မန္တလေးဝန်းကျင်မှာရှိတဲ့အင်းများသို့၂၀၂၁-၂၀၂၂ အတွင်း ဆောင်းခိုငှက်များ ဝင်ရောက်မှုအခြေအနေ

မန္တလေးဝန်းကျင်မှာရှိတဲ့အင်းများသို့၂၀၂၁-၂၀၂၂ အတွင်း ဆောင်းခိုငှက်များ ဝင်ရောက်မှုအခြေအနေ

အောက်တိုဘာတတိယအပါတ်လောက်မှာ ဆောင်းခိုငှက်တို့ရဲ့မူလနေထိုင်သားပေါက်ရာဒေသများဖြစ်ကြတဲ့တိဗက်၊မွန်ဂိုးလီးယား နဲ့တရုတ်ပြည်မြောက်ပိုင်းရပ်ဒေသတွေကနေမုသုံအဆုတ်ဆောင်းဦးရာသီအစမှာပျံသန်းရေးလမ်းကြောင်းနှစ်ကြောင်းအတိုင်းမြန်မာပြည်ကိုဝင်ရောက်လာကြပါတယ်။ဗဟိုရ်အာရှအိန္ဒိယပျံသန်းရေးလမ်းကြောင်းနဲ့အရှေ့အာရှဩစတြေလျပျံသန်းရေးလမ်းကြောင်းတွေအတိုင်းဖြစ်ပါတယ်။အချို့ငှက်တွေကတော့စောရောက်တတ်ပါတယ်။ဗွီပုံ(V)အုပ်စုဖွဲ့လေခိုပျံသန်းကြခြင်းကြောင့်ခရီးမိုင်ပေါင်းများစွာကိုစွမ်းအင်သက်သာစွာနဲ့ရောက်ရှိစေပါတယ်။မုသုံအဆုတ်တိုးဝင်းလာတဲ့မြောက်ပြန်လေကလည်းအထောက်အကူဖြစ်စေပါလိမ့်မယ်။
မန္တလေးမြို့ဝန်းကျင်မှာဆောင်းခိုငှက်တွေကျက်စားတဲ့အင်းအိုင်တွေတော်တော်များရှိပြီးအများစုကတော့ဧရာဝတီမြစ်နဲ့မြစ်ငယ်မြစ်တို့ရဲ့မြစ်ကျိုးအင်းများဖြစ်ကြပါတယ်။ထင်ရှားတဲ့အင်းတစ်ချို့မှာဆောင်းခိုငှက်ဝင်ရောက်မှုအခြေအနေတွေကို၂၀၀၈-၂၀၀၉ကနေယခုနှစ်အထိလေ့လာမှတ်တမ်းတင်တင်ခဲ့ပါတယ်။ဆောင်းခိုရာသီအကြောင်းပြောကြယင်နှစ်ဟောင်းနိုဝင်ဘာကနေနှစ်သစ်မတ်လောက်ဖြစ်တာကြောင့်သက္ကရာစ်နှစ်ခုနဲ့ဖေါ်ပြမှပြည့်စုံပါတယ်။မန္တလေးရဲ့မြောက်ဖက်မတ္တရာနဲ့စဉ့်ကူးမြို့တွေမှာဆောင်းခိုငှက်တွေတွေ့နှိင်တဲ့အင်းတွေရှိပေမဲ့ပုံမှန်မသွားနှိင်ခဲ့ပါ။

၂၀၀၈လောက်ကနေ အခု၂၀၂၂အထိနှစ်စဉ်ရောက်ရှိလေ့လာဖြစ်တဲ့အင်းတွေကတော့မြစ်ငယ်မြစ်ရဲ့မြစ်ကျိုးအင်းတွေဖြစ်တဲ့တောင်သမန်အင်း၊ပုလိပ်အင်းနဲ့ဘနောအင်းတို့ဖြစ်ကြပါတယ်။တံတားဦးနယ်ထဲ့ကပြူကန်ကိုလဲနှစ်စဉ်ရောက်ပါတယ်။ရှေးမြန်မာမင်းများလက်ထက်ကတည်းကချောင်းမနက်ချောင်းကိုပိတ်ပြီးတစ်ဖက်ပိတ်ဆည်လုပ်ထားတာပါ။နောက်ပိုင်းအထက်ဖက်မှာချောင်းမနက်ဆည်သပ်သပ်လုပ်လိုက်ပြီးပြူကန်ထဲကိုကင်းတားမြောင်းရဲ့နောက်ဆုံးရေပိုစုရေဖြည့်သွင်းပြီးစိုက်ပျိုးမြေများကိုရေဖြန့်ဝေတဲ့အင်းဖြစ်ပါတယ်။

တောင်သမန်အင်း

အယင်ကမန္တလေးမြို့ရဲ့တောင်ဖက်အစွန်မှာရှိခဲ့ပေမဲ့အခုတော့လူနေရပ်ကွက်တွေကြားမှာရောက်နေပြီဖြစ်တဲ့တောင်သမန်အင်းမှာဌာနေ နဲ့ဆောင်းခိုငှက်မျိုးစိတ် ၁၁၇ မျိုးတွေ့ရှိရပါတယ်။ရေငှက်၊ရေစပ်နေငှက် နဲ့ကုန်းငှက်မျိုးစိတ်တွေဖြစ်ကြပါတယ်။မျိုးစိတ်အားလုံးကိုရာသီတစ်ခုအတွင်းတွေ့ရခြင်းမဟုတ်ပါ။တစ်ချို့မျိုးစိတ်ကိုတစ်ရာသီသာတွေ့ခဲ့ရပြီးတစ်ချို့ကိုတော့ရာသီတိုင်းတွေ့ရနှိင်ပါတယ်။ဘဲရိုင်းမျိုးစိတ် ၁၅ မျိုးတွေ့ရပြီး ၁၁ မျိုးကဆောင်းခိုဘဲရိုင်းများဖြစ်ကြပါတယ်။ယခုနှစ်မှာတောင်သမန်အတွက်မှတ်တမ်းသစ်ဖြစ်တဲ့ဘဲရိုင်းခေါင်းစိမ်း( Mallard) တစ်ကောင်ကို က်ားမ (Burmese Spot-billed Duck) အုပ်နဲ့အတူတွေ့ရှိရပါတယ်။မြန်မာပြည်မှာတောင်သမန်အင်းမှာပဲတွေ့ရတဲ့ငှက်နုတ်သီးလန်ကိုနှစ်စဉ်ကောင်ရေ ၁၅-၂၅ လောက်လာခဲ့ပေမဲ့ပြီခဲ့တဲ့ရာသီကတစ်ကောင်ပဲတွေ့ခဲ့ရပြီးရက်ကြာကြာမနေခဲ့ပါ။ပြီးခဲ့တဲ့ရာသီက သုံးခြ နဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့တွေမှာတွေ့ရှိကြောင်းသိရပါတယ်။ယခုနှစ်ငှက်ရာသီမှာမတွေ့ရသေးပါ။နှစ်စဉ်စင်ယော် ကောင်ရေ ၁၀၀ ကျော်လောက်ဆောင်းခိုလာခဲ့ပေမဲ့ယခုရာသီမှာ ၃ ကောင်ပဲလာတာတွေ့ရပါတယ်။ကောင်ရေထောင်ဂဏန်းအထိဆောင်းခိုရာသီတိုင်းတွေ့ရတတ်တဲ့ ဒေါင်လန်းခြေထောက် (Black-winged Stilt)တွေကလည်းရာဂဏန်းလောက်ပဲတွေ့ရပြီးအရောက်နောက်ကျတာကိုတွေ့ရပါတယ်။ဆောင်းခိုငှက်ဝင်ရောက်မှုအခြေအနေကတော့အဆိုးဆုံးအခြေအနေကိုရောက်ရှိနေတဲ့အင်းဖြစ်ပါတယ်။

ပုလိပ်အင်း

မန္တလေးကနေ ၁၃ မိုင်လောက်အကွာမှာရှိတဲ့ပုလိပ်အင်းမှာ ငှက်မျိုးစိတ်ပေါင်း(၁၂၁)မျိုးကိုတွေ့ရှိရပါတယ်။ဆောင်းခိုဘဲရိုင်း(၁၉) မျိုးမှာ (၁၄)ကဆောင်းခိုဖြစ်ပါတယ်။အဲဒီဘဲတွေထဲမှာကမ်ဘာပေါ်မှာကောင်ရေ(၃၅၀)လောက်ပဲကျန်ရှိပြီးမျိုးတုံးလုနီးရေဘဲခေါင်းစိမ်း (Baer’s Pochard)နှစ်ကောင်ကနေလေးကောင်အထိလာရောက်တာတွေ့ခဲ့ရပါတယ်။ယခုနှစ်ဆောင်းခိုငှက်ရာသီမှာလဲသုံးကောင်ခန့်ကိုဇန္နဝါရီလ၁၇-၁၉ – ရက်တွေကတွေ့ရှိခဲ့ပါတယ်။ပုလိပ်အင်းကိုလာတဲ့ငန်းရိုင်းတွေထဲမှာထိပ်ဖြူငန်းရိုင်း အကြီးနဲ့ အေသး (Greater & Lesser White-fronted Goose) နှစ်ကောင်စီကို ၂၀၁၃ ၊၂၀၁၄ မှာတွေ့့ခဲ့ရပြီးနှစ်စဉ် Greater တစ်ကောင်လာတာကိုတွေ့့ရပါတယ်။ယခုနှစ်မှာတော့မတွေ့ရသေးပါ။ယခုနှစ်ပုလိပ်အင်းအတွက်ငှက်မျိုးစိတ်အသစ်ဖြစ်တဲ့ စစ်စလီကြီး( Fulvous Whistling Duck) နှစ်ကောင်ကိုတွေ့ရှိမှတ်တမ်းတင်နှိင်ခဲ့ပါတယ်။သူကတော့ဌာနေငှက်ဖြစ်ပါတယ်။ ငှက်မျိုးစိတ်ရောကောင်ရေပါနည်းတာတွေ့ရပါတယ်။မြစ်ငယ်ရေဝင်များတာကြောင့်ငှက်စားတဲ့ရေမှာပေါက်တဲ့အပင်တွေမပေါက်တာကြောင့်ဖြစ်နှိင်သလိုအင်းအတွင်းတာပေါင်များတည်ဆောက်ပြီးအင်းရေပြင်ကိုအပိုင်းပိုင်းဖြစ်သွားစေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ပလိပ်အင်းရဲ့အခြေအနေကတော့အဆိုးဆုံးအခြေအနေကိုရောက်လုကာနီးနေပြီလို့ဆိုနှိင်ပါတယ်။

ဘနောအင်း

ပုလိပ်အင်းနဲ့ဘနောအင်းတို့ဟာမြစ်ငယ်မြစ်ရဲ့တစ်ဖက်တစ်ချက်မှာရှိကြပါတယ်။နိုဝင်ဘာဒာတိယအပါတ်လောက်မှာငန်းရိုင်း(Greyleg Goose)တွေဝင်ရောက်ပါတယ်။ကောင်ရေထောင်ကျော်ပါတယ်။ဒီနှစ်ငန်းခေါင်းကြား(Bar-headed Goose)နှစ်ကောင်ရောပါလာခြင်းကိုမန္တလေးကငှက်ဓာတ်ပုံပညာရှင်နှစ်ဦးကတွေ့ရှိမှတ်တမ်းတင်နှိင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ငှက်ရာသီကလည်းထိပ်ဖြူငန်းရိုင်းကြီးတစ်ကောင်ကိုတွေ့ခဲ့ရပါတယ်။ယခုနှစ်မှာတော့မတွေ့ရသေးပါ။ထောင်ကျော်ရှိတဲ့ငန်းရိုင်းအုပ်ထဲမှာရောပါလာတဲ့မျိုးမတူတဲ့ငန်းရိုင်းတစ်ကောင်နှစ်ကောင်ကိုရှာတွေ့ဖို့မလွယ်ကူလှပါ။ကံကောင်းတိုက်ဆိုင်မှသာတွေ့နှိင်မှာဖြစ်ပါတယ်။အဲဒါကြောင့် မတွေ့ပါ၊မလာပါလို့အပြတ်ပြောလို့မရပါ။ဘနောအင်းမှာ ရေဘဲခေါင်းစိမ်း( Baer’s Pochard )တွေ့ရှိကြောင်းမှတ်ရှိပေမဲ့ယခုနှစ်မှာမတွေ့ရသေးပါ။ရေကြက်ဒုံနဲ့ဘဲရိုင်းအချို့လာရောက်တာတွေ့ရပါတယ်။
ဘနောအင်းရေလျှော့ပြီးငါးလုပ်ငန်းနဲ့စိုက်ပျိုးရေးတွေလုပ်ကြတာကြောင့်ဇန္နဝါရီလတတိယအပါတ်လောက်မှာ ငန်းရိုင်းတွေပုလိပ်အင်းကိုရွေ့ကြပါတယ်။ပုလိပ်အင်းမှာရာသီကုန်အထိနေပြီးမှ နေရပ်ကိုပြန်ထွက်သွားကြပါတယ်။
ဘနောအင်းရဲ့အခြေအနေကအချို့ ဘဲရိုင်းမျိုးစိတ်နဲ့အရေအတွက် လျော့နည်းသွားတာကလွဲလို့သင့်တင့်ကောင်းမွန်တယ်လို့ဆိုရမှာပါ။

ပြူကန် ကန်

တံတားဦးမြို့ရဲ့အရှေ့တောင်ဖက်ဆယ်မိုင်ကျော်ကျော်လောက်မှာရှိပါတယ်။၂၀၁၄ ခုနှစ်ကစတင်ငှက်ကြည့်ဖြစ်ခဲ့တဲ့အင်းဖြစ်ပါတယ်။ငှက်မျိုးစိတ် ၁၁၄ မျိုးတွေ့ရပါတယ်။ဘဲမျိုးစိတ် ၁၉ မျိုးတွေ့ရတဲ့အထဲမှာ ဆောင်းခိုဘဲမျိုးစိတ် ၁၆ မျိုးပါတာကိုတွေ့ရပါတယ်။ပုလိပ်အင်းထက်မျိုးစိတ်အရေအတွက်အနည်းငယ်လျှော့နည်းပြီးဘဲရိုင်းမျိုးတစ်မျိုးလျှော့န ည်းပေမဲ့ပြူကန် မှာငှက်မျိုးစီတ်တိုင်းကောင်ရေပိုများတာကိုတွေ့ရပါတယ်။ထူးခြားတာကမြန်မာပြည်မှာမန္တလေးဝန်းကျင်မှာပဲတွေ့နှိင်တဲ့ ဇွန်းနှတ်သီးငှက် (Eurasian Spoonbill) ငါးကောင်ကိုပြူကန်မှာ ၂၀၁၄ ခုနှစ်ကတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။နောက်ပိုင်းရာသီတွေမှာတော့ပြူကန်ရဲ့မြောက်ဖက်ခုနှစ်မိုင်အကွာကသူငယ်တော်အင်းကိုတစ်ကောင်တည်းလာရောက်တာတွေ့ရပါတယ်။မူလစတင်တွေ့ရှိခဲ့တဲ့ငါးကောင်အုပ်စုထဲကတစ်ကောင်ဖြစ်ဟန်ရှိပြီးကျန်လေးကောင်ရဲ့ကံကြမ္မာဘာဖြစ်သွားတယ်မသိရပါ။ရှစ်နှစ်မြောက်တဲ့ယခုနှစ်ငှက်ရာသီမှာတော့တာဝန်မပျက် သူငယ်တော်ကန်ကိုရောက်နေပါပြီ။နောက်ဘယ်နှစ်ရာသီလာနှိင်ဦးမယ်မသိပါ။ပြူကန်မှာနှစ်စဉ် ရေဘဲခေါင်းစိမ်း (Baer’s Pochard) တွေ့ရှိကြောင်းမှတ်တမ်းရှိခဲ့ပေမဲ့ယခုနှစ်မှာမတွေ့ရသေးပါ။ Bencaအဖွဲ့ကကျိုးပန်းဆောင်ရွက်တည်ထောင်ပေးထားတဲ့ရွာခံများသာပါဝင်တဲ့သဘာဝဝန်းကျင်ထိမ်းသိမ်းရေးအဖွဲ့ကြောင့်ပြူကန်ရှိငှက်များနဲ့ဂေဟစနစ်ထိမ်းသိမ်းရေးအတွက်အားတက်စရာဖြစ်ပါတယ်။မန္တလေးဝန်းကျင်အတွက်အကောင်းဆုံးငှက်ကြည့်ရာနေတစ်ခုဖြစ်လာနှိင်ပါတယ်။

ဆောင်းခိုနဲ့ ဌာနေငှက်များလာရောက်ပြီးဘေးရန်ကင်းကွာနေထိုင်ဖို့အချက်အလက်တွေပြည့်စုံနေပေမဲ့ယခုနှစ်ငှက်ရာသီမှာတော့ကန်ရေပြင်ကျယ်မှာယခင်နှစ်တွေကလိုငှက်တွေမတွေ့ရတောပါ။ကန်ရဲ့အစွန်အဖျားမှာပဲအနည်းငယ်တွေ့ရပါတယ်။မျိုးစိတ်ရောကောင်ရေပါအလွန်ကျဆင်းသွားတာကိုတွေ့ရပါတယ်။

ငှက်များဝင်ရောက်မှုနည်းပါးရခြင်းရဲ့အဓိကအကြောင်းကတော့ယခင်နှစ်များထက်ကန်ရဲ့သိုလှောင်ရေများခြင်းကြောင့်ဖြစ်ပါတယ်။ကန်ကိုတူးဖေါ်ချဲ့ထွင်တာကြောင့်ရေမျက်နှာပြင်ပိုကျယ်လာစေပါတယ်။သိုလှောင်ရေများလာတာကြောင့်စိုက်ပျိုးရေးအတွက်ရေပေးဝေပြီးကျန်တဲ့ရေကလည်းအယင်နှစ်များထက်ပိုကျန်နေခြင်းဖြစ်ပါတယ်။နွေသီးနှံအတွက်ရေပိုပေးနှိင်မှာဖြစ်လို့တောင်သူတွေအတွက်အကျိုးဖြစ်ထွန်းစေမှာပါ။ဆောင်းခိုလာတဲ့ရေနေငှက် ကိုးဆယ်ရာခိုင်နှုံးဟာရေပေါ်ရေအောက်ပေါက်တဲ့အပင်တွေကိုစားကြပါတယ်။အပင်ပေါက်နှိင်တဲ့ရေအနက်ထက်ပိုပြီးရေများနေယင်ငှက်စားပင်တွေမပေါက်နှိင်တော့ပါ။ငှက်တွေအတွက်စားပင်တွေပေါက်နှိင်ဖို့နဲ့တောင်သူတွေစိုက်ပျိုးရေးမထိခိုက်ဖို့ အတွက်သင့်တော်တဲ့ရေထိမ်းရေလွှတ်စနစ်ကိုရှာဖွေဖို့လိုအပ်ပါတယ်။

အချုပ်အားဖြင့်ဆိုရယင်မန္တလေးဝန်းကျင်ကအင်းများကိုဆောင်းခိုငှက်ဝင်ရောက်မှုအခြေအနေအားရစရာမရှိပါ။တစ်အင်းပြီးတစ်အင်း ၊တစ်နှစ်ပြီးတစ်နှစ်အခြေအနေယုတ်လျှော့လာတာကိုတွေ့နေရပါတယ်။မြေယာတိုးချဲ့ခြင်း၊ဖမ်းဆီးသတ်ဖြတ်ခြင်းနဲ့အင်းများကန်များ ရဲ့ရေသွင်းရေထုတ်စနစ်ပုံမှန်မဟုတ်ခြင်းတွေကြောင့်ဖြစ်ပါတယ်။ရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်ကြောင့်လည်းဖြစ်နှိင်ပါတယ်။တိုင်းပြည်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှသာသဘာဝပါတ်ဝန်းကျင်ထိမ်းသိမ်းရေးကိုထိထိရောက်ရောက်လုပ်နှိင်မှာဖြစ်လို့ကြားကာလမှာပျက်စီးပျောက်ကွယ်သွားကြမဲ့အင်းတွေကန်တွေငှက်တွေအကြောင်းမတွေးရဲတော့ကြောင်းပါခင်ဗျာ။

ဇေမောင်သိန်း(မန္တလေးတက္ကသိုလ်)
5th February 2022

About The Author

greenness_mm

No Comments

Leave a Reply