အပူချိန်မြင့်မားလာတာနဲ့ ရာသီဥတုပြောင်းလဲလာတာတွေက ငါး ပုစွန်နဲ့ ရေသယံဇာတတွေကို တိုက်ရိုက် ထိခိုက်ပျက်စီးစေပါတယ်

အပူချိန်မြင့်မားလာတာနဲ့ ရာသီဥတုပြောင်းလဲလာတာတွေက ငါး ပုစွန်နဲ့ ရေသယံဇာတတွေကို တိုက်ရိုက် ထိခိုက်ပျက်စီးစေပါတယ်

ဖျာပုံမြို့ ငါးလုပ်ငန်းသင်တန်းကျောင်း
ကျောင်းအုပ်ကြီး(ငြိမ်း) ဦးစန်းအောင်နှင့် တွေ့ဆုံခြင်း

————————–

မြန်မာနိုင်ငံဟာ မြစ် ချောင်း အင်းအိုင်နဲ့ပင်လယ်တွေ တည်ရှိတာကြောင့် ရေသယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ ရေသယံဇာတနဲ့ ပြည်ပဝင်ငွေတွေရရှိသလို ပြည်တွင်းမှာလည်း စာနပ်ရိက္ခာ ဖူလုံမှုကို အထောက်အပံ့ ပေးပါတယ်။ ဒေသခံပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းအတွက်လည်း အဆင် ပြေပါတယ်။ အခုတော့ ကမ္ဘာကြီးပူနွေးမှုနဲ့ ရာသီဥတု ပြောင်းလဲမှုကြောင့် ရေသယံဇာတတွေ ထိခိုက်ပျက်စီး ဆုံးရှုံးနေပြီး အရေးပေါ် ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ။ ဒါကြောင့် ရာသီဥတု ပြောင်းလဲမှုနဲ့ပတ်သက်ပြီး ရေသယံဇာတတွေ ဘယ်လောက်ထိခိုက်ပျက်စီးနေလဲ၊ ဘယ်လိုကာကွယ်ဖို့ လိုအပ် နေလဲဆိုတာတွေကို ဖျာပုံမြို့ ငါးလုပ်ငန်းသင်တန်းကျောင်း ကျောင်းအုပ်ကြီး(ငြိမ်း) ဦးစန်းအောင်နဲ့ တွေ့ဆုံ မေးမြန်း ဖြစ်ခဲ့ပါတယ်။

မေး– ကမ္ဘာကြီးပူနွေးမှုနဲ့ ရာသီဥတုပြောင်းလဲမှုကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ခံစားနေရတာ ကြာပါပြီ။ ဆရာ့အနေနဲ့ရော ရာသီဥတုပြောင်းလဲမှုကို ဘယ်အချိန်ကစပြီး သတိပြုမိခဲ့တာလဲ ခင်ဗျ။
ဖြေ– ၁၉၉၀ ခုနှစ်လောက်ကစပြီး ရာသီဥတုပြောင်းလဲလာတာကို သတိထားမိခဲ့တယ်။ သိပ်ပြီးတော့ မသိသာ သေးဘူး။ ၂၀၀၀ ပြည့်နှစ်ကျတော့ ရာသီဥတုပြောင်းလဲမှုက သိသိသာသာ ဖြစ်လာခဲ့ပြီ။ တစ်နှစ်ထက် တစ်နှစ် အပူချိန်တွေ မြင့်တက်လာတာကို ခံစားမိတယ်။ ရာသီဥတုပြောင်းလဲတာနဲ့ အပူချိန်တွေ မြင့်မားတာလည်း မပြောနဲ့လေ။ ကျွန်တော့် ပတ်ဝန်းကျင်မှာ ဒီရေတောတွေ မရှိတော့ဘူး။ လူနေအိမ်တွေ၊ လယ်တွေ၊ ပုစွန်ကန် တွေ တိုးတလာတယ်။ မြို့ပေါ်မှာလည်း တိုက်တာ အဆောက်အအုံတွေ၊ ကားတွေ၊ ဆိုင်ကယ်တွေ များလာ တယ်။ ဒီတော့ အပူချိန်တွေ ပြောင်းပြီး ရာသီဥတုတွေ ပြောင်းပြီပေါ့။ ရာသီဥတုပြောင်းလဲမှုကြောင့် အပူချိန် တိုးတာ၊ မိုးများတာ၊ နည်းတာ၊ ရေကြီး ရေလျှံတာတွေ ဖြစ်လာတယ်။ ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်မှာ ရေကြီး ရေလျှံတယ်ဆိုတာ လွန်ခဲ့တဲ့အနှစ် ၂၀၊ ၂၀၀၀ ပြည့်နှစ် မတိုင်ခင်အထိ ရေကြီး ရေလျှံတာ မရှိသလောက် နည်း ပါတယ်။ အခုတော့ ရေကြီးရေလျှံမှုတွေဟာ မိုးရာသီရောက်တိုင်း တစ်ကြိမ်၊ နှစ်ကြိမ် အနည်းဆုံး ကြုံတွေ့နေရ ပါပြီ။

မေး – ကမ္ဘာမှာရော မြန်မာမှာပါ ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ကြံုတွေ့နေရပါတယ်။ ဆရာက ငါးလုပ်ငန်းဦးစီးဌာနမှာ နှစ်အတော်ကြာ လုပ်ဆောင်ခဲ့သူတစ်ဦးလည်းဖြစ်၊ ငါးလုပ်ငန်းသင်တန်းရဲ့ ကျောင်းအုပ်ကြီးလည်း ဖြစ်ခဲ့တော့ ရာသီဥတုပြောင်းလဲမှုကြောင့် ငါလုပ်ငန်းအပါအဝင် ရေသယံဇာတတွေကို ဘယ်လို ထိခိုက်ပျက်စီးဆုံးရှုံနေရလဲဆိုတာကို ပြောပြပေးစေချင်ပါတယ်။
ဖြေ– ငါးလုပ်ငန်းနဲ့ပတ်သက်ပြီး ပြောရရင် မြစ် ချောင်း ပင်လယ်ပြင် ငါးလုပ်ငန်းနဲ့ ငါးမွေးကန်လုပ်ငန်း ဆိုပြီး နှစ်မျိုးရှိပါတယ်။ ရာသီဥတုပြောင်းလဲခြင်းဟာ အဲဒီနှစ်မျိုးစလုံးကို ထိခိုက်စေပါတယ်။ ၂၀၀၀ ပြည့်နှစ် မရောက် ခင်က ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးမှာ မေ ၁၅ ရက်ဆိုရင် မိုးစတင် ရွာပါတယ်။ မေလကုန်ဆိုရင် ဧရာဝတီတစ်တိုင်းလုံးမှာ မိုးကောင်းနေပါပြီ။ အဲဒီအချိန်ဟာ ရေချိုငါးတွေ မိတ်လိုက် ဥချကြတယ်။ ဒေသအခေါ် ငါးရစ်တက်ချိန်ပေါ့။

၂၀၀၀ ပြည့်နှစ် နောက်ပိုင်းကျတော့ မေလကုန် ဇွန်ကုန်နောက်ပိုင်းမှ မိုးစရွာတယ်။ မိုးကျတာ မမှန် တော့ဘူး။ ဒီတော့ ငါးတွေ မိတ်လိုက်၊ ဥဥချိန်တွေ နောက်ကျပြီး ငါးတွေ ဗီဇပြောင်းလဲတာတွေ ဖြစ်ပေါ်လာ တယ်။ မိုးကုန်တာကလည်း အရင်ကထက် စောလာတာတွေ့ရတယ်။ ၂၀၀၀ ပြည့်နှစ် မရောက်ခင် အစောပိုင်း က သတင်းကျွတ်လဆန်းအထိ မိုးရွာနိုင်တယ်။ တန်ဆောင်မုန်းလအတွင်းမှာလည်း တစ်ကြိမ်နှစ်ကြိမ်လောက် မိုးရွာတတ်ပါတယ်။ ဒေသအဆိုအရ အဲဒါကို စပါးလှဲမိုးလို့ ခေါ်တယ်။ ရေလုပ်ငန်းမှာတော့ ငါးဖြူဆင်းမိုးလို့ ခေါ် တယ်။ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာတော့ တော်သလင်းလလယ်လောက်ဆိုရင် မိုးမရွာတော့ဘူး။ မိုးမရွာ တော့ ငါးနဲ့ ရေသယံဇာတတွေ နေထိုင်ကျက်စားရတဲ့ လယ်ကွင်းတွေ၊ ရေဝပ်ဒေသတွေမှာ ရေရရှိမှု လျော့နည်း သွားတယ်။ ဒီတော့ ငါးတွေ သဘာဝဖြစ်စဉ်တွေ ထိခိုက်ကုန်တာပေါ့။

ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရာသီ ရက် ၄၀ ပျောက်ဆုံးချိန်မှာ ငါးမျိုးစိတ်တွေဟာ ရေချိုအရပ်သို့ နောက်ကျမှ ရောက်ရှိရခြင်း၊ ရေချိုနေရပ်မှာ နေထိုင်ကျက်စားချိန် တိုတောင်းသွားတဲ့အတွက် ကြီးထွားနှုန်းကျ ဆင်းခြင်း၊ အရွယ်ရောက်ချိန် နောက်ကျခြင်း၊ မျိုးပွားအင်္ဂါ မဖွံ့ဖြိုးခြင်းတွေကြောင့် ငါးမျိုးစိတ်တွေဟာ တဖြည်း ဖြည်းကျဆင်းလာခဲ့ရတယ်။ နောက်ပြီး ဒီရေတောတွေ ပျက်စီးလို့လည်း ဒီရေတောကို အမှီပြုနေထိုင်ကျက်စား ရတဲ့ ဂဏန်းနဲ့ ကျားပုစွန်တွေ စားကျက် ပျောက်ခြင်း၊ ငါးတွေရဲ့ဂေဟစနစ် ပျက်စီးခြင်းတွေ ဖြစ်ပေါ်ပြီး ငါးပြုန်း တီးမှုတွေ ဖြစ်လာခဲ့တယ်။ ဒါတင်မကသေးဘူး၊ မြစ်တွေ၊ ချောင်းတွေ၊ ပင်လယ်တွေထဲကို အမှိုက်နဲ့ ရေဆိုးတွေ စွန့်ပစ်တာတွေ၊ မြစ်ထဲကနေ သဲ၊ ကျောက်စရစ် ထုတ်ယူတာတွေကြောင့်လည်း ရေထုညစ်ညမ်းခြင်း၊ မြစ် ကြောင်းကြမ်းပြင် ပျက်စီးခြင်းတွေ ဖြစ်ပေါ်ပြီး ငါးတွေရဲ့ ပုံမှန်သွားလာနေထိုင်မှုထိခိုက်ခြင်း၊ သေဆုံးခြင်းတွေ ဖြစ်ပေါ်ပြီး ငါးမျိုးစိတ်တွေ ထိခိုက်ပျက်စီးခဲ့ရပြန်တယ်။

ရာသီဥတုပြောင်းလဲမှုနဲ့ အပူချိန်တွေ မြင့်တက်လာမှုက မြစ် ချောင်း အင်းအိုင် ပင်လယ်တွေထဲက ငါးတွေကိုသာ ထိခိုက်စေရုံသာမက ကန်နဲ့ ငါးမွေးမြူရေး လုပ်ကိုင်သူတွေကိုလည်း ထိခိုက်စေပါတယ်။ မွေးမြူ ရေးငါးတွေဟာ သတ်မှတ်ထားတဲ့ အပူချိန်ကျော်လွန်သွားရင် ရောဂါတွေ ဖြစ်လာမယ်။ ကြီးထွားမှုကို ထိခိုက်စေ မယ်။ နောက်ဆုံး သေဆုံးစေနိုင်တယ်။ ငါးမွေးမြူရေးလုပ်ငန်းတွေမှာ ထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေ များပြားလာခဲ့ တယ်။ အချုပ်ပြောရရင်တော့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေကြောင့် အပူချိန်တွေ မြင့်မားလာပြီး ရာသီ ဥတုတွေ ပြောင်းလဲလာတာကြောင့် ငါး၊ ပုစွန် အပါအဝင် အခြားသော ရေသယံဇာတတွေကိုလည်း တိုက်ရိုက် ထိခိုက်ပျက်စီး ဆုံးရှုံးစေပါတယ်။

မေး– အဲဒီလိုတွေ မဖြစ်ရအောင် ဘာတွေလုပ်ဆောင်သင့်လဲ ဆရာ။
ဖြေ– ဒါနဲ့ပတ်သက်ပြီး လုပ်ရမှာက အများကြီးပါ။ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုတွေကို ကာကွယ်ရမယ်။ ထိန်းသိမ်း စောင့်ရှောက်ရမယ်။ ကောင်းမွန်တဲ့ သဘာဝပတ်ဝန်းကျင်ကို ပြန်ရဖို့ စနစ်တကျ ပြန်လည် တည် ထောင်ရမယ်။ အထူးသဖြင့် ဒီရေတော ပြုန်းတီးအောင် လုပ်နေသူတွေ၊ မြစ် ချောင်းတွေ ပျက်စီးအောင် သယံ ဇာတထုတ်လုပ်သူတွေ၊ ရေထုညစ်ညမ်းအောင် အမှိုက်နဲ့ ရေဆိုးတွေ စွန့်ပစ်နေသူတွေကို ပြင်းပြင်းထန်ထန် အရေးယူရမယ်။ ဒီရေတောတွေ ပြန်စိုက်ရမယ်။ မြစ်ကြောင်းတွေ ထိန်းသိမ်းရမယ်။ အမှိုက်တွေ၊ ရေဆိုးတွေ မစွန့်ပစ်အောင် လုပ်ဆောင်ရမယ်။ အဲဒီလုပ်ငန်းတွေကိုသာ ထိထိရောက်ရောက် လုပ်ဆောင်နိုင်မယ်ဆိုရင် ရာသီဥတုပြောင်းလဲမှုကို ဟန့်တားနိုင်ပြီး ငါး ပုစွန်နဲ့ ရေသယံဇာတတွေ ထိခိုက်ပျက်စီးဆုံးရှုံးနေရတဲ့ အဖြစ်ဆိုး ကနေ ကင်းဝေးရမှာပါ။

ဟုတ်ကဲ့၊ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

မင်းချစ်နိုင်

#greenness

#photo Crd

About The Author

greenness_mm

No Comments

Leave a Reply