မကြာမီ ကြုံလာနိုင်သည့် ရေရှားပါမှုပြဿနာ

မကြာမီ ကြုံလာနိုင်သည့် ရေရှားပါမှုပြဿနာ

မိကျောင်းမုန်တိုင်းရှိလို့ နိုင်ငံတချို့နေရာတွေမှာ မိုးတွေရွာနေသည်။ ကျွန်တော်နေထိုင်ရာ မြို့ကလေးတွင်လည်း မိုးသည် အုံ့ဆိုင်းလျက်။ သဲသဲမဲမဲရွာသွန်းခြင်းမဟုတ်ဘဲ တဖွဲဖွဲရွာလျက်ရှိသည်။ မိုးစက်တွေကို ငေးကြည့်ရင်း ကျွန်တော်သည် မကြာမီရင်ဆိုင်ရတော့မည့် ရေရှားပါးမှုပြသနာကိုတွေးမိ၊ ရင်လေးနေမိပါသည်။

ပြီးခဲ့သည့်နွေရာသီက မြန်မာနိုင်ငံအလယ်ပိုင်း ရေရှားပါးသည့် ဒေသတချို့မှာ လူတွေ ရေရဖို့လေးငါးမိုင်လောက်သွားပြီး လှည်းတွေနဲ့ခပ်ကြရကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်နေသူတစ်ဦးကပြောသည်။

အရင်ကစ ရေရှားပါးခဲ့သည့်ဒေသတွေကို ထားပါဦး။ ရေရှားပါးမူမဖြစ်ပေါ်ခဲ့ဖူးသည့် ဒေသတွေမှာပါ ၂၀၁၅ ခုနှစ်နောက်ပိုင်း သိသိသာသာရေရှားပါးလာသည်ကို ကြုံတွေ့ကြရသည်။

” အရင်တုန်းက မိုးကုန်ပြီးလို့ စိမ့်စမ်းရေဆိုတာ မခမ်းဘူးဗျ။ ခပ်လို့ရတယ်။ ခုနောက်ပိုင်းက စိမ့်စမ်းရေဆိုတာမျိုးမဟုတ်တော့ဘူး။ တူးလိုက်ရင် မြေအောက်မှာ မိုးတွင်းတုန်းက ကျန်ခဲ့တဲ့လက်ကျန်ရေသဘောလောက်ရှိတာ။ အဲ့ဒီတော့ ခန်းသွားတာပဲ” လို့ မကွေးတိုင်းထဲက ပုဂ္ဂိုလ်တစ်ဦးကပြောသည်။

ကျွန်တော်နေသော တောင်ခြေမြို့ကလေးသည်ပင် ရေရှားပါးမူနှင့်ကြုံနေရသည်မှာ ဆယ်စုနှစ်တစ်ခုနီးပါးရှိပါပြီ။ အဓိကအားဖြင့် စိမ့်စမ်းရေကိုအားထားရသည့် နေရာတွေမှာ စမ်းရေတွေခန်းခြောက်ကုန်ကြခြင်းဖြစ်သည်။ ဒါတွေက ရေအရင်စအမြစ်တွေကို ထိန်းသိမ်းပေးနေသည့် သစ်တောပြုန်းတီးခြင်း၏ အကြိုးဆက်တွေဖြစ်သည်။

ရေရှားပါးမှုဖြစ်ပေါ်တတ်သည့်ကာလသည် သုံးလပိုင်း မတ်လမှ ခြောက်လပိုင်း ဇွန်လအထိဖြစ်သည်။ ခုဒီဇင်ဘာလရှိပေပြီ။ ဒီနှစ်ကမ္ဘာ့ အယ်နီညိုရာသီ သက်ရောက်မှုထဲမှာ မြန်မာနိုင်ငံပါနေသည်။ ဒီဇင်ဘာလရောက်သည်အထိ မြန်မာနိုင်ငံအောက်ပိုင်းမှာ ဆောင်းမဝင်သေးပါ။ အယ်နီညိုသက်ရောက်မှု ကြောင့် အပူချိန်မြင့်တက်ပြီး ရေရှားပါးမှုကို စောစောစီးစီးရင်ဆိုင်ရနိုင်ပါသည်။ ရာသီဥတုကပူ၊ ရေကမလုံလောက်ဆိုတာမျိုးတွေကြုံရမှာ စိတ်ပူမိပါသည်။ ရေမလုံလောက်မှု၏ နောက်ဆက်တွဲ ကျန်းမာရေးပြသနာတွေကား ပြောမဆုံးပေါင်ဆိုသလိုပင်။

တိုင်းပြည်က မငြိမ်မသက်ဖြစ်နေသည့် အခြေအနေကြားထဲ ရေရှားပါးမှုကိုရင်ဆိုင်ကြရဖို့ ရှိနေသည့် သူတွေအတွက် နီးစပ်ရာစွမ်းဆောင်နိုင်သူတွေက လေးလေးနက်နက်ကြိုစဥ်းစားထားဖို့လိုသည်။ ” ခုရေတွင်းတူး ခုရေကြည်သောက်” လို့မရတာ အားလုံးသိပြီးသားဖြစ်သည်။ ရေသည် အသက်။ သောက်သုံးရေ အတွက်စောစောစီးစီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့ ဆန္ဒပြုလိုက်ရပါသည်။

တက်နေထွန်း

About The Author

greenness_mm

No Comments

Leave a Reply