ပန်းနဲ့ပေါက်တာလည်း နာချင်တယ်

ပန်းနဲ့ပေါက်တာလည်း နာချင်တယ်

(မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်(မောင်ထွန်းလွင်(မိုးလေဝသ))ရေးခဲ့တဲ့ နာဂစ်အတွေ့အကြုံဆောင်းပါးပါ။ ဆရာကြီးကို သတိရစွာဖြင့် ပြန်လည် ဖော်ပြအပ်ပါသည်။)

၂၀၀၈ ခုနှစ်၊ မေလ(၃)ရက်နေ့ဟာ ကျွန်တော့်ရဲ့ အမှုထမ်းသက် (၄၃)နှစ် ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ ကျွန်တော့်အတွက် တစ်သက်တာ မမေ့နိုင်စရာ အမှတ်တရ ဖြစ်စေတဲ့ ဖြစ်ရပ်တစ်ခုကလည်း ဖြစ်ခဲ့ပါတယ်။ အဲဒါကေတာ့ ၂၀၀၈ ခုနှစ်၊ မေလ(၃)ရက်နေ့ နံနက်ပိုင်းမိုးမလင်းမီမှာ ရန်ကုန်မြို့ရဲ့ အနီးကို အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီး နာဂစ်(Nargis) ဖြတ်သွားခဲ့လို့ ဖြစ်ပါတယ်။

အဲဒီလင်းအားကြီးက နာဂစ်မုန်တိုင်း ဘယ်လောက်သောင်းကျန်းသွားခဲ့တယ်ဆိုတာကို အများအားဖြင့် မုန်တိုင်းအတွေ့အကြုံမရှိကြတဲ့ ရန်ကုန်သူ ရန်ကုန်သားများ ခေါင်းမဖော်ဝံ့အောင် ပထမဆုံးအတွေ့အကြုံအနေနဲ့ တွေ့ကြုံခံစားခဲ့ကြရပါတယ်။ နာဂစ်မုန်တိုင်းဟာ လေတိုက်နှုန်းအားဖြင့် တစ်နာရီမိုင်(၁၂၀) ခန့်နှုန်းနဲ့ မေလ(၃)ရက်နေ့ နံနက်လင်းအားကြီး နံနက်(၁)နာရီ လောက်ကစပြီး ဒေါသတကြီးနဲ့ ‘ဆင်ဟိုင်းများမုန်ယို’ သလို လေပြင်းများနဲ့ ပွဲကြမ်းနေခဲ့တာ နေ့ခင်းပိုင်း(၁၁) နာရီလောက်အထိ ဒေါသမပြေသေးတဲ့ပုံပါပဲ။ ပွဲပထမပိုင်းမှာတော့ ရန်ကုန်မြို့တော်ရှိ သစ်ကြီးဝါးကြီးနဲ့ အဆောက်အဦများဟာ ခါးစည်းပြီး ခံနေခဲ့ကြပါသေးတယ်။ နံနက်(၅)နာရီလောက် အရောက် မုန်တိုင်းဗဟိုချက် ရန်ကုန်မြို့အနီး ချဉ်းကပ်လာတဲ့အခါမှာတော့ အားလုံး အလဲလဲအပြိုပြို ဖြစ်ကုန်ကြရတော့တာပါပဲ။ နောက်နေ့မနက် နေအထွက်မှာတော့ မြင်ကြရတဲ့ မြင်ကွင်းဟာ မယုံနိုင်လောက်အောင်ပါပဲ။ ပီဘိ ရန်ကုန်ဟာ အရင်နဲ့တခြားစီပါပဲ။ သစ်ပင်တွေ၊ ဓာတ်တိုင်တွေ၊ အိမ်အမိုးတွေ၊ သွပ်ပြားတွေ၊ ကြော်ငြာဆိုင်းဘုတ်တွေ၊ ခြံစည်းရိုးတွေ အားလုံးအားလုံး မြင်မကောင်းအောင်ပါပဲ။

နာဂစ်ဆိုင်ကလုန်းကြီးကို နာဂစ်လို့ အမည်မတပ်ရသေးခင် မွေးခါစကတည်းက စတင်သိကျွမ်းနေခဲ့ပါတယ်။ မျက်စိအောက်မှာပဲ ဖွံ့ထွားလာပြီး အရွယ်ရောက်လာကတည်းက အခြေအနေ မဟန်မှန်းရိပ်မိခဲ့ပါတယ်။ ဟန်ရေးကလည်း တပြပြ၊ မာန်သွေးတာကလည်း တကြွကြွမို့.. ဒီကောင်အန္တရာယ်ကောင် ဖြစ်လာနိုင်တယ် လို့ (၄)(၅)ရက်ကတည်းက တွေးပူခဲ့မိပါတယ်။ ဒါကြောင့်လည်း သူ တာစူနေတဲ့ ဧရာဝတီတိုင်းက သက်ဆိုင်ရာ အာဏာပိုင်နဲ့ အဖွဲ့အစည်းတွေကို အဆက်မပြတ် ဆက်သွယ် သတိပေးနေခဲ့ပါတယ်။ အဓိက ဦးတည်နေတဲ့ ဟိုင်းကြီးကျွန်းဆိုရင် မရောက်ခင်(၃)ရက်လောက် အလိုကတည်းက တာဝန်ခံ တစ်ဦးနဲ့ နာရီဝက်တစ်ကြိမ် ဖုန်းအဆက်အသွယ်ပြုပြီး၊ နာဂစ်ရဲ့ အခြေအေန၊ တည်နေရာ၊ ဦးတည်ရွေ့လျားနေပုံတို့ကို အဆက်မပြတ် သတင်းပို့ပေးနေခဲ့ပါတယ်။ မြောက်ဘက်အစွန်ဆုံး မာန်အောင်နဲ့ တောင်ဘက်အစွန်ဆုံး အားလုံး အဝါရောင်အဆင့်။ မြန်မာနိုင်ငံ ကမ်းရိုးတန်းဘက်ကို ဦးတည်လာနေပြီ။ ဒါပေမဲ့ နာဂစ်ဟာ သမားရိုးကျလမ်းကြောင်းဖြစ်တဲ့ အရှေ့မြောက် ဘက်လမ်းကြောင်းကို သွေဖည်ပြီး၊ ၁၆ ဒီဂရီ မြောက်လတ္တီတွဒ်မျဉ်းအတိုင်း အရှေ့စူးစူးကိုသာ ဦးတည်လာနေခဲ့ပါတယ်။ အရှေ့လောင်ဂျီတွဒ် ၈၆ ဒီဂရီကနေ ရွေ့လာလိုက်တာ မေလ(၁)ရက်နေ့ ညနေ(၆)နာရီရောက်တော့ အရှေ့လောင်ဂျီတွဒ် ၉၀ ဒီဂရီကို ရောက်လာခဲ့ပါတယ်။ အရှေ့လောင်ဂျီတွဒ်မျဉ်းကျော်တာနဲ့ မြန်မာ့ကမ်းရိုးတန်းကို ဖြတ်ဖို့သေချာပြီ။

ဟာ..ဒါဆို ဟိုင်းကြီး သေချာပြီ။ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကိုအနီရောင်အဆင့် သတ်မှတ်တော့။ နောက် ၁၂ နာရီ အတွင်း မုန်တိုင်းကမ်းကိုဖြတ်တော့မယ်။ မုန်တိုင်းဒီရေ အနည်းဆုံး(၁၂)ပေကို ထပ်တလဲလဲ ကြေညာတော့။ ဟာ.. မေ(၁)ရက် ညသန်းကောင်ကျော်လာပြီ။ အရှေ့ဘက်တည့်တည့်ကိုပါပဲလား။
ဗဟိုချက် အရှေ့လောင်ဂျီတွဒ် အရှေ့(၉၁.၅)တောင် ရောက်လာပြန်ပါပေါ့လား။ ဟိုင်းကြီးကို ဦးတည်နေပါပေါ့လား။ မုန်တိုင်းအရွယ်အနေနဲ့ အချင်းဝက် မိုင်(၂၁၀) တောင်ရှိပါလား။ မုန်တိုင်း ရှေ့အဖျား (advancing edge) နဲ့ ဟိုင်းကြီးကျွန်းနဲ့မိုင်(၁၀၀) လောက်ပဲ ဝေးပါတော့လား။ ဟာ.. ဒုက္ခပါပဲ။ တကယ့်နေရာကို ဖြတ်တော့မှာပါလား။ ဘုရား..ဘုရား..။ ဦးတည်ရာဘက် မြောက်ဘက်ကို နည်းနည်းတက်ရင်တော့ အထိအခိုက် လျော့နည်းနိုင်တယ်။ ဒီအတိုင်းဆိုရင်တော့ ကိုယ်ကျိုးနည်းပြီ။ မိုးဒဏ်၊ လေပြင်းဒဏ်၊ ဒီရေလှိုင်းဒဏ်တွေကို ဧရာဝတီတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်းတောင်ပိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့ကို ကြေညာတော့။ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း ဒေသတွေကို မုန်တိုင်းဒီရေကို မပြတ်သတိပေးတော့။ ဟော… မေ(၂)ရက် မနက်(၃)နာရီခွဲ..၊ လောင်ဂျီတွဒ် အရှေ့ (၉၂.၅) ကျော်လာပြီ။ မုန်တိုင်းအဖျားနဲ့ဟိုင်းကြီး.. မိုင်(၅၀)ပဲ ဝေးတော့တယ်။ ရေတွေ တက်တော့မယ်။ ဟဲလို..ဟိုင်းကြီး။ မုန်တိုင်းစဖြတ်တော့မယ်။ မနက်(၆)နာရီ၊ မုန်တိုင်း အရှေ့အဖျားနဲ့ မိုင်(၄၀)ပဲ လိုတော့တယ်။ ဟဲလို..ဟိုင်းကြီး၊ ဘာရယ်..လေတွေ စပြင်းလာနေပြီ၊ ဟုတ်လား။ နေ့လယ် (၁)နာရီ၊ လောင်ဂျီတွဒ် (၉၃)ကျော်လာပြီ။ အရွယ်ရော၊ လေတိုက်နှုန်းရော လျော့မသွားပါလား။ မုန်တိုင်းရှေ့အဖျားကမ်းနဲ့ (၁၅)မိုင်ပဲလိုပါတော့လား။ ဘုရား… ဘုရား… မုန်တိုင်းအရွယ်ကလည်း အရှေ့အနောက် အချင်းဝက်အကျယ် မိုင်(၂၉၀)။ တောင်မြောက်အကျယ် (၂၅၅)မိုင် တောင်ပါလား။ ဒါဆို…။ ညနေ(၃)နာရီ။ ဗဟိုချက် အရှေ့လောင်ဂျီတွဒ် (၉၄)တောင် ရောက်ပါပေါ့လား။ ဟာ..ဟိုင်းကြီးတော့ သွားပြီး၊ ရေတွေတက်ပြီ။ ဘုရား..ဘုရား…။ ဒီအရွယ်အတိုင်း ဆိုရင်တော့ မုန်တိုင်း အဖျားခတ်တာကို အနောက်ဘက် ကမ်းရိုးတန်းအတိုင်းဆို ဘောမိရွာလောက်အထိ၊ အရှေ့မြောက်ဘက်အတိုင်းဆိုရင် ပန်းတနော်လောက်အထိ၊ ဗဟိုချက်များကျနေတဲ့ ဟိုင်းကြီး၊ ဇီးချိုင်၊ ပြင်ခရိုင်တော့ သွားပြီး၊ ဒီအတိုင်း အရှေ့မြောက်ယွန်းယွန်းဘက်ကို မုန်တိုင်း ဆက်ရွေ့ရင်တော့ အရှေ့မြောက်ဘက်ဆိုရင် လပွတ္တာ၊ ပုသိမ်၊ မြောင်းမြ၊ ငပုတော၊ မော်လမြိုင်ကျွန်း၊ ကျုံမငေး၊ ဝါးခယ်မ၊ မအူပင်။ အရှေ့မြောက်ယွန်းယွန်းဘက်ဆိုရင် ပြင်ခရိုင်၊ ကဒုံကနိ၊ ဆိပ်မ၊ ဒေါ်ငြိမ်း၊ ဘိုကလေး၊ ကျိုက်လတ်၊ ဖျာပုံ၊ ဒေးဒရဲ၊ လက်ခုပ်ကုန်း၊ ကွမ်းခြံကုန်း၊တွံတေး၊ ပန်းတနော်၊ ရန်ကုန်၊ … စသည် စသည်..။ စိုးရိမ်တဲ့အတိုင်း တကယ်ဖြစ်လာခဲ့ပြီး၊ ဆုတောင်းလည်းမပြည့်ခဲ့ပါ။

နာဂစ်ဟာ မြန်မာနိုင်ငံရဲ့ အသည်းနှလုံး အရှိန်နဲ့မွေ့ခဲ့ပါပြီ။ မုန်တိုင်းရဲ့ ဗဟိုကို လက်ဝဲရစ ်ခွေပတ်တိုက်ခတ်တတ်တဲ့ မုန်တိုင်းရဲ့ လေပြင်း သဘာဝကြောင့် ဧရာဝတီတိုင်းတောင်ပိုင်း ကမ်းခြေတစ်လျှောက်လုံး ဒေသတွေဟာ ပင်လယ်မှကုန်းဘက်ကို ထောင့်မှန်ကျတဲ့ အနေအထားနဲ့ ဦးတည်တိုက်ခတ်တဲ့ ပင်လယ်လေပြင်းများကြောင့် မြစ်ဝကျွန်းပေါ်ဒေသရဲ့ မြစ်ဝများနဲ့ ကမ်းခြေတစ်လျှောက်ကို ပင်လယ်ရေတွေ အဆက်မပြတ် တိုးဝင်လာခဲ့ပြီး၊ အဲဒီမှတစ်ဆင့် များပြားလှတဲ့ မြစ်လက်တက်၊ ချောင်းငယ်၊ ချောင်းဆွယ်များ အတွင်းကို ပင်လယ်ရေတွေ အဆက်မပြတ် တိုးဝင်လာခဲ့စေပါတော့တယ်။ လေအဟုန်ပြင်းအားနဲ့ အရှိန်ပြင်းစွာ တိုးဝင်လာကြတဲ့ ပင်လယ်ရေတွေဟာ ဧရာဝတီကမ်းရိုးနဲ့ကမ်းခြေတစ်လျှောက် ဆူနာမီ ရေလှိုင်းတွေလို ကြီးမားတဲ့ ကမ်းခြေရေလှိုင်းကြီးတွေ ဖြစ်လာစေကြတော့တာပါပဲ။ ကမ်းခြေရေတိမ်ဒေသဖြစ်ခြင်း၊ မြေနိမ့်ပိုင်းဒေသဖြစ်ခြင်း၊ မြစ်ဝ ရေဝင်ရေထွက်ပေါက်များ ပေါများခြင်း၊ လူဦးရေထူထပ်ခြင်း၊
တစ်နေရာမှတစ်နေရာ အလွယ်တကူ မရွှေ့ပြောင်းနိုင်ခြင်း၊ စီးပွားရေးလူမှုရေး မဖွံ့ဖြိုးခြင်း၊ အရေးပေါ် အသက်ကယ်စနစ် မရှိခြင်း၊ သဘာဝဘေးလူထုအသိနှင့် ကြိုတင်ကာကွယ်မှုစနစ် မရှိခြင်း၊ ဒီရေတော သဘာဝအကာအကွယ်များ ပျောက်ကွယ်ကုန်ခြင်း စတာတွေကြောင့် ဒီဒေသဟာ အန္တရာယ်ဘေးဒုက္ခ ကျရောက်နိုင်ချေ အမြင့်မားဆုံးဒေသ ဖြစ်ပါတယ်။

တစ်ခါ နာဂစ်ကိုပြန်လေ့လာလိုက်တော့လည်း ကမ်းခြေကို ဖြတ်ခါနီးမှာ အားကောင်းတဲ့အဆင့်ကို ရောက်လာပြီး အင်အားကြီးမားစွာ မုန်တိုင်းမျက်စိပေါ်တဲ့ အဆင့်နဲ့ ကမ်းကိုဖြတ်ကျော်သွားခဲ့ပါတယ်။ ကမ်းကို စတင်ဖြတ်ပြီးတဲ့ နောက်မှာလည်း အရှေ့ဘက်ကို ဆက်လက်ရွေ့လျားခဲ့တဲ့အတွက် ကုန်းတစ်ဝက်နဲ့ရေတစ်ဝက်နဲ့ဖြစ်နေလို့ အခြား ကုန်းတွင်း ဖြတ်မုန်တိုင်းများလို မြန်မြန်ဆန်ဆန် အားလျော့သွားခဲ့ခြင်းမရှိခဲ့ပါဘူး။အရှေ့ဘက်ဦးတည်ချက် များနေပြီး ကမ်းလျှောက်မုန်တိုင်း ဖြစ်နေတာကြောင့် ကမ်းရိုးတန်း လူနေရပ်ကွက်များအပေါ် ထိခိုက်မှုများစေခဲ့ပါတယ်။ အဲဒါအပြင် ဟိုင်းကြီးကမ်းကို စတင်ဖြတ်နေစဉ် မုန်တိုင်းဗဟိုချက်ဟာ ရေပြင်ပေါ်မှာ မရွေ့သလောက် (၄) နာရီလောက် ရပ်နေခဲ့တာကလည်း မုန်တိုင်းကို အင်အားပိုကောင်းစေရုံသာမက အပျက်အစီးကိုလည်း ပိုများစေခဲ့ပါတယ်။ ပိုဆိုးတာက ကမ်းကို စတင်ဖြတ်ပြီးတဲ့နောက် တော်တော်နဲ့ မြောက်ဘက်ကိုမတက်ဘဲ အရှေ့စူးစူးကို ဆက်လက်သွားနေတာကလည်း မုန်တိုင်း အင်အားကို လျော့မသွားစေဘဲ၊ ဒီရေကိုရော၊ လေပြင်းကိုရော အခြေအနေကို ဆက်လက် ဆိုးနေစေခဲ့ပါတယ်။ ရလဒ်ကတော့ ရန်ကုန်တိုင်းမှာပဲ မြို့နယ်(၄၀)၊ ဧရာဝတီတိုင်းမှာ ခရိုင်(၇)ခု သဘာဝဘေးအန္တရာယ် ကျရောက်ရာဒေသအဖြစ် နိုင်ငံတော်က ကြေညာခဲ့ရပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းများကို နိုင်ငံတော်အဆင့်နဲ့ ဆောင်ရွက်ရပါတယ်။ သေဆုံးသူပေါင်း (၁၃၈ဝဝဝ) ကျော်၊ ထိခိုက်သူပေါင်း (၁၁)သန်းကျော်၊ ပျက်စီးဆုံးရှုံးမှု ပေါင်း (၁၁.၇) ထရီလီယံကျပ်ကျော်၊ ပျက်စီးသော အဆောက်အဦပေါင်း (၇၄၅၇၆၄)နဲ့ မြန်မာနိုင်ငံ သမိုင်းမှာ အသေအပျောက် အပျက်အစီး အများဆုံး၊ ကမ္ဘာမှာ အဆင့်(၈) မုန်တိုင်း ဖြစ်ခဲ့ရပါပြီ။ ဒီနေရာမှာ ကျွန်တော်တို့အနေနဲ့ ကြုံတွေ့ခဲ့ရတဲ့ ဝမ်းနည်းစရာဖြစ်ရပ်အတွက် ဘာတွေများ သင်ခန်းစာ ရနိုင်ပါသလဲ။

သဘာဝဘေးအန္တရာယ် ကျရောက်မှုကိစ္စတွေမှာ ကဏ္ဍ (၃)ရပ် ခွဲခြားပြောလို့ရပါတယ်။ ဒုက္ခဘေး(hazard)၊ ထိခိုက်နိုင်မှုအခြေအနေ (vulnerability) နဲ့ ဘေးဒုက္ခ (disaster)ဆိုပြီးဖြစ်ပါတယ်။ ဒုက္ခဘေးဆိုတာကတော့ ဒုက္ခကို ဖန်တီးပေးနိုင်တဲ့ သဘာဝဘေး အကြောင်းတရားဖြစ်စဉ်တွေ ဖြစ်ပါတယ်။ မိုးလေဝသအနေနဲ့ပြောရရင် မုန်တိုင်းကျရောက်တာတို့၊ အပူလှိုင်းဖြတ်တာတို့၊ မုန်တိုင်းဒီရေတက်တာတို့၊ မိုးကြီးတာတို့၊ မိုးခေါင်တာတို့၊ လေပြင်း ကျရောက်တာတို့ စတာမျိုးတွေဖြစ်ပါတယ်။ ဇလဗေဒအနေနဲ့ ပြောရရင်တော့ ရေကြီးတာတို့၊ ရေနည်းလို့ သောက်သုံးရေ၊ စိုက်ပျိုးရေ ခက်ခဲရတာတို့ စတာတွေဖြစ်ပါတယ်။ ဘူမိဗေဒနဲ့ ပတ်သက်လာရင်တော့ မြေငလျင်လှုပ်တာ၊ မြေပြိုတာ၊ ဆူနာမီရေလှိုင်း ဖြစ်တာ စတာတွေပေါ့။ ဒါတွေ အားလုံးဟာ သဘာဝဖြစ်စဉ်တွေမို့ ဘယ်လိုမှ တားဆီးလို့ မရနိုင်ပါဘူး။ သူ့သဘော သူဆောင်ပါတယ်။ ထိခိုက်နိုင်မှု အခြေအနေ ဆိုတာကတော့ လူတွေနဲ့မဆိုင်တာနဲ့ လူတွေရဲ့ပယောဂနဲ့ ဆိုင်တာဆိုပြီး နှစ်ပိုင်း ရှိနိုင်ပါတယ်။ ဥပမာ လူနေထူထပ်တာတို့၊ သက်ကယ်ကုန်းမရှိတာ၊ သဘာဝဘေးအသိမရှိတာ၊ သဘာဝဘေးအခြေအနေပြ မြေပုံတွေမရှိတာ၊ သဘာဝစီမံခန့်ခွဲရေးစနစ်ကောင်း မရှိတာ၊ သွားလာမှုမလွယ်ကူတာ၊ ဒီရေတောတွေခုတ်တာ၊ သစ်တောပြုန်းတာ စတာတွေဟာ ထိခိုက်မှုအလားအလာကို မြင့်မားစတဲ့ အရာတွေဖြစ်ကြပြီး ဒါတွေဟာ လူတွေနဲ့ပတ်သက်နေပါတယ်။ အဲဒီမြေနိမ့်တာတို့၊ မြစ်ဝတွေများတာတို့၊ မြစ်ကြောင်းစံနစ်တွေ ရှုပ်ထွေးတာတို့၊ ကမ်းခြေရေ တိမ်တာတို့၊ ဒီရေအတက်အကျမြင့်မားတာတို့ ဒါတွေဟာလည်း ထိခိုက်မှုအလားအလာကို မြင့်မားစေတဲ့ အရာတွေ ဖြစ်ကြပေမယ့်၊ လူတွေနဲ့တော့ မပတ်သက်ကြပါဘူး။ ဒီတော့ လူတွေဟာ မိမိနေထိုင်ရာဒေသရဲ့ ထိခိုက်နိုင်မှု အလားအလာကို သိရှိထားဖို့ လိုပါတယ်။ ဖန်လှောင်အိမ်ထဲမှာ နေတဲ့သူဟာ လုံခြုံမှုအားနည်းတယ်ဆိုတာမျိုးပေါ့။ သူက အခြားလူထက် ထိခိုက်လွယ်တယ်လေ။ ဒီတော့ ပင်မသဘာဝဘေး (hazard)ကလည်း အင်အားကြီးမယ်၊ ထိခိုက်နိုင်မှု
အလားအလာ (vulnerability) ကလည်း မြင့်မားနေမယ်၊ ဒီလိုဆိုရင်တော့သဘာဝဘေးဒုက္ခ (disaster)ကလည်း ကြီးတော့တာပေါ့။ ဒါဟာ နာဂစ်နဲ့ မြစ်ဝကျွန်းပေါ်ဒေသတို့ရဲ့ သမိုင်းမှန်ပါပဲ။

ဟိုင်းကြီးမဝင်မီ နာဂစ်မုန်တိုင်း ပင်လယ်ပြင်ထဲမှာ မရွေ့လျားဘဲ (၄)နာရီလောက် ရပ်နေခဲ့တယ်ဆိုတာ အမှန်တော့ နာဂစ်ဟာ စဉ်းစားနေခဲ့တာ ဖြစ်ပါတယ်။ သွားနေကျလမ်းကြောင်းအတိုင်း ရခိုင်ကမ်းခြေကိုပဲ သွားမလား။ အရောက်အပေါက်မရှိ ဖြစ်နေတဲ့ ဆွေမျိုးတွေရှိရာ မြစ်ဝကျွန်းပေါ်ဒေသကို လမ်းကြုံတုန်း ဝင်လည်လို့ရရင် ကောင်းမလား။ ဒါတွေ ရပ်စဉ်းစားနေခဲ့တာပါ။ နောက်တော့လည်း ဆွေမျိုးချစ်စိတ်နဲ့ ဧရာဝတီတိုင်းကို ဝင်ခဲ့တာပါ။ ဝင်ခဲ့တော့လည်း ဆင်ကျီစားရာ ဆိတ်မခံသာ ဖြစ်ခဲ့ရတော့တာပါပဲ။ ကျွန်တော့်အတွက် စိတ်ဝင်စားစရာ မေးခွန်းကတော့ ဒီနာဂစ်မုန်တိုင်း (same Nargis cyclone) အခုလို မြစ်ဝကျွန်းပေါ်မဝင်ခဲ့ဘဲ ရခိုင်ကမ်းရိုးတန်းကိုသာ ဝင်ခဲ့ရင် ဒီလိုသေ..ဒီလိုပျက်စီး.. ပါ့မလား။ မသေဘူး၊ မပျက်စီးဘူးဗျာ။ ဒါဖြင့်.. ဘာကြောင့်လဲ..။ တကယ်တော့ ဒီအဖြေဟာ ဒီကနေ့ ကျွန်တော်တို့ လုပ်နေကြတဲ့ သဘာဝဘေးအန္တရာယ်ရှိမှု လျော့ပါးရေး (Disaster Risk Reduction-DRR)ရဲ့ အဖြေပါပဲ။ အခုတော့ နာဂစ်ဝင်ရောက်တဲ့ နေရာကိုက vulnerability အမြင့်မားဆုံး ဒေသဖြစ်နေတယ်။ ပြောရရင် ပွဲခင်းထဲ ခဲပစ်သလို ဖြစ်မယ့်ဒေသ ပစ်မလွဲပါဘဲ။ အခုတော့ ဒီအဖြေကို အသေပျောက် အများကြီးနဲ့ နာဂစ်က သက်သေပြလိုက်ပြီး သေဆုံးကြရတဲ့ မိသားစုဝင်များအတွက် ထပ်တူ ဝမ်းနည်းကြရပြီ။ ဒါပေမဲ့ အဆိုးထဲက အကောင်းကို ထုတ်ယူရရင်တော့ ဒီလိုဘေးဒုက္ခမျိုးတွေ ဖြစ်အောင်လုပ်နေတဲ့ သဘာဝဘေး ကြုံတွေ့နိုင်မှု အခြေအနေ မြင့်မားမှုတွေကို လျော့ပါးအောင် ဆောင်ရွက်နိုင်ကြပါတယ်ဆိုတဲ့ အချက်ပါပဲ။ ဒီကဏ္ဍဟာ လူသားများနဲ့ဆိုင်တဲ့ အပိုင်းတွေ ပါရှိနေတာကြောင့် အစီအမံကောင်းများနဲ့သာ ဆောင်ရွက်ကြမယ်ဆိုရင်ဖြင့် ဒီကဏ္ဍကို လျော့ပါးအောင် ဆောင်ရွက်နိုင်ကြမှာ အမှန်ဖြစ်ပါတယ်။

ဒါဆိုရင်လည်း အနာဂတ်ကာလမှာ နာဂစ်လိုဖြစ်ရပ်မျိုးတွေကြောင့် ပျက်စီးမှုတွေ၊ သေဆုံးမှုတွေကို လျော့ပါးအောင် ဆောင်ရွက်နိုင်ကြမှာ ဖြစ်ပါတယ်။ နာဂစ်ဆိုတာ အာရေဗျဘာသာစကားဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ပန်း လို့ဆိုပါတယ်။ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေ၊ သဘာဝဘေးအန္တရာယ်ထိခိုက်မှု လျော့ပါးရေးစတဲ့ လုပ်ငန်းတွေမှာ ကောင်းမွန်တဲ့ စီမံချက်တွေ၊ စီမံခန့်ခွဲမှုတွေ၊ ထိရောက်တဲ့ အသိတွေနဲ့သာ မဆောင်ရွက်နိုင်ကြဘူးဆိုရင်ဖြင့်၊ နောင်မှာလည်း ပန်းနဲ့ပေါက်တာလည်း နာနေဦးမှာပဲ ဖြစ်ပါတယ်။

(နာဂစ် ၅ နှစ်မြောက်အထိမ်းအမှတ်အဖြစ် ၂၀၀၈ ခုနှစ်၊ မေလက ရေးသားဖော်ပြခဲ့သော ဆောင်းပါးအား အနည်းငယ် ပြန်လည် ပြုပြင်ရေးသားပါတယ်။ နာဂစ်နဲ့ ပတ်သက်တဲ့ ဆောင်းပါး ဖတ်ချင်ပါတယ်လို့ တောင်ဆိုသူများအတွက်)

မောင်ထွန်းလွင်(မိုးလေဝသ)
ရောသမရာသီ ဆောင်းပါးများစာအုပ်မှ…

 

About The Author

greenness_mm

No Comments

Leave a Reply