုင်းအန္တရာယ်

အထူးသတိထားဖွယ် မုန်တိုင်းအန္တရာယ်

တကယ်တမ်းပြောရရင် မုန်တိုင်းဆိုတာ မြန်မာပြည်သူတွေနဲ့ စိမ်းတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဟိုးအရင်က မုန်တိုင်းဖြစ်ပြီဆိုရင် မုန်တိုင်းတွေဟာ ရခိုင်ကို ဝင်ရင်ဝင်၊ မဝင်ရင် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကို ဝင်နေကျဖြစ်တဲ့အပြင် မြန်မာပြည်မှာ တိုက်ခတ်ခဲ့သမျှ မုန်တိုင်းတွေဟာ ပျက်စီးဆုံးရှုံးမှု အလွန်အကျွံ မဖြစ်ခဲ့တာကြောင့် မုန်တိုင်းကို ဘယ်သူကမှ ကြောက်စရာကောင်းတဲ့ အရာလို့ မထင်ခဲ့ကြဘူး။ အဲဒီအချိန်မှာပဲ ၂၀၀၈ ခုနှစ်မှာ မြန်မာပြည်ကို ဝင်ရောက် ရမ်းကားခဲ့တဲ့ အတွက် လူပေါင်း တစ်သိန်းခွဲနီးပါး သေဆုံးမှုနဲ့အတူ ဘဝပေါင်းများစွာ၊ နေအိမ်၊ အဆောက်အအုံ ပေါင်းများစွာ ပျက်စီး ဆုံးရှုံးခဲ့ရတယ်။ နိုင်ငံတော်ဘဏ္ဍာငွေများစွာ ဆုံးရှုံးနစ်နာခဲ့ရတယ်။ အဲဒီတော့မှ ပြည်သူတွေဟာ မုန်တိုင်းကို သတိထားရကောင်းမှန်း သိလာကြတယ်။ မုန်တိုင်းဆိုတာကို ကြောက် တတ်လာခဲ့ကြတယ်။
မိုးဦးလေဦးရောက်လို့ မိုးကလေးတစ်အုံ့အုံ့၊ လေကလေးတစ်လှုပ်လှုပ်၊ လှိုင်းကလေးတစ်ငြိမ့်ငြိမ့်ဖြစ် လာပြီဆိုတာနဲ့ ပြည်သူအများစုဟာ စိုးရိမ်ထိတ်လန့်နေတော့တယ်။ အထူးသဖြင့် တစ်ခါသေဖူးလို့ ပျဉ်ဖိုး နားလည်သွားကြတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေက အဆိုးဆုံးပေါ့။ မုန်တိုင်းလို့တောင် မပြောရသေးဘူး။ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပြီဆိုတာနဲ့ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေကြပြီ။ မုန်တိုင်းလွတ်ရာ ကုန်းတွင်းပိုင်းကို ပြောင်းရွှေ့ဖို့ကြံရွယ်နေကြပြီ။
ဒါ့အပြင် နာဂစ်မုန်တိုင်းဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာ မုန်တိုင်းနဲ့ပတ်သက်တဲ့ ကောဟလတွေအမျိုးစုံကိုလဲ ကြားလာရပြီး ပြည်သူတွေဟာ ကျီးလန့်စာစားနေရတဲ့အဖြစ်မျိုးဖြစ်နေခဲ့ရပါတယ်။ ည ၁၂နာရီမှာ နာဂစ်ထက် ပြင်းတဲ့ မုန်တိုင်းကြီး ရန်ကုန်ကို ဝင်တော့မယ်။ ရေတွေ တက်တော့မယ် စသဖြင့် ထိတ်ထိတ်ပြာပြာဖြစ်စေတဲ့ ကောလဟလတွေကြောင့် ပြည်သူတွေ အအိပ်ပျက်အစားပျက်ဖြစ်ခဲ့ရတယ်။ အဲဒီအချိန်မှာ တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုသလို ဝိသမလောဘသားတွေက ကုန်ပစ္စည်းတွေကို စျေးမြှင့်ပြီး ရောင်းလာကြတယ်။ ပြည်သူတွေကလဲ မုန်တိုင်းဝင်မယ်ဆိုတော့ ရိက္ခာစုထားတဲ့အနေနဲ့ ဘာကိုမှ ကွန်ပလိန်းမတက်ဘဲ ရောင်းတဲ့စျေးနဲ့ဝယ်တာတွေကို တွေ့နေရပါတယ်။ အဲဒီလို သတင်းတွေ ကြားရတော့ ကျွန်တော် တော်တော်စိတ်မကောင်း ဖြစ်ရပါတယ်။ နာဂစ်ဖြစ်ပြီးနောက်ပိုင်း ပြည်သူတွေဟာ မိုးလေးဝသ သတင်းတွေကို ပိုမိုဂရုစိုက်နားထောင်လာကြပေမဲ့ စိုးရိမ်မှုတော်တော်လွန်ကဲနေတာ တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်က မုန်တိုင်းနဲ့ပတ်သက်ပြီး ပြည်သူတွေအသေးစိတ်သိရအောင် ဒီဆောင်းပါးကို ရေးလိုက်ရတာပါ။
မုန်တိုင်းဆိုတာဘာလဲ
မုန်တိုင်းဆိုတာ ကမ္ဘာ့မြောက်ခြမ်းဒေသတွေမှာဖြစ်ပေါ်တဲ့ လေဖိအားနည်းရပ်ဝန်းအတွင်း နာရီလက်တံ ပြောင်းပြန်လည်ပတ်ပြီး ပြင်းပြင်းထန်ထန် ဝေ့ဝိုက်တိုက်ခတ်နေတဲ့ လေစိုင်ဝဲကြီးတစ်ခုဖြစ်ပါတယ်။ အဲဒီလေစိုင် ဝဲကြီးက မိုးတိမ်တိုက်ကြီးတွေစုစည်းပြီး အချင်းဝက် မိုင် ၅၀ ကနေ မိုင် ၅ဝဝထိ ကျယ်ဝန်းတတ်သလို ရေမျက်နှာပြင် အမြင့်ပေ ၄၀၀၀၀ ခန့်ထိ ထုထည်ကြီးမားနိုင်ပါတယ်။ ဒါကြောင့် မုန်တိုင်းဟာ ဖျက်အား အလွန် ကြီးမားတဲ့ သဘာဝဘေးတစ်ခုလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။
မုန်တိုင်းဖြစ်ပေါ်ဖို့ဘာတွေလိုအပ်သလဲ
မုန်တိုင်းတစ်ခုဖြစ်ပေါ်ဖို့ဆိုရင် ကြီးမားကျယ်ပြန့်တဲ့ ရေပြင်ကျယ်ရှိပြီး အဲဒီရေပြင်ရဲ့မျက်နှာပြင် အပူချိန် ဟာ တစ်ဖြည်းဖြည်းမြင့်တက်နေဖို့ လိုပါတယ်။ ရေမျက်နှာပြင်အပူချိန်ဟာ ၂၆ ဒသမ ၅ ဒီဂရီစင်တီဂရိတ် အထက် မြင့်တက်လာတဲ့အခါ လေဖိအားနည်းရပ်ဝန်းက အင်အားမြင့်တက်လာပြီးမုန်တိုင်းငယ် ဖြစ်သွားပါ တယ်။ မုန်တိုင်းငယ်ကနေ ဆိုင်ကလုံးမုန်တိုင်း၊ ဆိုင်ကလုန်းမုန်တိုင်းကြီးဖြစ်ပေါ်ပြီး အဲဒီကတစ်ဆင့် အင်အား ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို စိစိညက်ညက်ကြေအောင် ဝင်ရောက်ရမ်းကားသွားတဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဟာ တောင်မြောက် အချင်းမိုင်(၂၂၅)မိုင်၊ အရှေ့အနောက်အချင်းမိုင်(၂၉၀)မိုင် အင်အားနဲ့ ဟိုင်းကြီးကျွန်းကနေ စတင်ဝင်ရောက် ခဲ့တာပါ။ လေတိုက်နှုန်းတစ်နာရီမိုင်(၁၅၀)နှုန်းရှိတဲ့အတွက် မုန်တိုင်းကြောင့် လူပေါင်းတစ်သိန်းကျော် သေဆုံးခဲ့ ရသလို ပျက်စီးဆုံးရှုံးမှုတန်ဖိုးကလဲ ထရီလီယံနဲ့ချီခဲ့ပါတယ်။
မုန်တိုင်းဖြစ်ရင်ဘာတွေဖြစ်ပေါ်တတ်သလဲ
မုန်တိုင်းတစ်ခုဖြစ်ပေါ်လာပြီဆိုရင် လေတိုက်နှုန်းက တစ်နာရီမိုင်(၃၀)ကနေ မိုင်(၁၅၀)ထိ တိုက်ခတ် တတ်ပါတယ်။ ထူထပ်တဲ့တိမ်တိုက်ကြီးတွေကြောင့် မိုးသည်းထန်စွာ ရွာသွန်းတတ်သလို မုန်တိုင်းဒီရေဟာ လည်း မုန်တိုင်းနဲ့အတူဖြစ်ပေါ်ပြီး အမြင့်(၂၅)ပေထိ မြင့်တက်နိုင်ပါတယ်။ အဲဒီမုန်တိုင်း ဒီရေဟာ ပင်လယ် ကမ်းစပ်ကနေ မြစ်ချောင်းတွေအတွင်းကို အရှိန်ပြင်းပြင်းနဲ့ဝင်လာတတ်ပြီး ကမ်းစပ်ကနေ မိုင်(၃၀) လောက် ဝေးတဲ့နေရာထိ ရောက်ရှိနိုင်ပါတယ်။ လှိုင်းလုံးကြီးတွေကို ဖြစ်ပေါ်စေတဲ့ မုန်တိုင်းဒီရေဟာ မျှခြေစနစ်ကြောင့် (၃)နာရီကျော်အချိန်အတွင်း ပင်လယ်ပြင်ဆီကိုပြန်ဆင်းတဲ့အခါ လူ၊ တိရိစ္ဆာန်၊ သစ်ပင်၊ နေအိမ် အဆောက် အအုံတွေကိုပါ ဆွဲယူခေါ်ဆောင်သွားလေ့ရှိပါတယ်။ နာဂစ်မုန်တိုင်းဖြစ်တုန်းကလဲ မုန်တိုင်းဒီရေကြောင့်သာ ပင်လယ်ပြင်ဟာ လူသေအလောင်းတွေနဲ့ ရုပ်ဆိုးအကျီးတန်ခဲ့ရတာပါ။ ရိုးရိုးမုန်တိုင်းပဲ တိုက်မယ်ဆိုရင် နေအိမ်အဆောက်အအုံတွေ ပြိုပျက်သွားစေနိုင်တာကလွဲပြီး လူတွေ၊ တိရိစ္ဆာန်တွေ ဒီလောက်ထိ ထိခိုက်နိုင်မှာ မဟုတ်ပါဘူး။ မုန်တိုင်းဒီရေကြောင့်သာ ထိခိုက်ပျက်စီးမှုတွေ များပြားခဲ့ရတာပါ။ ဒါကြောင့် မုန်တိုင်းတစ်ခု ဖြစ်ပေါ်ပြီဆိုရင် မုန်တိုင်းဒီရေကို အထူးသတိထားရပါမယ်။ မုန်တိုင်းဒီရေဟာ မုန်တိုင်းဦးတည်ရွေ့လျားရာ အရပ်ရဲ့ လက်ယာဘက်မှာ ဖြစ်ပေါ်လေ့ရှိတဲ့အတွက် မုန်တိုင်းဦးတည်ရာအရပ်မှာ နေထိုင်တဲ့သူတွေဟာ အချိန်မီကြိုတင်ကာကွယ်မှုတွေ၊ မုန်တိုင်းရှောင်တာတွေကို အချိန်နဲ့တပြေးညီ ဆောင်ရွက်သင့်ပါတယ်။
မုန်တိုင်းတွေရဲ့ရာဇဝင်
ကမ္ဘာပေါ်မှာ နှစ်စဉ်အပူပိုင်းမုန်တိုင်းတွေ အကြိမ် (၈၀)ကျော် ဖြစ်ပေါ်လေ့ရှိပါတယ်။ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ အရေအတွက်ကတော့ ဘင်္ဂလားပင်လယ်အော်မှာ ပျှမ်းမျှတစ်နှစ်(၁၀)ကြိမ်နဲ့ တောင်တရုတ် ပင်လယ်မှာ တစ်နှစ်(၂၉)ကြိမ်နှုန်းဖြစ်ပေါ်တဲ့တွက် တစ်ကမ္ဘာလုံးရဲ့(၅၀)ရာခိုင်နှုန်းလောက် ရှိနေပါတယ်။ ၁၈ရရခုနှစ်ကစပြီး ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ်အထိ ၁၃ရနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းပေါင်း (၁၃၁၀)လုံး ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီမုန်တိုင်းတွေထဲက မြန်မာပြည်ကို (၈၅)လုံးဝင်ရောက်ခဲ့တဲ့အတွက် ရာခိုင်နှုန်းနဲ့ တွက်ကြည့်ရင် ၆ ရာခိုင်နှုန်းပဲ ရှိပါတယ််။ ဒါကြောင့် မြန်မာပြည်ဟာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့ ထက်စာရင် မုန်တိုင်းအန္တရာယ် တော်တော်နည်းပါးပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲလာမှုကြောင့် မုန်တိုင်းတွေဟာ ၂၀၀၆ခုနှစ်ကစပြီး နှစ်စဉ်မြန်မာပြည်ထဲကို ဝင်ရောက်နေခဲ့ ပါတယ်။
မုန်တိုင်းတွေဟာ ဘင်္ဂလားပင်လယ်အော်မှာ စတင်ဖြစ်ပေါ်လေ့ရှိပြီး ဧပြီ၊ မေ(မိုးကြိုကာလ)နဲ့ စက်တင် ဘာ၊ အောက်တိုဘာ၊ ဒီဇင်ဘာ (မိုးလွန်ကာလ)တွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ များသောအားဖြင့် မုန်တိုင်း ဖြစ်ပေါ်ပြီဆိုရင် မြောက်အရပ်၊ အနောက်မြောက်အရပ်တွေဆီ ဦးတည်ရွေ့လျားတတ်ပါတယ်။ တစ်ခါတလေ အရှေ့မြောက်အရပ်ဆီကို ဦးတည်ရွေ့လျားတတ်ပြီး အဲဒီရွေ့လျားမှုက မြန်မာနိုင်ငံအတွက် မုန်တိုင်း ဝင်ရောက်မှုကို ဖြစ်စေတတ်ပါတယ်။ မုန်တိုင်းတွေဟာ မြန်မာပြည်ထဲကို မိုးကြိုကာလမှာ (၄၉)ရာခိုင်နှုန်း၊ မိုးလွန်ကာလမှာ (၄၇)ရာခိုင်နှုန်း ဝင်ရောက်လေ့ရှိပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ အရင်က မုန်တိုင်း (၁၀)လုံး ဖြစ်ပေါ်လေ့ရှိပေမဲ့ အခုနောက်ပိုင်းခြောက်လုံးပဲ ဖြစ်ပေါ်တော့ပါတယ်။ နောက်ပြီး ဘင်္ဂလားပင်လယ် အော်မှာ ဖြစ်ပေါ်တဲ့မုန်တိုင်း (၆)ရာခိုင်နှုန်းပဲ မြန်မာပြည်ကိုဝင်တဲ့အတွက် ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်းဖြစ်ပေါ်နေတဲ့ကာလဟာ မိုးကြိုနဲ့မိုးလွန်ကာလဖြစ်နေရင်တော့ မြန်မာပြည်အနေနဲ့ သတိထားရပါမယ်။
နောက်သတိထားစရာတစ်ခုက ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ပေါ်နေလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မုန်တိုင်းသတင်းကို ထုတ်ပြန်ကြေညာတဲ့အခါ မြန်မာပြည်အတွက် အန္တရာယ် မရှိနိုင်တဲ့ မုန်တိုင်းတွေဆိုရင် မုန်တိုင်းသတင်းလို့ အမည်တပ်ကြေညာပြီး မြန်မာနိုင်ငံအတွက် အန္တရာယ် ရှိနိုင်တဲ့မုန်တိုင်းတွေဆိုရင် မုန်တိုင်းသတိပေးချက်လို့ အမည်တပ်ကြေညာပါတယ်။ ဒါကြောင့် ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်းဖြစ်ပေါ်နေလို့ မိုးလေဝသဌာနက မုန်တိုင်းသတင်းလို့ ကြေညာရင် သိပ်ဂရုစိုက်စရာ မလိုပါဘူး။ မုန်တိုင်းသတိပေးချက်လို့ ကြေညာရင်တော့ မဖြစ်မနေ ဂရုစိုက်ရပါမယ်။ မုန်တိုင်းသတိပေးချက် တွေကို စဉ်ဆက်မပြတ်နားထောင်ပြီး ကြိုတင်ပြင်ဆင်ထားစရာရှိတာတွေကို ကြိုတင်ပြင် ဆင်ထားရပါမယ်။ နောက်ပြီး မုန်တိုင်းသတိပေးချက်တွေအပေါ် သံသယဝင်ခြင်း၊ မယုံမကြည်ဖြစ်ခြင်းတွေမရှိပဲ မိုးလေဝသဌာနက ထုတ်ပြန်တဲ့ သတိပေးချက်တွေအပေါ် ဒေသခံအာဏာပိုင်တွေရဲ့လမ်းညွှန်မှုနဲ့အညီ တိတိကျကျ လိုက်နာ ဆောင်ရွက်ကြရမယ်။
လက်ရှိကာလရဲ့ မုန်တိုင်းအန္တရာယ်
အခုကာလဟာ မြန်မာပြည်အတွက် မုန်တိုင်းအန္တရာယ် အထူးသတိထားရမယ့်ကာလပါ။ ဘာကြောင့် လဲဆိုရင် အခုကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်တဲ့မုန်တိုင်းတွေရဲ့ ၄၉ရာခိုင်နှုန်းဟာ မြန်မာ ပြည်ထဲကို ဝင်ရောက်လေ့ရှိလို့ပါပဲ။ မုန်တိုင်းဆိုတာ ဖြစ်ချင်တိုင်း ဖြစ်ခိုင်းလို့မရသလို မဖြစ်ချင်တိုင်းလည်း မဖြစ်ခိုင်းလို့ မရပါဘူး။ ဒါပေမယ့် ဖြစ်လာခဲ့ရင် ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင်တော့ ကြိုတင် ကာကွယ်မှုတွေ ဆောင်ရွက်ထားလို့ ရပါတယ်။
ဒါကြောင့် မြန်မာပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရအနေနဲ့ မုန်တိုင်းအပါအဝင် သဘာဝဘေးအန္တရာယ်တွေ အတွက် ကြိုတင်ကာကွယ်ရေးအစီအစဉ်တွေကို ထိထိရောက်ရောက်ဖြစ်အောင် စနစ်တကျစီစဉ်ဆောင်ရွက် ထားဖို့လိုပါတယ်။ မြန်မာပြည်သူတွေအနေနဲ့လည်း အခုလိုကာလတွေမှာ သက်ဆိုင်ရာမိုးလေဝသဌာနတွေ၊ မိုးလေဝသပညာရှင်တွေက ထုတ်ပြန်ပေးနေတဲ့ မိုးလေဝသသတင်းတွေကို အမြဲမပြတ် ဂရုစိုက်နားထောင်ဖို့ လိုပါတယ်။ မုန်တိုင်းနဲ့ပတ်သက်တဲ့ ကောလဟလသတင်းတွေကိုလည်း မယုံကြည်မိဖို့၊ အကြောက်မလွန်ကြဖို့ လိုပါတယ်။ မုန်တိုင်းတစ်ခုဖြစ်ပေါ်လာပြီဆိုရင် သက်ဆိုင်ရာမိုးလေဝသဌာနနဲ့ မိုးလေဝသပညာရှင်တွေ၊ သက်ဆိုင်ရာ အဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူလူထုတွေအတွက် မုန်တိုင်းဆိုင်ရာသတိပေးချက်၊ မုန်တိုင်းနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်တွေကို စနစ်တကျထုတ်ပြန်ပေးဖို့လိုသလို ပြည်သူတွေအနေနဲ့လည်း ယုံမှားသံသယမရှိဘဲ တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ လိုအပ်လှပါတယ်။ ။
မင်းချစ်နိုင်

About The Author

greenness_mm

No Comments

Leave a Reply