ဥက္ကလာပ၏ ပထဝီအနေအထား ပြောင်းလဲမှုများ

ဥက္ကလာပ၏ ပထဝီအနေအထား ပြောင်းလဲမှုများ

တစ်နေ့က ကျွန်တော့်ဇနီးနဲ့ ကျွန်တော် အပြင်သွားရင်း မြောက်ဥက္ကလာ ကျောက်ရေတွင်း ဖော်တော်ဦးဘုရားနားကိုရောက်သွားခဲ့တယ်။ဘုရားရှေ့ကနေရာတစ်နေရာမှာ အုတ်တွေ စီထားတဲ့ ရေကန်သေးသေးလေးတစ်ခုကိုတွေ့မိတယ်။ကျွန်တော့်ဇနီးက ကျွန်တော့်ကို ယခုလိုပြောပြပါတယ်။
” အဲဒီနေရာက အရင်ကတော့ အောက်ကနေစမ်းရေထွက်တယ်။ ရီရီတို့ ငယ်ငယ်က ဒီနေရာလေးဆီ လာပြီးရေချိုးကြတယ်။ အခုတော့ အဲဒီလို စမ်းရေထွက်တာ မရှိတော့ဘူး။”
ကျွန်တော့်ဇနီး ပြောတာကိုနားထောင်ရင်း ကျွန်တော့်မိတ်ဆွေ စာရေးဆရာကြီး မောင်မြတ်မွန်( ဆူးလေ) ရေးသားခဲ့တဲ့ ” ကွင်းများဖြင့် ဝန်းရံတည်ဆောက်ထားသောမြောက်ဥက္ကလာမြို့နယ်” ဆိုတဲ့ဆောင်းပါးကို အမှတ်ရလိုက်မိတယ်။ အဲဒီဆောင်းပါးထဲမှာအောက်ပါအတိုင်းရေးထားပါတယ်။
” မယ်လမု ချောင်းရိုးကလေး၏ မြောက်ဘက်တွင်စက်မှုလက်မှု ရပ်ကွက်နှင့် ကျောက်ရေတွင်းကျေးရွာများ ခြား၍ ရွှေလှေချောင်းကွင်း၌ ” ဃ “ရပ်ကွက်ကို ဆက်လက်တည်ဆောက်ခဲ့သည်။ထိုသို့ ဂဏန်းသင်္ချာဖြင့် အမှတ်အသားပြုလုပ်ထားသည့် အမှတ်( ၁)ရပ်ကွက်နှင့် အမှတ်( ၂)ရပ်ကွက်များနောက်တွင်အက္ခရာဖြင့် အမှတ်အသားပြုလုပ်ထားသော ‘ က ‘ မှ ‘ဌ ‘ အထိရပ်ကွက် အမှတ်အသားများဖြစ်တည်လာခြင်းမှာမူ အကြောင်းတိုက်ဆိုင်စွာပင် ” မယ်လမုစေတီတော်” သမိုင်းကြောင်းနှင့် ဆက်နွယ်ပေါက် ဖွားလာခြင်းဖြစ်ပေ သည်။ ၁-၂ ဂဏန်းသချင်္ာ အမှတ်အသားနောက်တွင် ‘ က’ မှ ‘ဌ ‘အထိ အက္ခရာများ ပါသော ကျောက်ခွေစေတီကိုပါ တူးဖော်ရရှိသည်။ ” ဟု မယ်လမုရုပ်စုံ ဗုဒ္ဓဝင် သမိုင်း ( စာ- ၂၄ ) တွင်ဖော်ပြထားသည်။ ‘ ဃ’ ရပ်ကွက် တည်ရှိရာ ရွှေလှေချောင်းသည် မင်္ဂလာဒုံ လေယာဉ်ကွင်းတည်ရာ ‘ ကျောက်ကွဲစမ်း ‘ မှ စီးဆင်းလာသော ‘ စမ်းချောင်း’ တွင်မြစ်ဖျားခံကာ’ ရွှေလှေချောင်း ‘ အမည်ဖြင့် တံတားကြီး ကျေးရွာ အားကွေ့ပတ်စီးဆင်းပြီး ကျောက်ရေတွင်းစက်မှုလက်မှု ရပ်ကွက် အတွင်းရှိ’ အမယာလမ်း’ အနီးမှ ငမိုးရိပ်ချောင်းအတွင်းသို့ စီးဝင်သွား
လေသည်။ မူလရွှေလှေချောင်းသည် ပေလေးဆယ်ခန့် ကျယ်ဝန်းပြီး တံတားကြီးကျေးရွာနှင့် ပွဲရုံဆိတ်ကုန်း( ပုရွက်ဆိတ်ကုန်း)များသို့ ကုန်တင်လှေ၊သမ္ဗန်များ ဝင်ရောက်ဆိုက်ကပ်ရပ်နားနိုင်ခဲ့သည်။ ရွှေလှေချောင်း အမည်ရလာခြင်းမှာ အလောင်းစည်သူမင်းကြီးသည် ‘ ရွှေလှေ’ (ဖောင်တော် ) ဖြင့် ကိုးဆူတောင်တွင်
ဖောင်တော်ဦး ရုပ်ပွားတော်များ တည်ထားကိုးကွယ်ရန် ဝင်ရောက်ခဲ့ခြင်းကို ‘ အန္နတ္တ သရစာ ‘ပြု၍ မှည့်ခေါ်သည် ဟု ကိုးဆူတောင်ဖောင်တော်ဦး ဘုရားသမိုင်းတွင် ဖော်ပြချက်အရ သိရသည်။”

ကျွန်တော်နေနေတာက ဆရာမောင်မြတ်မွန်( ဆူးလေ )ရဲ့ဆောင်းပါးထဲမှာပါတဲ့ ‘ ဃ’ ရပ်ကွက်ထဲမှာပါ။ ရွှေလှေချောင်းဆိုတာ နာမည်သက်သက်ပဲ ရှိပါတော့တယ်။ အဲဒီနာမည်ကိုတောင် မသိတဲ့သူတွေလည်း ရပ်ကွက်ထဲမှာ အများကြီးရှိတယ်။ ယခုတော့ အကျယ်အဝန်းက မြောင်းအဆင့်ပဲရှိပါတော့တယ်။
မြောက်ဥက္ကလာပအဝိုင်း( အဝိုင်းဆိုတာကလည်း အမည်သက်သက်ပါပဲ) နားမှာရှိတဲ့ ဟော်ထယ်၊KTV၊ တည်းခိုခန်း၊ဧည့်ရိပ်သာ တွေက အဲဒီရွှေလှေ ချောင်းပေါ်မှာ ကွန်ကရစ်ခင်းပြီးနေရာယူထားကြပါပြီ၊
ကျွန်တော်ငယ်ငယ်က တောင်ဥက္ကလာမှာနေခဲ့တယ်။အိမ်ထောင်ကျတော့ မြောက်ဥက္ကလာကို ရောက်လာတယ်။ တောင်ဥက္ကလာမှာ နေခဲ့တုန်း က ဒီဇင်ဘာ အားကစားလမှာ နံနက်စောစောလမ်းလျှောက်ထွက်ကြတယ်။ ကျွန်တော်တို့ညီအစ်ကိုနဲ့ ကျွန်တော့်အဖေက ကျွန်တော်တို့နေတဲ့တောင်ဥက္ကလာ ( ၃) ရပ်ကွက်ကနေမြောက်ဥက္ကလာကျောက်ရေတွင်း ရဲစခန်းကိုလမ်းလျှောက်ကြတယ်။ ကျောက်ရေတွင်းရဲစခန်းမှာ စခန်းမှူး က ကျွန်တော့် အမေဘက်က အဖိုးလေးပါ။ကျောက်ရေတွင်း ရဲစခန်း က ယခုကျောက်ရေတွင်း ကားမှတ်တိုင် နားမှာရှိပါတယ်။မယ်လမုဘုရားဖက်အခြမ်းမှာပေါ့၊ အဲဒီတုန်းက အခုလို ကားလမ်းတွေမကျယ်သလို ကားတွေလည်းမပေါများသေးလို့ လမ်းလျှောက်လို့ကောင်းတယ်။ရေကူးအသံလွှင့်ရုံရှေ့မှာဆို မြေနီလမ်းကလေးပဲရှိတယ်။ ယခုတွေ့နေရတဲ့အနေအထား နဲ့ လုံးဝခြားနားတဲ့အနေအထားပါ။ ကန်စွန်းခင်းတွေ လည်းရှိသလို ငွေဗျိုင်းဖြူ၊ဗျိုင်းအောက်၊ ငှက်ခါး၊သပိတ်လွယ်၊ငှက်တော် စတဲ့ငှက်တွေကိုလည်းတွေ့မြင်ရတယ်။ နံနက်စောစော လေကောင်းလေသန့်ရှူပြီး လမ်းလျှောက်ရတာ ကျေနပ်အားရစရာပါ။

ငယ်ငယ်တုန်းက တောင်ဥက္ကလာမှာနေခဲ့တယ်။အိမ်ထောင်ကျတော့မြောက်ဥက္ကလာကိုရောက်လာတယ်။ဥက္ကလာပ နဲ့ ကျွန်တော် အဲဒီလို ရေစက်ရှိနေတယ်။ ရှေးကျတဲ့မွန်သမိုင်းမှတ်တမ်းတွေမှာ ဥက္ကလာပအမည် နဲ့ စပ်လျဉ်းပြီး ဖော်ပြထားတာတွေရှိခဲ့တယ်။ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ ဆံတော်ကို စေတီတည် ထား ကိုးကွယ်ထားတဲ့ သိဂုင်္တ္တရ ကုန်းတော်ရဲ့အရှေ့ဘက်မှာရမ္မနဂိုရ်မြို့၊ အနောက်ဘက်မှာ အသိသဥ္စနမြို့၊ တောင်ဘက်မှာ ဓညဝတီမြို့နဲ့ မြောက်ဘက်မှာ ဥက္ကလာပ မြို့ဆိုပြီးမြို့လေးမြို့ရှိခဲ့သတဲ့။ တချို့သော သမိုင်းမှတ်တမ်းတွေမှာတော့ ဥက္ကလာပ ဆိုတဲ့အမည်ဟာ မြန်မာနိုင်ငံ ရဲ့မူလအမည် မဟုတ်ဘဲ အိန္ဒိယ နိုင်ငံကဆင်းသက်လာတဲ့အမည်ဖြစ်တယ်လို့ဆိုတယ်။ သမိုင်းဆိုတာတွေကလည်းနှစ်ကာလကြာလာတဲ့အခါ ပုံပြင်တွေဖြစ်သွားတတ်တယ်။
သမိုင်းတွေဟာ ပုံပြင်ဖြစ်လာတတ်သလို သဘာဝပတ်ဝန်းကျင်အနေအထားတွေကလည်းပြောင်းလဲသွားတတ်ပါတယ်။ ကျွန်တော်စဉ်းစားကြည့်မိတယ်။ဖောင်တော်ဦးဘုရားဆိုပြီး ဘာ့ကြောင့် ကုန်းအလယ်တည့်တည့်မှာ ရှိနေရတာလဲလို့ပေါ့။ ဘုရားသမိုင်းအရတော့ အလောင်းစည်သူမင်းရဲ့ဖောင်သွားနိုင်လောက်အောင် လက်ညိုးညွှန်ခဲ့တာဖြစ်ပါလိမ့်မယ်။
ဥက္ကလာပမြို့သစ်ကို အိမ်စောင့်အစိုးရလက်ထက်ကတည်ခဲ့တာဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်ပေါ့။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ပြည်တွင်းစစ်က တစ်စ တစ်စနဲ့ကြီးထွားလာခဲ့တယ်။ ပြည်တွင်းစစ်ဒဏ် နဲ့ စီးပွားပျက်ဒဏ် ကို ခံစားလာရတဲ့ ကျေးလက်နေပြည်သူတွေ ဟာ မိမိတို့ရဲ့ မူလဒေသတွေကိုစွန့်ခွာပြီးအဲဒီအချိန်အခါက မင်းနေပြည်တော်ဖြစ်နေတဲ့ ရန်ကုန်မြို့ကြီးဆီကို ခိုလှုံဝင်ရောက် လာခဲ့တယ်။ဒုတိယကမွာစစ်ဒဏ်ကို ခံခဲ့ရတဲ့ ရန်ကုန်မြို့ကြီးကလည်း တိုက်ပြိုတိုက်ပျက်တွေနဲ့ ရှိနေခဲ့တယ်။ ရန်ကုန်မြို့ကြီးဟာ မြို့တော်ကြီးနဲ့မတူဘဲ အမှိုက်ပုံကြီးနဲ့တူနေတယ်။ အမှိုက်ပုံမြို့တော်ကြီးမှာလည်း မီးလောင်မှုတွေမကြာခဏ ဆိုသလို ဖြစ်ခဲ့တယ်။
အိမ်စောင့်အစိုးရလက်ထက်မှာ တောင်ဥက္ကလာ၊မြောက်ဥက္ကလာနဲ့ သာကေတမြို့နယ်တွေကို မြို့ကွက်ရိုက်ပြီးတည်ဆောက်ခဲ့တယ်။ ကျူးကျော်ရပ်ကွက်မှာနေတဲ့သူတွေကို ဖျက်သိမ်းပြီးနေရာချပေးခဲ့တယ်။တောင်ဥက္ကလာကိုဂဏန်းသင်္ချာနဲ့ သတ်မှတ်ပြီး( ၁) ကနေ ( ၁၃)အထိတပ်ခဲ့တယ်။ မြောက်ဥက္ကလာ ကိုတော့
မြန်မာအက္ခရာဗျည်းတွေနဲ့သတ်မှတ်တယ်။ ‘ က’ ကနေ’ ဌ ‘အထိ ၁၇ ရပ်ကွက်ရှိပါတယ်။ ဒါပေမယ့် တောင်ဥက္ကလာရဲ့မြောက်ဘက်မှာတည်ရှိတဲ့ ( ၁)ရပ်ကွက် နဲ့( ၂) ရပ်ကွက်တို့ဟာ ရေကူးအသံလွှင့်ဝင်းခြံကြီးခြားနေတဲ့အပြင် ပထဝီ အနေအထားအရ မြောက်ဥက္ကလာ မြို့နယ်ထဲကိုပါဝင်သွားခဲ့တယ်။ ပထဝီအနေအထားအရ ဆိုတာကတော့ တောင်ဥက္ကလာ နဲ့ မြောက်ဥက္ကလာ မြို့နယ်တွေရဲ့ အနီးအနားမှာကွေ့ဝိုက်ပြီးစီးဆင်းနေတဲ့ ငမိုးရိပ်ချောင်းဟာ ဒီရေအတက်အကျ ရှိတယ်။ ဒီရေအတက်အကျနဲ့အတူလတာပြင်လည်း ဖြစ်ပေါ်လာတယ်။ ဒီနေ့ဒီအချိန်တိုင်အောင်ဒီရေအတက်ကြမ်းခဲ့ရင် ကားလမ်းမတွေအထိရေရောက်လာတတ်တယ်။
မှတ်မိသေးရဲ့၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်အခါက မယ်လမု ဘုရား ရင်ပြင်အထိ ဒီရေတက်လာတာကိုတွေ့ခဲ့ဖူးတယ်။ တောင်ဥက္ကလာနဲ့ မြောက်ဥက္ကလာမြို့နယ်စတင်တည်ထောင်ခါစက ရေကူးအသံလွှင့်ရုံနားမှာ လတာပြင်ကြီးဖြစ်ပေါ်ခဲ့တယ် လို့ဆိုတယ်။( ၁)ရပ်ကွက် နဲ့ ( ၂)ရပ်ကွက် ကလတာပြင်ကြီးခြားနားပြီး တည်ရှိနေတာဖြစ်လို့မြောက်ဥက္ကလာ မြို့နယ်ထဲပါဝင် သွားတာလို့ဆိုတယ်။ ပထဝီအနေအထားဆိုတာအဲဒါပါပဲ၊
ဥက္ကလာမြို့နယ်နှစ်ခုရဲ့ မူလမြေနေရာအများစုဟာ လယ်မြေတွေဖြစ်ကြတယ်။ တောင်ဥက္ကလာ မြို့နယ်ထဲမှာတော့ချောင်းလက်တက်တစ်ခုပဲ ထင်ရှားစွာရှိခဲ့သတဲ့။ အဲဒီချောင်းကိုကျိုက္ကဆံချောင်းလို့ခေါ်ပါတယ်။ မြို့သစ်တည်ပြီးတဲ့နောက်မှာလူနေအိမ်ခြေထူထပ်စွာ ရောက်ရှိလာတယ်။ လူတွေရဲ့ပယောဂကြောင့်
ချောင်းလည်း တိမ်ကောလာခဲ့တယ်။ အကျယ်အဝန်းလည်းကျဉ်းမြောင်းလာပြီး မြောင်းသာသာပဲရှိပါတော့တယ်။ မြောက်ဘက်မှာတော့ ငမိုးရိပ်ချောင်းရဲ့လက်တက်တစ်ခုဖြစ်တဲ့ရေပေါက်ကြည့်ချောင်းငယ် တစ်ခုရှိတယ်။ ရပ်ကွက် ( ၁၇) ခုနဲ့စုစည်းတည်ဆောက်ခဲ့တဲ့ မြောက်ဥက္ကလာမြို့နယ် ကလည်း တောင်ဥက္ကလာ မြို့နယ်နည်းတူသဘာဝအနေအထားပျက်စီးယိုယွင်းမှုတွေ အများကြီးဖြစ်ပေါ်လာခဲ့တယ်။ မြို့သစ်တည်ခါစကတော့ အိမ်နောက်ဖေးလမ်းကြားတွေ
သန့်ရှင်းသပ်ယပ်စွာတည်ရှိခဲ့တယ်။ အိမ်ရှေ့တိုင်းမှာလိုလို ၂ပေ အကျယ် ၃ ပေအနက်ရေမြောင်းတွေရှိခဲ့တယ်လို့ ဆိုတယ်။ မီးတားကွက် နဲ့ ရေထွက်ပေါက် တွေရှိခဲ့တယ်။ ယခုတော့နောက်ဖေးလမ်းကြားဆိုတာ အမည်ခံသက်သက် ဖြစ်နေပါပြီ။ ရေမြောင်းတွေဆိုတာကလည်း ၂ပေအကျယ် ၃ ပေအနက် မဆိုထားနဲ့။
တချို့တချို့သောအိမ်တွေရှေ့မှာတော့ ရေမြောင်းအကျယ်ဟာ ခြောက်လက်မသာသာပဲရှိပါတော့တယ်။ အဲဒီတော့ မိုးရွာတဲ့အခါ ရေဝပ်၊ရေလျှံ တာတွေဖြစ်လာခဲ့တယ်။ မီးတားကွက်တွေမှာလည်း အိမ်ခြေတိုက်တာ တွေနဲ့ဖြစ်နေခဲ့ပြီ၊
မြောက်ဥက္ကလာမြို့နယ်အနောက်ဖက်မှာ ကျောက်ရေတွင်းတောင်ကုန်း၊ ပန်းပင်ကုန်း နဲ့ မင်္ဂလာဒုံလေယာဉ်ကွင်းတည်ရှိရာ တောင်ကုန်းတွေရှိနေပြီး အရှေ့ဘက်မှာတော့ ငမိုးရိပ်ချောင်းကြီးက ရစ်ခွေကာစီးဆင်းနေတယ်။ ရေဆိုးထုတ်၊ရေထွက်ပေါက်တွေအနေနဲ့ အုတ်ပုံချောင်း၊မယ်လမုချောင်း၊ရွှေလှေချောင်း၊
သုနန္ဒာချောင်း၊ငဇင်ရိုးချောင်းတွေက ငမိုးရိပ်ချောင်းထဲကိုစီးဝင်ကြတယ်။ ကျွန်တော်တို့ ရပ်ကွက် အနားမှာရှိတဲ့ ရွှေလှေချောင်းကတော့ ပေ ၄၀ ခန့်ကျယ်ဝန်းခဲ့တယ်လို့ဆိုတယ်။ မင်္ဂလာဒုံ လေယာဉ်ကွင်းတည်ရှိရာ ‘ လှည်းကွဲစမ်း’ မှာအခြေပြုပြီးတံတားကြီးရပ်ကွက်၊( ဃ)ရပ်ကွက်၊အဝိုင်းကြီး နဲ့ကျောက်ရေတွင်းစက်မှုလက်မှုရပ်ကွက်အတွင်းကနေ ငမိုးရိပ်ချောင်းအတွင်းကိုစီးဝင်ခဲ့တယ်။ ယခု မြောက်ဥက္ကလာမြို့နယ်ခန်းမကြီးတည်နေရာဟာ တစ်ချိန်က ရွှေလှေချောင်းဘေးက ခရာဆူးခြုံ ဒီရေတောကြီးနေရာဖြစ်တယ်။ မြို့တည်ခါစက ရွှေလှေချောင်းကြီးဟာ ရေစီးရေလာကောင်းခဲ့တယ်။ အမှိုက်တွေကို ချောင်းထဲပစ်သွန်၊အဆောက်အဦတွေကို ချောင်းအပေါ်မှာကျူးကျော် ဆောက်လုပ်ခဲ့တာတွေကြောင့် ရေစီးရေလာ ရေထွက်ပေါက်တွေ ပိတ်ဆို့ကုန်တယ်။ အဲဒါကြောင့် မိုးရွာတယ်ဆိုရင် ရေမြုပ်တဲ့ဒဏ်ကို ခံကြရပါတော့တယ်။
မြို့သစ်တည်ပြီဆိုကတည်းက သဘာဝပတ်ဝန်းကျင်အနေအထားတွေအနည်းနဲ့အများ ယိုယွင်းပျက်စီးမှုရှိမှာဖြစ်တယ်။ ဒါပေမယ့်မြို့ပြလူနေမှုအနေအထားအရတော့မြို့သစ်တည်ထောင်တာရှိမှာ ဖြစ်တယ်။ အရေးကြီးတာကတော့လူတွေရဲ့ပယောဂ နည်းနိုင်သမျှ နည်းဖို့လိုအပ်တယ်။မြို့သစ်တည်ဆောက် ခါစကတော့ ပုံစံတကျ၊ စနစ်တကျ နဲ့တည်ဆောက်ပါရဲ့၊ ဒါပေမယ့် အခြေချနေထိုင်သူတွေ၊ ကျူးကျော်နေထိုင်သူတွေရဲ့စည်းကမ်းမဲ့မှု နဲ့ အဂတိတရားတွေကြောင့်ပျက်စီးယိုယွင်းမှုတွေအဆမတန်များပြားလာတဲ့အခါ မြို့ပြအနေအထားလည်းပီပြင်စွာ မဖြစ်ပေါ်တဲ့အပြင် သဘာဝပတ်ဝန်းကျင်အနေအထားလည်း အရုပ်ဆိုး အကျည်းတန်စွာ ထိခိုက်မှာဖြစ်ပါတော့တယ်။      ။

သူရထိုက်

ဓာတ်ပုံ- ခရက်ဒစ်

အညွှန်း
– ဥက္ကလာ မဂ္ဂဇင်းများ( မြောက်ဥက္ကလာ)
-တောင်ဥက္ကလာသမိုင်း
ရေးသားပြုစုသူ     မြင့်ဝင်းနီ

About The Author

greenness_mm

No Comments

Leave a Reply