အသက်ကယ်မြို့လေးအသက်ရှည်စေချင်

အသက်ကယ်မြို့လေးအသက်ရှည်စေချင်

တောင်တွေကို လှေကားသဖွယ် အဆင့်ဆင့်ဖြတ်သန်းကာ သွားရောက်ရသည့်မြို့ဖြစ်သောကြောင့် တောင်လှေကားမြို့လို့ခေါ်သည်တဲ့လား …။ ပန်းများစွာဖူးပွင့်ကာ မြို့ကိုအလှဆင်နေသောကြောင့် ပန်းမြို့တော်ဟုခေါ်လေသလား …ဂုဏ်သတင်းရနံ့မျိုးစုံစွာနှင့် သင်းပျံ့ နေသည့် မြို့ကလေ ပြင်ဦးလွင်သည် ယခုအချိန်တွင် အများသတ်မှတ်ချက်အရ နွေအပူရှိန်မှအကာအကွယ်ယူရာ အသက်ကယ်မြို့လေးဟုပင်။
ပြီးခဲ့သည့် ၂၀၁၀ပြည့်နှစ် နွေရာသီအပူအလွန်ကဲမှုကြောင့် မန္တလေးတိုင်းဒေသကြီးအပါအ၀င် မြန်မာနိုင်ငံအလယ်ပိုင်းမြို့နယ်များမှ လာရောက်ကာ အပူရှောင်တိမ်းကြသောကြောင့် အသက်ကယ်မြို့ဟုအမည်တွင်ခဲ့ကြောင်း ယင်းဒေသခံများဆိုသည်။
သို့သော် လွန်ခဲ့သည့် ၁၀ နှစ် ခန့်မှစတင်ကာ ပြင်ဦးလွင်မြို့လေးသည် နွေးထွေးရာကနေ အပူဒဏ်ကို တဖြည်းဖြည်းခံစားလာခဲ့သည်။ နွေအပူဒဏ်ခံစားရသည့်အကြောင်းများကို ပြင်ဦးလွင်ဒေသခံများ ယခင်ကသတိမထားမိသော်လည်း ယခုအချိန်တွင် “အရင်ကနဲ့မတူဘူး၊ ပိုပူလာတယ်’’ ဟုပြောလာကြလေသည်။
လယ်မြေစိုက်ပျိုးရန်အတွက် ထည့်သွင်းရသည့် အရင်းအနှီး၊ အသုံးပြုရသည့်ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးအသုံးစရိတ်များသည် တစ်နှစ်လျှင် ကျပ်ဆယ်သိန်းခန့်ရှိမျှသာလျှင် အကောင်အထည်ပေါ်မည်ဖြစ်သော်လည်း စျေးကွက်အတွင်း စျေးမရပါက တစ်ခါတစ်ရံ ကျပ်သုံးသိန်းခန့်သာ ပြန်လည်ရရှိသည့်အတွက် တောင်ယာလုပ်သည့်အပြင် အရင်းအနှီးမလိုသော သစ်ပင်များဘက်သို့ ခြေဦးလှည့်လာသည်။
‘’ကျွန်တော်တို့ သစ်ပင်ခုတ်တာ အပင်ကောင်းကိုပဲခုတ်တာ။ မကောင်းတဲ့အပင်ဆိုရင်ထားပါတယ်။ ထုံးဖုတ်တဲ့သူတွေက သစ်ပင်ကို အမြစ်ပါမကျန် ထင်းလုပ်တာလေ။ လယ်စိုက်တာက ငွေသိပ်မမြင်ဘူး။ သစ်ပင်ခုတ်လိုက်ရင် ချက်ချင်းငွေမြင်ရတယ်’’ ဟု လယ်၊ မြေစိုက်ပျိုးရာမှ သစ်ပင်ခုတ်ရောင်းသည့်အလုပ်ပြောင်းလဲလူကိုင်သူအသက် ၃၀ အရွယ် အမျိုးသား တစ်ဦ:က ပြောကြားသည်။
မြန်မာနိုင်ငံရှိဒေသအားလုံးနီးပါး စီးပွားရေးဖွံ့ဖြိုးမှုအလိုက် တည်ဆောက်လာကြသော လူဦးရေများပြားလာသည့်အလိုက် တိုးချဲ့တည်ဆောက်လာသောအဆောက်အအုံများအတွက် လိုအပ်သောထုံးရရှိစေနိုင်ရန် ရွာခုနစ်ရွာခန့်တွင် ထုံးများထုတ်လုပ်နေကြသည်။ အမြင့်ပေလေးပေခွဲမှ ၁၂ ပေနှင့် အကျယ်အ၀န်း ၁၅ပေခန့်ရှိသော ထုံးဖိုတစ်ဖိုအတွက် ကျပ်လေးသိန်းခန့်ကုန်ကျသည့် သစ်ပင်အပိုင်းများစွာ တင်လာသော ခြောက်ဘီးကားတစ်စီးမှ နှစ်စီးခန့်အထိ အသုံးပြုရသည်။ ထိုထင်းများအတွက် ရှာဖွေရသည့်သစ်တောများလဲတစ်ဖြည်းဖြည်းဝေးကွာလာသည့်အတွက် ထင်းစျေးများလည်းတဖြည်းဖြည်း တက်လာကာ အပူဒဏ်လည်းတဖြည်းဖြည်းမြင့်လာတော့ကြောင်း အဆိုပါဒေသခံများက တညီတညွတ်တည်း ပြောကြားသည်။
ထုံးဖုတ်ရန်အတွက် ထင်းအဖြစ်အသုံးပြုသော သစ်ပင်များအပြင် ကုန်ကြမ်းဖြစ်သော ထုံးကျောက်များကိုလည်းတောင်များမှ တူးဖော်ထားရာ တောင်များမှတစ်ဆင့် ချိုင့်၀ှမ်းများ အသွင်သို့ကူးပြောင်းနေပေသည်။ ထုံးဖုတ်သည့် မြေသားများရရှိရန်အတွက် ထင်းကားတစ်စီးလျှင်ကျပ်သန်းချီ ပေး၀ယ်နေရသောကြောင့်ထုံးစျေးလည်း မြင့်တက်လာလေသည်။
‘’ကုန်းကြမ်းက မြေကြီးရယ်၊ သစ်ရယ်လေ။ ဒါတွေက ဘယ်လိုလုပ်ကုန်မှာလဲ။ နည်းနည်းရှားပြီး မရတာပဲဖြစ်မှာပေါ့။ နောက်တော့လည်း သူ့ဘာသာသူအဆင်ပြေသွားတာပဲလေ’’ ဟုဆိုကာ ထုံးဖုတ်ရန်အတွက် ထုံးကျောက်များကို ထုံးမီးဖိုအတွင်းသို့ ပစ်ချနေသော အသက် ၂၀ အရွယ်အမျိုးသမီးက ဆိုလေသည်။
‘’ထုံးဖုတ်တာက လူတွေအတွက်Infrastrueture အတွက်လုပ်ရတာဖြစ်တဲ့အတွက် နေရာတစ်နေရာတော့ ပေးဆပ်ရမှာပေါ့။ ဒါပေမယ့် စနစ်တကျလေး ဖြစ်အောင်တော့လုပ်ဖို့လိုတယ်။ တစ်နေရာမှာ ဖွံ့ဖြိုးတယ်ဆိုရင် မျှတပါတယ်’’ ဟု သဘာ၀ပတ်၀န်းကျင် ထိန်း သိမ်းရေးလုပ်ငန်းများလုပ်ဆောင်သည့် အဖွဲ့ဖြစ်သော Eco Dev၏အုပ်ချုပ်မှု ဒါရိုက်တာဦး၀င်းမျိုးသူကသုံးသပ် ပြောကြားသည်။
ယင်းကဲ့သို့ အကြောင်းမျိုးမျိုးကြောင့် ကုန်ဆုံးသွားသည်မှာ သစ်ပင်များတင်မကဘဲ ယခင်က အလွန်အေးမြသော ‘’နွေမရှိဘူး’’ ဟုဆိုကြသော ပြင်ဦးလွင်သည် အပူဒဏ်ကြောင့် တဖြည်းဖြည်းချွေးထွက်လာလေပြီ။ ‘’နွေမရှိဘူး၊ ဥဩမရှိဘူးဆိုတဲ့တောင်ပေါ်မြို့လေးမှာ ငြင်းစရာမလိုတော့ဘူး။ နွေရှိတယ်၊ ဥဩရှိတယ်၊ကဗျာဆရာရှိတယ်။ အလွမ်းပင်တွေမပေါက်ချင်ဘူး။ ရင်ထဲမှာအူနေတယ်’’ ဟူ၍ ကဗျာဆရာညိုဦးလွင်က ၂၀၀၃ ခုနစ် မတ်လထုတ် ရယ်စရာမဂ္ဂဇင်းတွင် အလွမ်းလယ်ကွင်းကဗျာ၌ ၎င်း၏ခံစားချက်များကို ရင်ဖွင့်ခဲ့သည်။
ပြင်ဦးလွင်မြို့နယ်သည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်တွင် တည်ရှိသော်လည်း ရှမ်းကုန်ပြင်မြင့်အနောက်ဘက်စွန်း ယေဘုယျအမြင့်ပေ ၃၀၀၀ ကျော်တွင်တည်ရှိကာ မြေနိမ့်လွင်ပြင်တွင် တည်ရှိသောကြောင့် မိုးနည်းရပ်၀န်းတွင် မပါ၀င်ပေ။ တောင်ပေါ်မြေပြန့်များကို အမြင့်ပေ ၃၀၀၀ အထက်တွင် အများဆုံးတွေ့ရသည်။ အနိမ့်ဆုံးအပိုင်းသည် ပေ ၃၀၀နှင့် ၁၀၀၀ ကြားရှိ တောစိတ်ပိုင်းဖြစ်ပြီးမြို့နယ် ဧရိယာ၏ ၃ ဒသမ ၈ ရာခိုင်နှုန်းရှိကာ မြို့နယ်၏အနောက်မြောက်ဘက် အနောက်တောင်ဘက်နှင့် ဒုဋ္ဌ၀တီမြစ်တစ်လျှောက်နှင့် အရှေ့ဘက်တွင်းအနည်းငယ်စီတွေ့ရကြောင်း အမြင့်ပေ ၁၀၀၀ နှင့် ၂၀၀၀ ကြားရှိတောများမှာ ၁၅ ဒသမ ၃ ရာခိုင်နှုန်းရှိကာ ဒု၀တီမြို့အနီးတွင် တွေ့ရှိရကြောင်း၊အမြင့်ပေ ၂၀၀၀ နှင့် ၃၀၀၀ကြားရှိတောဒေသများကို မြို့နယ်အရှေ့ဘက်၊ တောင်ဘက်နှင့် အနောက်တောင်ဘက်၊ အရှေ့မြောက်ဘက်တို့တွင်တွေ့ရပြီး မြို့နယ်ဧရိယာ၏ ၆ ဒသမ ၂ ရာခိုင်နှုန်းခန့်သာတွေ့ရပြီး အမြင့်ဆုံးအပိုင်းဖြစ် ကာနေရာသုံးခုပြန့်ကျဲလျက်ရှိကြောင်း၊ အမြင့်ဆုံးတောင်များမှာ အုတ်ဖိုတောင် ၄၁၅၅ ပေ၊ ကျိုင်းတောင် ၄၁၆၅ ပေ၊တို့ဖြစ်ကြောင်း မေမြို့ချစ်ဆွေ ရေးသားသော သမိုင်းဖြစ်စဥ်ပြင်ဦးလွင် စာအုပ်တွင် ဖော်ပြထားသည်။
‘’တောတွေလား၊ ဒီမြို့အတွင်းလောက်ပဲ၊ ကျန်တဲ့နေရာတွေမှာ တောလို့ကိုမရှိတော့ဘူး’’ ဟု ပြင်ဦးလွင်မြို့နယ် လီဆူဓမ္မတက္ကသိုလ် အုပ်ချုပ်သူဦးပီတာက ပြောကြားသည်။
‘’ကျွန်တော် ငယ်ငယ်က ကျွန်တော်တို့ရွာကနေ တောထဲကိုတစ်ယောက်ထဲမသွားရဲဘူး။ အခုတော့ တောင်တွေကိုတောင်မြင်နေရပြီ။ ထုံးအတွက် ထင်းကိုပထမအပင်ကြီးကနေ အသေး၊ နောက်တော့ တောင်ကတုံးဖြစ်အောင် ခုတ်သွားပြီးအမြစ်ပါယူသွားကြတာ’’ ဟု အသက် ၃၀ အရွယ် နယ်မြေ( ၄ )တွင် နေထိုင်သူ အမျိုးသားတစ်ဦးက စိုက်ခင်းများ စိုက်ပျိုးရန်အတွက် တောင်တစ်ဖက်ကို ထွန်ယက်ထားသောကြောင့် ပေါက်ကာဆံပင်တစ်၀က်၊ ထိပ်ပြောင်တစ်၀က်သကဲ့သို့ဖြစ်နေသောမှန်ချိန်တောင်ကို လက်ညှိုးညွှန်ပြသည်။
ပြင်ဦးလွင်တွင် ဆိုင်ကယ်၊ ကားအသုံးပြုမှုသည် ယခင်ကထက် တိုးမြင့်လာပြီး လေထုညစ်ညမ်းမှုများလည်းဖြစ်ပေါ်လာသည်
။ မီသွေးဖုတ်လုပ်ငန်းများ လုပ်ကိုင်လာခြင်း၊ ထင်း၊ မီးသွေးအသုံးပြုမှုများကို အတိုင်းအဆမဲ့လုပ်ကိုင်လာသည်။ မန္တလေးထက် နှိုင်းစာပါက ရာသီဥတုအေးသဖြင့် နွေရာသီတွင်လာရောက်ပူ ရှေင်ကြသူများကြောင့်ပြောင်းရွှေ့လာသော လူဦးရေထပ်လာသည်။သို့ရာတွင် ယခင်က နှင်းများခဲသည်အထိ အေးရာာမှ သုံးနှစ်အတွင်း အအေးဒဏ်လျော့ပါလာသည်။
‘’အစ်မပြောင်းလာတဲ့ ၁၀ နှစ်တာကာလအတွင်းမျှာ အရင်က အ၀တ်တွေလှမ်းထားရင်း အေးခဲပြီး တောင့်နေ တယ်။မြက်ခင်းတွေကို နင်းလိုက်ရင် ဂျွတ် ဂျွတ် ဂျွတ်နဲ့ ရေခဲတွေကို တက်နင်းမိတယ်။ အခုဒီသုံး၊ လေးနှစ်အ တွင်းမှာတော့ နွေရာသီမှာအရင်ချွေး မထွက်တာကနေ ချွေးထွက်လာပြီး’’ ဟု ကလေးစာစောင်များတွင် ရေးသား နေသော စာရေးဆရာမ ခင်ကျော့ရှင်းက ပြောကြားသည်။
ပြင်ဦးလွင်မြို့နယ်တွင် အမြဲစိန်းတော၊ အထက်ရွက်ပြတ်ရောနှောတောစို၊ အထက်ရွက်ပြတ်ရောနှောတော ခြောက်၊ ရွက်ပြတ်ရောနှောတော၊ အင်တိုင်းတော နှင့် အင်တိုင်းချုံးတော၊ တောင်ပေါ်တောခြောက်များရှိရာ သစ်တောမျိုးအစားများအလိုက် အမြဲစိမ်းတောတွင် ကညင်၊ ပျဥ်းကတိုး၊ ၀ါးပိုး၊ မျက်ဆံကျယ်၊ ၀ါးဖြူကြီး၊ တင်း၀ါးတို့လည်းကောင်း၊ အထက်ရောနှောတောခြောက်တွင် ကျွန်း၊ ပျဥ်းက တိုး၊ ဖက်၀န်း၊ ဂျီ၊ ပိတောက်၊ နှော၊ တင်း၀ါး၊ သနပ်ခါး၊ မျှင်၀ါး၊ ၀ါဖြူကလေး၊ အောက်ရွက်ပြတ်ရောနှောတောတွင် ဖက်စို့၊ ဖက်ခါး၊ မျောက်ငို၊ သပြေ၊ ဂုံး၊ သင်း၀င်၊ ထောက်ကြံ့၊ ရေပတုန်း၊ အင်တိုင်းတော မြင့်တွင်အင်၊ သစ်ယာ၊ အင်ကြင်း၊ သစ်စေး၊ တညင်၊ ၀ါးဘိုး၊ အင်တိုင်းချုံးတောတွင် အင်၊ အင်ကြင်း၊ သစ်ယာနှင့် ၀ါးများလည်းပေါက်ရောက်ပြီး တောင် ပေါ်တောခြောက်တွင် ၀က်သစ် ချ၊ သစ်အယ်၊ ညံ၊ စကပ်၊ သစ်ခ၊ မက်လိန်၊ ရင်းဂူကြီး၊ ဖက်ကြံ့၊ ဂုံးတို့ ပေါက်ရောက်ကြောင်း သမိုင်းဖြစ်စဥ် ပြင်ဦးလွင်စာအုပ်တွင် ဆက်လက်ဖော်ပြထားသည်။
ရာသီဥတုပူလာသည့်အတွက် အေးမြရာ နေရာတစ်ခုအဖြစ် သက်မှတ်ထားသော သက်ကယ်မြို့ ပြင်ဦးလွင်သည်လည်း ပြီးခဲ့သည့်ဆယ်စုနှစ်မှ စတင်ကာတောင်မြေများလည်း လယ်မြေများအဖြစ် သို့လည်းကောင်း၊ သစ်တောများမှ စိုက်ခင်းများအဖြစ်သို့လည်းကောင်း ကူးပြောင်းလာသည့်နောက် တဖြည်းဖြည်း နာမကျန်းဖြစ်လာလေသည်။
ယင်းကဲ့သို့ ပြောင်းလဲလာသည့်ဂုဏ်ပမာဏများစွာ စုဝေးရာပြင်ဦးလွင်ခေါ်အသက်ကယ်မြို့လေးအသက် ရှည်ဖို့ရန်အတွက် အခြေခံလူတန်းစား၊ စီးပွားရေးပိုင်ရှင်များ၊ နိုင်ငံရေးမူ၀ါဒများ ချမှတ်သည့် လူတန်းစားများပါ ပါ၀င်သင့်ပြီးသစ်တောများ ပြန်လည်ပြုစုပျိုးထောင်ပေးခြင်း၊ ကိုယ်ပိုင်ပစ္စည်းကဲ့သို့ ရေရှည်ထိန်းသိမ်းနိုင်ရန် ဒေသခံများ အစုအဖွဲ့ပိုင်သစ်တောများ တည်ထောင်ခွင့်ပေးခြင်းဖြင့် အသက်ရှည်ကျန်းမာရန် အတွက်သစ်ပင်၊ သစ်တောဟူသော ဆေးဖြင့်ပြန်လည်အသက်ကယ်ရန် လိုအပ်လာသည်ဖြစ်တယ်ဟု သဘာ၀ ပတ်၀န်းကျင်ထိန်းသိမ်းရေးပညာရှင်များက ပြောကြားသည်။
သတင်းဆောင်းပါး − ဇာဏီထွဏ်း၊ ၃−၃−၂၀၁၁
(၂၀၁၁ ခုနှစ်က ရေးခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။ အခု ၁၂ နှစ်အကြာမှာ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါတယ်။ အခုဆိုရင် မြန်မာတပြည်လုံး အပူဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရပါပြီ။ ဘာကြောင့် အပူချိန်တွေ မြင့်နေရတလဲ ဒီထက်ပိုဆိုးမလာအောင် ဘယ်လို ထိန်းသိမ်းကာကွယ်ကြမလဲ။ ဒါတွေကို လေ့လာအကဲခတ်နိုင်ဖို့ ဒီဆောင်းပါးကို ပြန်လည်ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်)

About The Author

greenness_mm

No Comments

Leave a Reply