အလွယ်ကြိုက်စိတ်ဓာတ်နဲ့ သဘာဝကို ဖျက်နေတဲ့လက်တွေ

အလွယ်ကြိုက်စိတ်ဓာတ်နဲ့ သဘာဝကို ဖျက်နေတဲ့လက်တွေ

ကိုယ့်လက်ချောင်းတွေကို ကိုယ်ကြည့်ပြီးစဥ်းစား ဆင်ခြင်ကြည့်စေချင်ပါတယ်။ တစ်နေ့တာအဖို့ ကိုယ့်လက်တွေနဲ့ ဘာတွေကို ကိုင်တွယ်သုံးစွဲခဲ့သလဲဆိုတာ ဆန်းစစ်ကြည့်ဖို့ပါ။ လက်တွေနဲ့ကိုင်တွယ်ထိတွေ့ခဲ့တာတွေထဲကမှ ပလစ်တစ်နှင့်ပတ်သက်တဲ့ အရာတစ်ခုကိုပဲ စဥ်းစားကြည့်ကြပါဦးစို့။ လူတစ်ယောက်ဟာ တစ်ရက်ကို ကြွပ်ကြွပ်အိတ် လို့ခေါ်ကြတဲ့ ပလစ်စတစ်တွေ ဘယ်နှအိတ်သုံးစွဲမိပါသလဲ။
ကြွပ်ကြွပ်အိတ်ကို အဓိကသုံးစွဲကြသူတွေဟာ မြို့နေလူတန်းစားတွေဖြစ်ပါတယ်။ လဖက်ရည်ဝယ်ရင်လည်း ကြွပ်ကြွပ်အိတ် ၊ မုန့်ဝယ်ရင်လည်း ကြွပ်ကြွပ် အိတ်၊ ဘာပစ္စည်းဝယ်ဝယ် ကြွပ်ကြွပ်အိတ်တွေနဲ့ပဲ ထုပ်ပိုးသယ်ဆောင်ခဲ့ကြတာပါပဲ။ နောက်ဆုံး စျေးကို စျေးခြင်းတောင်းကိုင်သွားတဲ့ ခေတ်ဟာ ကုန်ခဲ့ပြီလို့ဆိုနိုင်နေပါပြီ။ စျေးသွားရင်လက်ဗလာနဲ့သွားပြီး ကြွပ်ကြွပ်အိတ်အထုပ်ကြီးငယ်ဆွဲပြီး ပြန်လာကြတာ နေ့တိုင်းရက်တိုင်းပဲဖြစ်ပါတယ်။
အိမ်ထောင်စုတစ်စုဟာ တစ်ရက်ကို အနည်းဆုံးကြွပ်ကြွပ်အိတ် သုံးအိတ်လောက်သုံးစွဲတယ်ဆိုပါစို့။ အိမ်ခြေတစ်သောင်းရှိတဲ့မြို့ဟာ တစ်ရက်ကို ကြွပ်ကြွပ်အိတ် သုံးသောင်းကိုအသုံးပြုနေတာဖြစ်ပါတယ်။ အဲ့ဒီကြွပ်ကြွပ်အိတ် သုံးသောင်းထဲက နှစ်သောင်းကျော်ဟာ ပြန်လည်အသုံးပြုမခံရဘဲ အမှိုက်တွေအဖြစ်ရောက်ရှိသွားပါတယ်။ သဘာဝပတ်ဝန်းကျင်ကို အထိခိုက်ဆုံးအမှိုက်တွေထဲက တစ်ခုအဖြစ်ရောက်ရှိသွားတာပါ။
ဒီလိုကြွပ်ကြွပ်အိတ်တွေကို သုံးကြတာဟာ အလွယ်ကြိုက်လွန်းတဲ့စိတ်ကြောင့်လို့ပဲ ရိုးရိုးပြောရပါလိမ့်မယ်။ လဖက်ရည်၊ မုန့် ဝယ်ဖို့ ချို့င့်ကလေးဆွဲသွားရင် ရပါလျက်၊ စျေးကိုစျေးခြင်းတောင်းလေးဆွဲသွားရင် ရပါလျက် ဘယ်သူမှ မဆွဲချင်ကြပါ။ ကျွန်တော်တို့လူမျိုးတွေဟာ သိပ်ကိုအလွယ်ကြိုက်လွန်းလှပါတယ်။ စားစရာ၊သောက်စရာကို အိမ်ကချိုင့်နှင့်ထည့်သယ်ရင် ကျန်းမာရေးအတွက်ပိုကောင်း
တာကိုတောင် သိသိနဲ့ မလုပ်ဆောင်တဲ့အထိ အလွယ်ကြိုက်ကြတာပါ။
ကျွန်တော်ကတော့ စျေးဝယ်ထွက်တိုင်း အိမ်ကနေထည့်စရာယူသွားလေ့ရှိပါတယ်။ ကြွပ်ကြွပ်အိတ်နဲ့ထည့်ယူရတိုင်း စိတ်မသက်မသာခံစားရတဲ့အတွက်ဖြစ်ပါတယ်။ အပြင်စျေးဝယ်ထွက်တိုင်း တခုတခုထည့်ဖို့ယူလာတတ်တဲ့ကျွန်‌တော့်ကို “ကြွပ်ကြွပ်အိတ်နဲ့ထည့်လိုက်ရင်ပြီးရော” လို့ ဆိုသူတွေမရှားပါ။ သူတို့ဒီလိုပြောတိုင်းလည်း ရှင်းပြမနေအားပေမယ့် “သဘာဝပတ်ဝန်းကျင်ပျက်တယ်ကွ” ဆိုတာလောက်တော့ အမြဲပြန်ပြောဖြစ်ပါတယ်။
ကြွပ်ကြွပ်အိတ်အသုံးမပြုမိအောင် သတိထားလေ့ရှိတဲ့ကျွန်တော်ဟာလည်း ကြွပ်ကြွပ်အိတ်နဲ့ လုံးလုံးကြီးကင်းတာကိုတော့ မဟုတ်ပါဘူး။ မလွဲသာ၊မရှောင်သာ အသုံးပြုရတဲ့အခါတွေရှိတာပါပဲ။ ဒါပေမယ့် ကိုယ့်လက်ထဲရောက်လာတဲ့ ကြွပ်ကြွပ်အိတ်ကို သုံးလို့ရသလောက် ပြန်သုံးလေ့ရှိပါတယ်။ ဒါမှမဟုတ်ရင်လည်း သပ်သပ်ရပ်ရပ်စုထားပြီး အသုံးလိုတဲ့သူတွေကိုပေးလိုက်တာပါပဲ။
သင့်လက်ချောင်းတွေကြည့်ပြီး တစ်ရက်ကိုကြွပ်ကြွပ်အိတ် ဘယ်နှလုံးသုံးပြီးပြီဆိုတာ စဥ်းစားစေချင်ပါတယ်။ ကိုယ်သုံးတဲ့ကြွပ်ကြွပ်အိတ်တွေဟာ မြေကိုလည်းဖျက်တယ်၊ လေကိုလည်းဖျက်တယ်၊ ရေကိုလည်းဖျက်တယ်လူ‌တွေရဲ့ကျန်းမာရေး ကိုယ့်ရဲ့ကျန်းမာရေးကို ခြိမ်းခြောက်လာနိုင်တယ်ဆိုတာ သတိရပါ။ အလွယ်ကြိုက်တဲ့စိတ်ဓာတ်နဲ့ သဘာဝကိုဖျက်တဲ့ လက်ပိုင်ရှင်တွေမဖြစ်ရအောင် ပြုပြင်ပြောင်းလဲကြဖို့ တိုက်တွန်းလိုက်ပါရစေ..။
ဆန်းလေး

About The Author

greenness_mm

No Comments

Leave a Reply