အမှန်တကယ်သန့်ရှင်းသောရေသန့်ကိုသာ သောက်သုံးခွင့်ရချင်သည်

အမှန်တကယ်သန့်ရှင်းသောရေသန့်ကိုသာ သောက်သုံးခွင့်ရချင်သည်

(၁)
ယခုကာလအတွင်း ရေသန့်စက်ရုံများ ယာယီရပ်ဆိုင်းခြင်းနှင့်ပိတ်သိမ်းခြင်းတို့ကို အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က ခပ်စိတ်စိတ်ပြုလုပ်လာသည်။ ထိုသို့ပြုလုပ်ရာတွင် လက်ရှိထုတ်လုပ် နေသည့် သောက်ရေသန့်များတွင် ထောက်ခံချက်ရှိ မရှိ၊ ကောင်းမွန်သည့်ထုတ်လုပ်မှုနှင့်အညီ လိုက်နာဆောင် ရွက်ခြင်း ရှိ မရှိကို ရှောင်တခင် ကွင်းဆင်းစစ်ဆေးပြီး အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လှည်းကူးနှင့် လှိုင် မြို့နယ်နှစ်ခုမှာပင် ရေသန့်စက်ရုံ ၂၀ ကျော်ကို ယာယီပိတ်သိမ်းခြင်း၊ ရက်အကန့်အသတ်မရှိ ပိတ်သိမ်ခြင်းတို့ ပြုလုပ်ခဲ့ရသည်။ ထိုကဲ့သို့ဖြစ်စဉ်များကို FDA က စစ်ဆေးတိုင်း မြင်တွေ့နေကျဖြစ်သည်။ သောက်ရေသန့်အပြင် အခြားသောစားသောက်ကုန်များ၊ အလှကုန်ပစ္စည်းများတွင်လည်း တားမြစ်ဓာတုပစ္စည်းပါဝင်နေသဖြင့် စားသုံး ရန်၊ သုံးစွဲရန် မသင့်ကြောင်း မကြာခဏ ထုတ်ပြန်ကြေညာနေရသည်။ ယခုလည်း ပြည်သူများက သန့်ရှင်း သည့်ရေကို သောက်သုံးလိုသဖြင့် ရေသန့်ဘူးများကို ဝယ်ယူအသုံးပြုခဲ့ကြသည်။ ထိုရေသန့်ဘူးအများစုမှာ မသန့်ရှင်းတော့သဖြင့် ပြည်သူများမှာ ရောဂါကို ငွေဖြင့်ဝယ်ယူနေရသကဲ့သို့ ဖြစ်နေသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် ပေါ့ပေါ့တန်တန်သဘောမထားဘဲ အမြစ်ပြတ်နှိမ်နင်းပေးရန်လိုပါသည်။
(၂)
ယခင်က ရေကို မြစ် ချောင်းများ၊ အင်း အိုင်များ၊ ရေတွင်း ရေကန်များ၊ အဝီစိတွင်းများ၊ စည်ပင်ရေပိုက် လိုင်းများမှ ရယူသောက်သုံးခဲ့ကြသည်။ ရွှေလက်ကိုယ်တိုင်လည်း သူငယ်တန်းမှ အဋ္ဌမတန်းအထိ ဧရာဝတီ တိုင်းဒေသကြီး ၀ါးခယ်မမြို့နယ်အတွင်းက ရွာလေးတစ်ရွာတွင် နေထိုင်ခဲ့ရသဖြင့် သောက်သုံးရေအတွက် ချောင်းရေကိုသာ အသုံးပြုခဲ့ကြရသည်။ ရွှေလက်တို့ ရွာတင်မက ဧရာဝတီတိုင်းဒေသကြီးရှိ ကျေးရွာအများစု သည်လည်း ချောင်းရေကိုသာ ဦးစားပေး အသုံးပြုခဲ့ကြရပါသည်။ (ခြွင်းချက်အနေဖြင့် မိုးရာသီတွင် မိုးရေခံပြီး သောက်သုံးရေ သုံးခဲ့သည်များလည်း ရှိခဲ့သည်။) မြန်မာလူမျိုးများသည် မြစ် ချောင်းများကို အမှိုက်ပုံးကဲ့သို့ သဘောထားခဲ့လေသလားမသိ။ အမှိုက်များ၊ အညစ်အကြေးများအပါအဝင် အခြားသော စွန့်ပစ်ရမည့်ပစ္စည်း များကို မြစ် ချောင်းများအတွင်းသို့ စွန့်ပစ်ခဲ့ကြသည်။ ထို့ကြောင့် မြစ် ချောင်းများ ညစ်ညမ်းခဲ့ရသည်။ သို့သော် ရွှေလက်တို့ ကျေးလက်နေလူတန်းစားများက အဆိုပါ မြစ် ချောင်းများမှ ရေကို သောက်သုံးရေအဖြစ် အသုံးပြု ခဲ့ကြသည်။
ရွှေလက် ရွာမှာနေခဲ့သည့်သက်တမ်းတစ်လျှောက် ချောင်းရေကို သောက်သုံးခဲ့ရသည်။ ချောင်းရေ ညစ်ညမ်းကြောင်း၊ ချောင်းရေကြောင့် ရောဂါရကြောင်း/ရောဂါရနိုင်ကြောင်း မည်သူကမှ တခုတ်တရ မပြောခဲ့ ကြပေ။ ရွှေလက်တို့အိမ်တွင် ရောင်ဝင်အိုး၊ စဉ့်အိုးကြီးများကို သီးသန့်ထားသည်။ ထိုအိုးများထဲသို့ ချောင်းရေကို ခပ်ထည့်ပြီး ကျောက်ချဉ်တိုက်ကာ သောက်ရေအတွက် ဖုံးအုပ်ထားသည်။ ထိုမှတစ်ဆင့် သောက်ရေအိုး (မြေအိုး)ထဲသို့ ရေစစ်ဖြင့်ထည့်ပြီး သောက်သုံးခဲ့ကြသည်။ ရေနွေးကြမ်းအတွက်လည်း ကျောက်ချဉ်တိုက်ပြီး အနည်ထိုင်ထားသည့် ရေကိုပင် အသုံးပြုခဲ့ကြသည်။ မိုးရာသီတွင်တော့ မိုးရေကို တကူးတကခံပြီး အသုံးပြုခဲ့ ကြသည်။ ရေသန့်ဘူးဆိုလို့ တီဗွီကြော်ညာထဲက ရေသန့်ဘူးများကိုသာ မြင်ဖူးခဲ့သည်။
(၃)
ရွှေလက် ရန်ကုန်ရောက်တော့ ရေသန့်ဘူးက အတော်ပင် ခေတ်စားနေခဲ့ပြီ။ ရန်ကုန်နေလူအများစု သည် စည်ပင်ရေပိုက်လိုင်း(ဂျိုးဖြူ၊ ငမိုးရိပ်စသဖြင့်)မှရေနှင့် အဝီစိစက်ရေတွင်းမှရေတို့ကိုသာ အဓိကအသုံးပြုခဲ့ ကြသည်။ တချို့ကလည်း ထိုရေကိုသာ သောက်ရေအဖြစ် အသုံးပြုခဲ့ကြသည်။ သို့သော် ရန်ကုန်နေလူဦးရေ ၉၀ ရာခိုင်နှုန်းခန့်က သောက်ရေအတွက် ရေသန့်ဘူများကိုသာ အသုံးပြုခဲ့ကြသည်။ ရန်ကုန်နေလူထုအတွက် ရေသန့်ဘူးများက အဓိကဇာတ်ဆောင်ဖြစ်ခဲ့သည်။ သူသည် နေအိမ်များ၊ ရုံးများ၊ စားသောက်ဆိုင် ဘီယာဆိုင် များ၊ သာရေး နာရေးများ၊ ဟောပြောဆွေးနွေးပွဲ အစည်းအဝေးပွဲစသဖြင့် ပွဲလမ်းသဘင်များတွင် ပါဝင်သရုပ် ဆောင်ခဲ့သည်။ လေယာဉ်ပေါ်မှာ၊ ရထားပေါ်မှာ၊ အဝေးပြေးကားပေါ်မှာ၊ ခရီးသည်တင် သင်္ဘောပေါ်မှာ အမြဲ တမ်း လိုက်ပါခဲ့သည်။ အမှတ်တံဆိပ်အမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးလည်း ရှိခဲ့သည်။
လူအများစုက ရေသန့် သောက်သုံးလိုသဖြင့် ရေသန့်ဘူးများကို ဝယ်ယူခဲ့ကြသည်။ ယနေ့ခေတ်တွင် ရေသန့်ဘူး အမျိုးအစားများလာသလို ရေသန့်တံဆိပ်တပ်ထားပြီး မသန့်သည့် ရေသန့်အတုအယောင်များ လည်း များပြားလာခဲ့သည်။ FDA က စစ်ဆေးအရေးယူမှုများပြုလုပ်လျက်ရှိသော်လည်း ပျံ့ပျံ့နှံ့နှံ့၊ စေ့စေစပ်စပ်၊ ထိထိ ရောက်ရောက်ဖြစ်မှု နည်းပါးလွန်းနေသေးသည်။ အစိုးရအနေဖြင့်လည်း သည်ထက်မက တရားဥပဒေ စိုးမိုးမှုရှိအောင်၊ အဂတိလိုက်စားမှုကင်းရှင်းအောင် ဆောင်ရွက်ရဦးမည်ဖြစ်သည်။ ပြည်သူအများစုသည် ရေသန့်ကို ဝယ်ယူသောက်သုံးနေကြသော်လည်း ထိုရေသန့်ကို မည်သည့်နေရာတွင် မည်ကဲ့သို့ ထုတ်လုပ်နေ သနည်း။ FDA ထောက်ခံချက်ရှိ မရှိ၊ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် (GMP)နှင့်ကိုက်ညီမှု ရှိ မရှိ မသိကြပေ။ ထို့အပြင် ရေသန့်ဘူးထဲတွင် အမှိုက်၊ အမှုန်များပါနေခြင်း၊ ရေညှိတက်နေခြင်း၊ အနံ့ထွက်နေခြင်း၊ ရေဘူးများ ညစ်ပတ်နေခြင်းတို့ကိုလည်း မကြာခဏကြုံတွေ့နေကြရသည်။ တစ်ချို့နာမည်ကြီး ရေသန့်အမှတ် တံဆိပ်များတွင်လည်း မသန့်ရှင်းသည့် ဖြစ်စဉ်များတွေ့ရကြောင်း ကြားသိနေရသည်။
(၄)
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ရှုထောင့်မှကြည့်လျှင်လည်း ရေသန့်လုပ်ငန်းများမှာ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ အသေးစိတ်တွက်ချက်မှုအရ တစ်လီတာဝင် ရေသန့် ဘူးတစ်ဘူး ထုတ်လုပ်ရန် ရေနံကုန်ကြမ်း ၁၆၂ ဂရမ်နှင့် ရေ ၇ လီတာ အသုံးပြုရသည်။ ထုတ်လုပ်သည့် နေရာ တွင် လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ၁၀၀ ဂရမ် ထွက်သည်။ သယ်ယူပို့ဆောင်သည့်နေရာတွင် လည်း ခရီးအကွာအဝေးအပေါ်မူတည်ပြီး ကာဗွန်ဒို်င်အောက်ဆိုဒ်ထုတ်လုပ်မှုများရှိသည်။ ပလတ်စတစ် ရေသန့် ဘူးခွံများကို ပြန်လည်အသုံးပြုမှုနည်းသောကြောင့် နှစ်စဉ်အမှိုက်များ တိုးပွားနေသည်။ ထို့ကြောင့် ရေသန့်ဘူး များကို ထုတ်လုပ်သုံးစွဲခြင်းသည် ကျန်းမာရေးအတွက် လုံခြုံမှုမရှိသည့်အပြင် ကမ္ဘာကြီးကိုပူနွေးစေသည့် ကာဗွန်ဒိုင် အောက်ဆိုဒ်များထုတ်လွှတ်ခြင်း၊ ပလပ်စတစ်ရေသန့်ဘူးခွံအမှိုက်များ တိုးပွားလာခြင်း အစရှိသည့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုများကို ဖြစ်ပေါ်စေသည်။ သို့သော် ကမ္ဘာ့နိုင်ငံအများစုသည် ရေသန့်ဘူးများကို တစ်နှစ် ထက်တစ်နှစ် ပိုမိုထုတ်လုပ်နေကြသည်။ ထိုကဲ့သို့ ရေသန့်ဘူးများကို ထုတ်လုပ်ရောင်းနေကြချိန်တွင် ကမ္ဘာ့ လူဦးရေသန်းပေါင်း ၁၃၀၀ ကျော်မှာ သန့်ရှင်းသောရေနှင့် အလှမ်းဝေးနေခဲ့ရသည်။
ထို့အပြင် ပညာရှင်များ၏ ပြောကြားချက်အရ မြန်မာနိုင်ငံတွင် သောက်သုံးနေကြသည့် ရေသန့်များ အနက် အချို့ရေသန့်များ၏ ရေသန့်စင်မှုအဆင့် PPM ဖြင့်ကြည့်ပါက စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း သိရသည်။ ရေထဲတွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော ကပ်ပါးပိုးများ၊ ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်များ၊ လူ(သို့)ပတ်ဝန်းကျင်ကို ဆိုးကျိုးပေးနိုင်သည့်ပိုးမွှားများ ပါဝင်နေလျှင် ရေညစ်ညမ်းမှုကို ဖြစ်ပေါ်စေနိုင်သည်။ ထိုကဲ့သို့ ညစ်ညမ်းသည့်ရေကို သောက်သုံးမိလျှင် ဝမ်းပျက် ဝမ်းလျှောရောဂါများဖြစ်ပွားနိုင်သည်။ ထို့အပြင် ဓာတုပစ္စည်းများ ပါဝင်သည့်ရေကို နေ့စဉ်သောက်သုံးခြင်း၊ ရေချိုးခြင်းကြောင့် အရေအပြားနှင့် ကိုယ်တွင်းအင်္ဂါ များတွင် ကင်ဆာရောဂါဖြစ်ပွားနိုင်သည်။ ထို့ကြောင့် ရေသန့် တံဆိပ်ကပ်ထားပြီး မသန့်သည့်ရေများကို သောက်သုံးနေရခြင်းကြောင့် ဝမ်းပျက် ဝမ်းလျှောရောဂါမှ ကင်ဆာရောဂါအထိဖြစ်ပွားနိုင်သည်ဟု ဆိုနိုင်သည်။
(၅)
မည်သို့ပင်ဆိုစေကာမူ ရွှေလက်တို့ ရန်ကုန်နေလူထုအပါအဝင် ပြည်သူအများစုသည် လိုအပ်ချက်အရ ရေသန့်များကို မလွှဲမရှောင်သာ ဝယ်ယူသောက်သုံးနေကြရသည်။ ဝယ်ယူသောက်သုံးသည့်နေရာတွင်လည်း လုပ်ငန်းရှင်များ သတ်မှတ်ထားသည့်စျေးနှုန်းအတိုင်း ဝယ်ယူခဲ့ကြသည်။ ရေသန့်တံဆိပ်ကပ်ထားတိုင်း ရေသန့် ဟု သတ်မှတ်အသုံးပြုခဲ့ကြသည်။ ယနေ့ခေတ်တွင်တော့ FDA ၏ ရှောင်တခင်စစ်ဆေးမှုများအရ ရေသန့် တံဆိပ်ကပ်ထားသော်လည်း မသန့်ရှင်းသော ရေများလည်း ပါဝင်နေကြောင်း သိလာကြရသည်။ ထိုကဲ့သို့ မသန့်ရှင်းသော ရေသန့်အများစုကို အိမ်သုံးသောက်ရေသန့်ဘူးကြီးများတွင် တွေ့ရခြင်းဖြစ်သည်။ အဆိုပါ ဖြစ်စဉ်များသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြောက်များစွာ ရှိနေသည်။ အစိုးရအနေဖြင့် ထိထိရောက် ရောက် ဖော်ထုတ်အရေးယူသင့်သည်။ သည်နေရာတွင် ဟိုအရင်လို အကျင့်ဆိုးများကိုတော့ ပပျောက်အောင် လုပ်ထားရမည်ဖြစ်သည်။ (ဥပမာ- ငွေရလိုက်တာနဲ့ “အားလုံးကောင်းပါသည် ခင်ဗျား” ဆိုတာမျိုးတွေပေါ့)
တကယ်တမ်း ဘာသာရေးရှုထောင့်မှကြည့်လျှင် ရေသန့်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းသည် စေတနာ ထားလျှင်ထားသလောက် အလွန်ကုသိုလ်ရသည့်လုပ်ငန်းဖြစ်သည်။ ပြည်သူများကို ရေကောင်း ရေသန့်များ သောက်သုံးခွင့်ရစေခြင်းဖြင့် ရေအကျိုး ၁၀ ပါး မတောင်းဘဲနှင့် ပြည့်နိုင်သဖြင့် ရေသန့်လုပ်ငန်းကို ကုသိုလ် လည်းရ ဝမ်းလည်းဝ လုပ်ငန်းဟုပင် ဆိုနိုင်ပါသည်။ ထို့ကြောင့် ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများ အနေဖြင့် ပြည်သူများက ရေသန့်ကို တန်ရာတန်ကြေးဖြင့် ဝယ်ယူသောက်သုံးနေချိန်တွင် မိမိတို့ဘက်ကလည်း ပြည်သူအပေါ်စေတနာထားပြီး အမှန်တကယ်သန့်စင်သောရေသန့်များကိုသာ ရောင်းချပေးကြရန် လိုပါသည်။ အစိုးရနှင့်သက်ဆိုင်ရာတာဝန်ရှိသူများကလည်း စုံစမ်းစစ်ဆေးမှုများကို မြို့နယ် ရပ်ကွက်အနှံ့ ထိထိရောက် ရောက် တင်းတင်းကျပ်ကျပ်ပြုလုပ်ပြီး စံချိန်စံညွှန်းမကိုက်ညီသော၊ သောက်သုံးရန်မသင့်သော ရေသန့်အမည်ခံ မသန့်ရှင်းသောရေများကို ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်ရမည်ဖြစ်သည်။ သို့မှသာ ပြည်သူများမှာ အမှန်တကယ်သန့်ရှင်းသော ရေသန့်ကို သောက်သုံးခွင့်ရနိုင်မည်ဖြစ်သည်။ ။

ရွှေလက်
7Day Daily(20.8.17)

 

 

About The Author

greenness_mm

No Comments

Leave a Reply