အလည်ရောက်လာတဲ့ဆောင်း

အလည်ရောက်လာတဲ့ဆောင်း

” ဒါမျိုးအေးတာများ အေးစမ်းပါစေ” လို့ ဆရာကြီးတစ်ဦးကဆိုပါတယ်။ ကျနော်တို့လို တောင်တန်းတွေဝိုင်းနေတဲ့ လွင်ပြင်ကလေးဟာ ဒီဇင်ဘာလကုန်ပိုင်းလောက်မှစပြီး အအေးစဝင်တာပါ။ ခုဇန်နဝါရီလထဲကြမှ သိသိသာသာအေးလာတာ။ ဆောင်းနဲ့တူအောင်အေးလာတာပါ။ ဒီလိုအေးလာတာဟာ အအေးလှိုင်းဖြတ်လို့မို့ ဆိုပြီး မိုးလေဝသဌာနတွေကို ကိုးကားပြီး လူတွေကပြောကြတယ်။ ဇန်နဝါရီ ၈ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ အအေးပိုမယ်လို့ မိုးလေဝသထုတ်ပြန်ချက်တွေမှာတွေ့ရပါတယ်။
ဒါဟာတကယ်တော့ ကျနော်တို့ ငယ်ငယ်က ပုံမှန်အေးနေကြဆောင်းအအေးဓာတ်လောက်သာရှိတာပါရယ်။ ဒါပေမယ့် ဆောင်းရာသီအအေးဓာတ်နဲ့မတွေ့ရတာကြတဲ့ လူတွေဟာ အပူကန်ပြီးလည်ချောင်းနာတဲ့သူတွေကနာကြ။ တချို့ကလေးတွေကတော့ တစ်ရက်ကို ထမင်းငါးခါစားတာမဝနိုင်ဘူးဆိုလို့ ပြုံးရသေးတယ်။ ရာသီဥတုကအေးတော့ ခန္ဓာကိုယ်ကအပူဓာတ်ထုတ်ရတဲ့အခါ အစာချေအားကောင်းတာကိုး။
ချင်းတောင်ပေါ်မှာတော့ နှင်းဖွေးဖွေးတွေ တွေ့နေရပြီလို့ ပြောပါတယ်။ဆောင်းရာသီချင်းတောင်ပေါ်ကိုသွားရင် ထမင်းသိပ်စားနိုင်ကြတာပါ။ မြေပြန့်မှာ တစ်ပန်းကန်ကုန်အောင်စားတဲ့သူက တောင်ပေါ်ရောက်ရင် နှစ်ပန်းကန်ကုန်ပါတယ်။ ဟင်းဆိုးဆိုး၊ကောင်းကောင်း ဘာဟင်းနဲ့ဖြစ်ဖြစ် တောင်ပေါ်မှာဆို သိပ်စားလို့ကောင်းပါတယ်။ အစာမကျေတာဆိုတာမျိုးလည်းမရှိ။ စားသမျှအစာကြေတာ။
ကျနော်တို့ တောင်ကြားလွင်ပြင်ကလေးမှာ ဆောင်းပီပီပြင်ပြင်ရောက်လာပေမယ့် ရန်ကုန်မှာတော့ ဆောင်းရဲ့အရိပ်အယောင်တောင်မမြင်ရဘူးလို့ Greenss အယ်ဒီတာကြီးကပြောပါတယ်ယ သူရေးတဲ့ဆောင်းပါးထဲကအတိုင်း ရန်ကုန်မှာ ဆောင်းပျောက်သွားတာပဲဖြစ်မှာပါ။ ဇန်နဝါရီဆိုတာ ဆောင်းကာလရဲ့ အအေးဆုံးကာလပါ။ ဒီအချိန်တောင်မှာမှ ပန်ကာဖွင့်နေရတယ်ဆိုပဲ။
ကျနော်တို့ တောင်ကြားလွင်ပြင်ကလေးကို ဒီဇင်ဘာလမှာ ဆောင်းပီပီပြင်ပြင်ဝင်လာလေ့ရှိခဲ့ပေမယ့် တစ်လနောက်ကျပြီး ဇန်ဝါရီမှ ဆောင်းဝင်လာတာ ဆယ်စုနှစ်တစ်ခုအနည်းဆုံးရှိခဲ့ပါပြီ။ ဒီနှစ်ဆောင်းဝင်လာတော့ ညတရေးနိူး ပြတင်းပေါက်လေးကိုဖွင့်ပြီး ဆောင်းကိုငေးရပါတယ်။ မနက်သုံးနာရီလောက် ထပြီးပတ်ဝန်းကျင်ကိုကြည့်ရင် သိပ်လှပါတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးမြူတွေကဆိုင်းပြီး ရေတံလျောက်ကနေ နှင်းပေါက်တွေက တစက်စက်ကျနေတာ။ တကယ်တော့ဒီလိုမြင်ကွင်းတွေက ငယ်ငယ်ကျောင်းသားဘဝကဆို မနက်ခြောက်နာရီဝန်းကျင် အိပ်ရာထတာနဲ့ တန်းမြင်တွေ့နေရတဲ့မြင်ကွင်းတွေပါ။ ခုချိန်မှာတော့ အိပ်ယာထ ချိန်မှဆို ဒီလိုမြင်ကွင်းမျိုးကို မတွေ့ရတော့ပါ။ ဒါကြောင့်တရေးနိူးထကြည့်ရတာပါ။
မြူတွေဆိုင်း နှင်းတွေပိတ်ဖုံးနေတဲ့ ပတ်ဝန်းကျင်မြင်ကွင်းအလှကို ထကြည့်ကြဖို့ ကိုယ်နဲ့နီးစပ်တဲ့ကလေးတွေကို တိုက်တွန်းမိပါတယ်။ ” ဘယ်အချိန်လဲ” တဲ့ သူတို့က အားတက်သရောမေးလို့ မနက် နှစ်နာရီ၊ သုံးနာရီဝန်းကျင် လို့ဖြေလိုက်တော့ ချက်ချင်းလက်လျော့သွားကြလေရဲ့။ ကျနော်တို့လို ပီပီပြင်ပြင်လှတဲ့ ဆောင်းကိုမမြင်ဘူးတဲ့ မျိုးဆက်တွေဆိုတော့ သူတို့ရင်ထဲမှာ ဆောင်းရှိဟန်မတူပါလားလို့ အောက်မေ့ရပါတယ်။
ဆောင်းဟာတဖြည်းဖြည်းနောက်ဆုတ်လာတယ်။ ဆောင်းဟာသက်တန်းလည်းတိုလာပါတယ်။ ခုရောက်လာတဲ့ဆောင်းကိုလည်း အလည်ရောက်လာတဲ့ဆောင်းအဖြစ်မှတ်ယူမိတာပါပဲ။ ဒါကြောင့် နံနက်တရေးနိူး ပတ်ဝန်းကျင်မှာနှင်းမြူတွေပိတ်ပိန်းပြီး တပေါက်ပေါက်ကျနေတဲ့နှင်းစက်သံတွေကို ဆောင်းမပြန်ခင် ကြည့်ရှု့နားဆင်ခံစားနေမိပါတော့တယ်။
ချမ်းမြ

About The Author

greenness_mm

No Comments

Leave a Reply