အမှိုက်ပြဿနာဖြေရှင်းရာတွင် အတုယူရမည့် စံနမူနာကောင်းတစ်ခု

အမှိုက်ပြဿနာဖြေရှင်းရာတွင် အတုယူရမည့် စံနမူနာကောင်းတစ်ခု

သည်ကနေ့ ရွှေလက်တစ်ယောက်စာရေးခြင်း၊ စာဖတ်ခြင်းများကို အနားပေးပြီး 4TV မှ ထုတ်လွှင့်သည့် အစီအစဉ်များကို ကြည့်နေမိသည်။ ဖျော်ဖြေရေးအစီအစဉ်များ ကြည့်ရသည်မှာ ငြီးငွေ့ လာသဖြင့် Reader Channal လိုင်းသို့ ပြောင်းလိုက်သည်။ ကံအားလျော်စွာပင် စာပေဟောပြောပွဲအစီအစဉ် ထုတ်လွှင့်နေသည်ကို တွေ့ရသည်။ ရွှေလက်လည်း စာပေဟောပြောပွဲငတ်နေသည့်အတွက် ရေငတ်တုန်း ရေတွင်းထဲကျသလို ဖြစ်သွားသည်။ ဟောပြောနေသူက စာရေးဆရာမတစ်ဦးဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်က ဟောပြောခဲ့သည့်ပွဲကို ပြန်လည်ထုတ်လွှင့်ခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ရွှေလက်နှစ်ခြိုက်မိပါသည်။ ရွှေလက်က သဘာဝချစ်သူဆိုတော့ ထိုစာရေးဆရာမဟောပြောခဲ့သည်များထဲမှ အမှိုက်နှင့် ပတ်သက်သည့် အကြောင်းအရာလေးက စိတ်ထဲစွဲသွားသည်။ နှစ်သက်လွန်းလို့ စာဖတ်သူများကို ပြန်လည်ဝေငှချင်မိသည်။ ကြားလိုက်ရသည်ကို ပြန်လည်ဝေငှမှာ ဖြစ်သည့်အတွက် စာရေးဆရာမဟောပြောသကဲ့သို့ တစ်ထပ်တည်းကျမည်မဟုတ်ပေ။ ရွှေလက်အနေဖြင့် ကြားသိလိုက်ရသည်များကို အခြေခံကာ ထိုစာရေးဆရာမနေ ရာမှ ၀င်ခံစားပြီး အဓိကပေးချင်သည့် မက်ဆေ့ချ်ပေါ်လွင်အောင် ကြိုးစားပြောပြလိုပါသည်။

အဲသည်လို စာရေးသူတွေး နေစဉ်မှာပင် တူဖြစ်သူက ‘‘ဒီ ကောင်တွေ အမှိုက်မပစ်အောင် ကျွန်တော် လုပ်ပြမယ်’’ဆိုပြီး ကတ်ထူပြားတစ်ချပ်ပေါ်မှာ အ မှိုက်မပစ်ရဟု ဆော့ဖ်ပင်ဖြင့် ရေးလိုက်သည်။ တိုက်ခန်းအရှေ့ မြက်ခင်းအစပ်တွင် ဆိုင်းဘုတ်လို စိုက်ထူထားလိုက်သည်။ ထိုသို့အမှိုက် မပစ်ရ ဆိုင်းဘုတ်စိုက်ထူလိုက်သဖြင့် မည်ကဲ့သို့ ထူးခြားမည်နည်းဟု စာရေးသူသိချင်မိပါ သည်။ တူဖြစ်သူက ဆရာဝန်တစ်ယောက်ဖြစ်သဖြင့် အစိုးရဆေးရုံနှင့် အပြင်ဆေးရုံ၊ ဆေးခန်းများ၊ နေ့ညတာဝန်ချိန်များကြောင့် အိမ်ပြန်မလာသည်က များသည်။ ယခုလည်း စာရေးသူကို သူ့တိုက်ခန်း ဆီလိုက်ပို့ပြီး ဆေးရုံသို့ ပြန်သွားပြီ ဖြစ်သည်။ စာရေးသူလည်း ခဏအနားယူပြီး တိုက်ခန်းအတွင်း၊ အပြင်ကို နိုင်သလောက်လေး သန့်ရှင်းရေးလုပ်သည်။ ပစ္စည်းများနေရာချသည်။ ပြီးတော့ စျေးတွင် သုံးလေးရက်စာအတွက် ချက်ပြုတ်စရာများ ၀ယ်ထားလိုက်သည်။ ထိုနေ့က စာရေးသူပင်ပန်းသွားသဖြင့် စောစော အိပ်ရာဝင်ခဲ့သည်။

နောက်တစ်နေ့နံနက် အိပ်ရာမှထတော့ နေတော်တော်မြင့် နေပြီ။ သွားတိုက်၊ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီး အိမ်ရှေ့အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် အမှိုက်များက စာရေးသူကို ကြို နေသည်။ မနေ့ကထက် အမှိုက်ပိုများနေသည့်အပြင် အမှိုက်မပစ်ရ ဆိုင်းဘုတ်မှာပင် ကွမ်းတံတွေး များ ပေကျံနေသည်။ စာရေးသူ ထင်မှတ်ထားသလို ဖြစ်လာသဖြင့် ထွေထွေထူးထူးမအံ့သြမိပါ။ ဘာကြောင့် ထိုကဲ့သို့ပြောရလဲဆိုလျှင် လူငယ်များသည် သူတို့အပေါ် အမိန့်ပေးသကဲ့သို့ ပြုမူဆက်ဆံ လျှင် အရွဲ့တိုက်တတ်သောကြောင့်ဖြစ်သည်။ ယခုလည်း အမှိုက်မပစ်ရဟု ဆိုင်းဘုတ်ထူလိုက်သဖြင့် ယခင်ကထက် အမှိုက်ကို ပိုပစ်ပြလိုက်သည်။ ထိုမျှမကသေး ဆိုင်းဘုတ်ကိုတောင် ကွမ်းတံတွေးဖြင့် ထွေးလိုက်သေးသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး စာရေးသူ ဘာမျှမ ပြောလိုပေ။ စာရေးသူလည်း နံနက်တိုင်းအမြင်မတော်သည့် အမှိုက်များကို သိမ်းဆည်းပြီး စာရေးစာဖတ်ကာ အချိန်များကုန် လွန်နေခဲ့သည်။

တစ်ရက်တွင် ထုံးစံအတိုင်း တိုက်ခန်းအရှေ့သို့ ထွက်လိုက်ချိန်တွင် ထူးဆန်းသည့် မြင်ကွင်း တစ်ခုကို မြင်လိုက်ရသည်။ အခြားတော့မဟုတ်။ အမှိုက်များကင်းစင်နေသော မြင်ကွင်းဖြစ်သည်။ မြက်ခင်းပေါ်၊ လူသွားလမ်းပေါ်၊ လှေကားပေါ်စသဖြင့် နေရာတိုင်းတွင် ရှင်းသန့်နေသည်။ စာရေးသူ အံ့သြသွားမိသည်။ ထိုကဲ့သို့ ဖြစ်အောင် မည်သို့သော ပုဂ္ဂိုလ်မျိုးက လုပ်လိုက်သလဲဆိုသည်ကိုလည်း သိချင်လှ သည်။ ထို့ကြောင့် ပတ်ဝန်းကျင်ကို အကဲခတ်ရင်း အပေါ်ထပ်သို့ တက်လာခဲ့သည်။ အပေါ်ထပ် တိုက်ခန်းတစ်ခန်းရှေ့တွင် အိတ်တစ်လုံးကို သပ်သပ်ရပ်ရပ် ချိတ်ဆွဲထားသည်။ ထိုအိတ်နားတွင်လည်း ကတ်ထူပြားနှင့် အများမြင်သာအောင် ဆော့ဖ်ပင်ဖြင့် စာရေးထားလိုက်သေးသည်။ ကတ်ထူပြားတွင် ရေးထားသောစာမှာ ‘‘မိတ်ဆွေတို့ အသုံးပြုပြီးသော အမှိုက်များကို ကျေးဇူးပြု၍ ဒီအိတ်ထဲသို့ ထည့်ဖို့တောင်းဆိုပါသည်။ ထိုအမှိုက်များအားလုံးကို ကျွန်တော်သိမ်းပါမည်’’ဟု ရေးထားသည်။ ထို့အပြင် သူ့နာမည် ရဲထက်ဖြစ်ကြောင်း၊ မည်သည့် တိုက်ခန်းတွင် နေသည့်အကြောင်းလည်း ရေးသားထားသေးသည်။ (ကတ်ထူပြားပေါ်တွင် ရေးသားထားသည့်စာနှင့် ရဲထက်ဆိုသော နာမည်သည် စာရေးဆရာမဟောပြောသည်နှင့် လွဲနေနိုင်သော်လည်း ဆိုလိုရင်းမှာ ထိုကဲ့သို့ပင် ဖြစ်သည်ဟု ရွှေလက်ယုံကြည်ပါ သည်။)

ထိုသူသည် ဖြူသည် မည်းသည်၊ မည်သည့်အလုပ်လုပ်သည် ကို စာရေးသူမသိသော်လည်း သူ့ ကို လေးစားသွားသည်။ ထိုနည်းတူ ထိုသူသည် လူငယ်ဖြစ်မည်ဟုလည်း စိတ်ထဲမှာ ထင်မှတ်မိသည်။ထိုကဲ့သို့ သူမျိုးကို စာရေးသူမြင်ချင်သည်။ စကားပြောချင်သည်။ နံနက်တိုင်းတွေ့လိုတွေ့ငြား စာရေးသူသတိထား ကြည့်သော်လည်း တစ်ခါမှမတွေ့ရပေ။ စာရေးသူက အိပ်ရာထနောက်ကျ၍လည်း ဖြစ်နိုင်ပါသည်။ တစ်ရက် စာရေးသူတိုက်ခန်းအရှေ့ထွက် လိုက်တော့ ပထမထပ် လှေကားထိပ်တွင် ဟိုကြည့်သည်ကြည့် လုပ်နေသည့် ဂျင်းဘောင်းဘီ၊ တီရှပ်ဝတ်ထားသည့် လူငယ်တစ်ဦးကို တွေ့ရသည်။ တွေ့တွေ့ချင်း ထိုလူငယ်သည် ရဲထက်ဆိုသည့် လူငယ်ဖြစ်ရမည်ဟု စာရေးသူ စိတ်ထဲက ထင်နေမိသည်။ ထို့ ကြောင့် စာရေးသူလည်း ‘‘မောင်ရဲထက်ဆိုတာလားကွဲ့’’ဟု နှုတ် ဆက်လိုက်သည်။ သူကလည်း ‘‘ဟုတ်ကဲ့ပါ အန်တီ’’ဟု ယဉ်ကျေးချိုသာစွာ ပြန်ပြောပါသည်။ ‘‘ဘာဖြစ်လို့လဲ မောင်ရဲထက်။ အမှိုက်တွေစည်းမ ရှိ ကမ်းမရှိပစ်သွားပြန်ပြီလားကွဲ့’’ဟု စာရေးသူက ဆက်မေးတော့ သူက ‘‘မဟုတ်ပါဘူး အန်တီ၊ ကျွန်တော်ညက ဘောလုံးပွဲကိုက်သွားလို့ ဒီနေ့အိပ်ရာထနောက်ကျသွားတယ်။ အမှိုက်ကားလာသွားပြီနဲ့တူတယ်ဆိုပြီး အိမ်ရှေ့ထွက် ကြည့်တော့ အမှိုက်အိတ်ထဲမှာ အမှိုက်တစ်စမှ မရှိတော့ဘူး အန်တီ။ ဘယ်သူကများ ကျွန်တော် ပျက်ကွက်သွားတဲ့အလုပ်ကို လုပ်သွားလဲ၊ အဲဒီလူက ဘယ်သူလဲ သိချင်လို့ လိုက်ကြည့်နေတာပါ။ အရိပ်အယောင်တောင် မတွေ့ရပါဘူး အန်တီရယ်’’ဟု သူက ပြောသည်။ စာရေးသူလည်း ထိုသူကို တွေ့ချင်မိသဖြင့် မောင်ရဲထက်နှင့်အတူ ပတ်ဝန်းကျင်ကို အကဲ ခတ်နေမိသည်။ သို့သော် ထိုသူ၏ အရိပ်အယောင်ကိုတောင် မြင်တွေ့ခွင့်မရခဲ့ပါပေ။

အချုပ်အားဖြင့်ဆိုရလျှင် ရွှေလက်ဝေငှပေးခဲ့သော ဟောပြောပွဲတစ်ခုမှ ရရှိလိုက်သည့်ဖြစ်စဉ်လေးကို နိုင်ငံတော်အစိုးရအဖွဲ့နှင့် ပြည်သူတစ်ရပ်လုံးက စံနမူနာယူပြီး အမှိုက်ပြဿနာကို ဖြေရှင်းဆောင်ရွက်သင့်ပါသည်။ ထိုဖြစ်စဉ်လေးထဲမှ လူငယ်လေး၏ စိတ်ဓာတ်နှင့် လုပ်ရပ်များကို အခြေခံကာ ကိုယ့်မိသားစုမှအစပြု၍ ကိုယ့်ရပ်ကွက်၊ ကျေးရွာ၊ ကိုယ့် မြို့နယ်၊ ခရိုင်၊ ကိုယ့်ပြည်နယ်၊ တိုင်း၊ ကိုယ့်နိုင်ငံတော်အဆင့်အထိ လူတစ်ဦးချင်းကသာ တာဝန်သိမှု၊ တာဝန်ယူမှုအပြည့်ဖြင့် မခိုမကပ်ဘဲ၊ အဂတိလိုက်စားမှုမရှိဘဲ ဆောင်ရွက်ကြ ရမည်။ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက မြန်မာနိုင်ငံသည်လည်း အရှေ့တောင်အာရှ၊ အာရှနှင့် ကမ္ဘာ့နိုင်ငံများထဲတွင် အမှိုက်ကင်းစင်သော နိုင်ငံအဖြစ် ရပ်တည်နိုင်မည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပါကြောင်း။ ။

ရွှေလက်

No.1708 Sunday, February 4, 2018

About The Author

greenness_mm

No Comments

Leave a Reply