မုတ်သုံလေအကြောင်း ဆောင်းမုတ်သုံ-အရှေ့မြောက်မုတ်သုံလေ (WINTER MONSOON NE wind) မုတ်သုံလေ

မုတ်သုံလေအကြောင်း ဆောင်းမုတ်သုံ-အရှေ့မြောက်မုတ်သုံလေ (WINTER MONSOON NE wind) မုတ်သုံလေ

အာရေဗျဘာသာဖြင့် Mausam(မော်ဆန်) သို့မဟုတ် Monsoon ဟုတ်ခေါ်သည့် ရာသီလေ(Seasonal Wind)ဖြစ်သည်။ မုတ်သုံလေကို ရှေးလွန်ခဲ့ပြီးသောနှစ်ပေါင်းများစွာက အာရေဗျပင်လယ်အတွင်းမှ ငါးဖမ်းလုပ်သားများက စတင်တွေ့ရှိခဲ့ကြောင်း၊ နှစ်စဉ်အချိန်မှန် အနောက်တောင်ဘက်နှင့် အရှေ့မြောက်ဘက်မှ တိုက်ခတ်သောလေတိုက်ခတ်ခြင်းကို သတိထားမှတ်သားမိကြရာက နွေမုတ်သုံလေနှင့် ဆောင်းမုတ်သုံလေများအဖြစ် ကျွန်ုပ်တို့ သိရှိနားလည်လာကြရခြင်းဖြစ်သည်။
အာရှတိုက်အတွင်းတွင်သာတိုက်ခတ်တတ်သည့် ရာသီလေအမျိုးအစားဖြစ်သဖြင့် “အာရှမုတ်သုံလေ” Asia Monsoon ဟုလည်းခေါ်ကြသည်။
နွေမုတ်သုံနှင့် ဆောင်းမုတ်သုံ
နွေမုတ်သုံ ခေါ် Summer Monsoon သည် ဇွန်လမှ အောက်တိုဘာလအတွင်း အနောက်တောင်အရပ်မှ တိုက်ခတ်သောလေဖြစ်ပြီး ပူနွေး၍စွတ်စိုသော ပင်လယ်လေအမျိုးအစားဖြစ်ကာ အနောက်တောင်မုတ်သုံလေ ဟုလည်း သိကြသည်။ နွေမုတ်သုံလေတိုက်ခတ်သည့်ကာလအတွင်း မိုးရွာခြင်း၊ မုန်တိုင်းများဖြစ်ပေါ်ခြင်းအစရှိသော ထူးခြားပြင်းထန်သည့် မိုးလေဝသအခြေအနေများဖြစ်ပေါ်တတ်သည်။ ဤထူးခြားပြငိးထန်သော မိုးလေဝသအဖြေအနေများကြောင့် အနောက်တောင်မုတ်သုံလေ(နွေမုတ်သုံ)ကို ပိုမို၍အသိများကြသည်။
အာရှမုတ်သုံကျရောက်သည့်နိုင်ငံများတွင်ပါဝင်သည့် မြန်မာနိုင်ငံတွင် တနှစ်အတွင်းရွာသွန်းသောမိုးရေချိန်၏ ၉၀% ကို နွေမုတ်သုံကာလအတွင်းရရှိပြီး ရခိုင်ကမ်းရိုးတန်းဒေသ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မုတ္တမကွေ့ဒေသများ၌ တနှစ်ပတ်လုံးရွာသွန်းသောမိုးရေချိန်၏ ၉၇% အထိမြင့်မားကြောင်း သိရသည်။
ဆောင်းမုတ်သုံ ခေါ် winter Monsoon သည် ဒီဇင်ဘာလမှ ဧပြီလအတွင်း အရှေ့မြောက်အရပ်မှ တိုက်ခတ်သောလေဖြစ်ပြီး အေးမြ၍ခြောက်သွေ့သောလေအမျိုးအစားဖြစ်ကာ အရှေ့မြောက်မုတ်သုံလေ ဟုလည်း သိကြသည်။ အရှေ့မြောက်အရပ်မှ တိုက်ခတ်လာသည့် ဆောင်းမုတ်သုံလေသည် အေးမြခြောက်သွေ့နေသော်လည်း ပင်လယ်မှတိုက်ခတ်သည့်လေနှင့် အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ တိုက်ခတ်လာသည့်လေတို့တွင်ပါဝင်သော ရေခိုးရေငွေ့များတိမ်တိုက်များနှင့်ထိတွေ့ကာ ဆောင်းမုတ်သုံကာလဖြစ်သော ဒီဇင်ဘာလမှ ဧပြီလအတွင်း အချိန်အခါမဟုတ်မိုးများရွာသွန်းတတ်သည်။ ဤအချိန်ကာလအတွင်းရွာသွန်းတတ်သည့်မိုးများကြောင့် ရိတ်သိမ်းချိန်ရောက်နေသည့် သီးနှံများပျက်စီးစေတတ်သောမိုးဖြစ်သောကြောင့် “ဖျက်မိုး”ဟုလည်းခေါ်ကြ၏။
မုတ်သုံဝိသေသလက္ခဏာများ
……
မုတ်သုံလေဝင်ရောက်မှုစောခြင်း/နောက်ကျခြင်း၊
မုတ်သုံလေအားကောင်းခြင်းနှင့်အားနည်းခြင်း၊
မုတ်သုံလေတန့်ခြင်း၊
မုတ်သုံလေအားပြတ်ခြင်း၊
မုတ်သုံမုန်တိုင်းများဖြစ်ပေါ်မှု များခြင်း/နည်းခြင်း .. စသည်တို့သည် မုတ်သုံဝိသေသလက္ခဏများဖြစ်ကြသည်။
မုတ်သုံမုန်တိုင်းအဖြစ်များသော်လည်း မိုးလျော့နည်းနေခြင်း၊ မုန်တိုင်းများအဖြစ်နည်းသော်လည်း မိုးများနေခြင်း စသည့်ဖြစ်ရပ်များသည် မုတ်သုံလေအချက်အလက်များ(Monsoon Elements)များပေါ်တွင်မှီလျှက် အလှည့်အပြောင်းများတတ်ကြောင်းလည်း သိရှိနားလည်ထားရန်လိုအပ်သည်။
အယ်လ်နီညိုနှင့်လာနီညာကဲ့သို့သော အစွန်းရောက်ရာသီဥတုဖြစ်စဉ်များကြောင့်လည်းကောင်း၊ ဖေဖေါ်ဝါရီနှင့် မတ်လအတွင်း ဥရောပအလယ်ပိုင်း၌ ရေကြီးတတ်သည့်နှစ်များကြောင့်လည်းကောင်း၊ ထုထည်ကြီးမားသည့်မီးခိုးငွေ့များရွေ့လျားသည့်အခြေအနေများ၊ မီးတောင်ပေါက်ကွဲခြင်းကြောင့်ထွက်ပေါ်လာသည့် ဖုန်မှုန့်များ ကမ္ဘာ့လေထုအထက်လွှာအတွင်းရောက်ရှိပြီး နေရောင်ခြည်ရရှိမှုလျော့နည်းစေခြင်းကြောင့်လည်းကောင်း “ပြင်ပတနေရာမှ မိုးလေဝသဖေါက်ပြန်သည့်ဖြစ်စဉ်များသည် နွေမုတ်သုံမိုးခန့်မှန်းရာ၌ ထည့်သွင်းစဉ်းစားကြရမည့်အချက်များဖြစ်ကြောင်း (၆-၁၀-၉၃)နေ့ထုတ်၊ မြန်မာ့အလင်းသတင်းစာတွင် မိုးလေဝသပညာရှင် ဆရာကြီးဒေါက်တာဦးထွန်းလွင် ရေးသားခဲ့သည့် ဆောင်းပါးတပုဒ်တွင် လေ့လာမှတ်သားခဲ့ရသည်။
ဆောင်းမုတ်သုံ-အရှေ့မြောက်မုတ်သုံလေ (WINTER MONSOON NE wind)
နွေမုတ်သုံ(အနောက်တောင်မုတ်သုံ) နှင့် ဆောင်းမုတ်သုံ(အရှေ့မြောက်မုတ်သုံ)
..…
နွေမုတ်သုံ(အနောက်တောင်မုတ်သုံလေ)ကို ကောင်းစွာသုတေသနပြုပြီး နားလည်ထားကြပြီးဖြစ်သော်လည်း၊ ဆောင်းမုတ်သုံ(အရှေ့မြောက်မုတ်သုံလေ)တိုက်ခတ်သည့်ရာသီကို ကောင်းစွာနားလည်ရန်မှာ ပြည်ပမိုးလေဝသဌာနများနှင့် သုတေသနပြုသိပ္ပံပညာရှင်များထံမှ ပြည့်စုံသောသတင်းအချက်အလက်မရရှိနိုင်သဖြင့် အလုံးစုံနားလည်နိုင်ခြင်းမရှိသေးပေ။
“ဆောင်းမုတ်သုံ”သည် နှစ်စဉ် ဒီဇင်ဘာလမှ ဧပြီလအတွင်း အာရှအရှေ့ပိုင်းဒေသများရှိ လေဖိအားများရပ်ဝန်းတို့၏ တွန်းအားကြောင့် အရှေ့မြောက်အရပ်မှအနောက်တောင်အရပ်သို့ ဦးတည်တိုက်ခတ်လာသောတိုက်ခတ်လာပြီး အရှေ့တောင်အာရှဒေသများကိုကျော်ဖြတ်ကာ မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် တောင်ပိုင်းအစွန်အထိ ရောက်အောင်တိုက်ခတ်သော အေးမြခြောက်သွေ့သောလေဖြစ်သည်။ နွေမုတ်သုံရာသီနှင့်ဆောင်းမုတ်သုံရာသီတို့ကို အာရှတိုက်တွင်သာတွေ့သဖြင့် “အာရှမုတ်သုံ”ဟုလည်းခေါ်ကြသည်။
အာရှ”ဆောင်းမုတ်သုံရာသီ”သည် စိုက်ပျိုးရေးမှ စားနပ်ရိက္ခာအများဆုံးထုတ်လုပ်ပေးလျှက်ရှိသော ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အရှေ့တောင်အာရှ၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ဂျပန်တို့၏ ကမ်းရိုးတန်းဒေသအချို့သို့ မိုးရွာသွန်းမှု ဖြစ်ပေါ်စေပြီး စိုက်ပျိုးရေးနှင့် ရေအရင်းအမြစ်များတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည့်အပြင် ရေကြီးခြင်း၊မြေပြိုခြင်းတို့နှင့်ဆက်စပ်သော သဘာဝဘေး အန္တရာယ်များဖြစ်ပေါ်စေသည်။ ဆောင်းမုတ်သုံရာသီ ဖေါက်ပြန်ပြောင်းလဲမှုများ ရှိလာခြင်းကြောင့် ဖြစ်ပေါ်လာသည့်အထက်ဖေါ်ပြပါ သဘာဝကပ်ဘေးများကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ ထုတ်လုပ်တင်ပို့ခြင်းအပေါ် မရေရာသော အတားအဆီးများကိုဖြစ်ပေါ်စေသည်။
မြန်မာနိုင်ငံတွင်မူ ဆောင်းမုတ်သုံကြောင့် ကြီးမားသော သဘာဝဘေးအန္တရာယ်ကျရောက်မှုမရှိသလောက်နည်းပါးပြီး အချိန်အခါမဟုတ်မိုးများရွာသွန်းတတ်သော်လည်း မိုးရေချိန်မများပဲ လေတိုက်နှုန်း တနာရီ ၁၀ မိုင်မှ ၂၅ မိုင်ခန့်အထိတိုက်ခတ်နိုင်ကြောင်း တွေ့ရ၏။
အထူးသဖြင့် အယ်လ်နီညို၊ လာနီညာနှင့် အိုင်အိုဒီ ဖြစ်စဉ်များ ဖြစ်သည့်ကာလများတွင် ဇန်နဝါရီလမှ ဧပြီလအတွင်း အရှေ့ဘက်မှ ဝင်ရောက်လာသော အားကောင်းသည့်လေအေးစီးကြောင်းနှင့် ပင်လယ်ပြင်မှ ရေခိုးရေငွေ့များပါဝင်သည့်တိမ်တိုက်အနည်းငယ်နှင့် ထိတွေ့ကာ မိုးထစ်ချုန်းရွာခြင်း၊ လေတိုက်နှုန်းများခြင်း စသည့် ရာသီဥတုဖေါက်ပြန်ပြောင်းလဲခြင်းများကို ကြုံရတတ်လေသည်။
ကမ္ဘာသုံး သင်္ချာပုံစံမိုးလေဝသခန့်မှန်းရေး မော်ဒယ်များကလည်း ဆောင်းမုတ်သုံရာသီနှင့်ပတ်သက်သည့် အချက်အလက်များထုတ်ပြန်မှုကို ၅၀% အထိ လျှော့ပေါ့တွက်ချက်ထုတ်ပြန်ခဲ့ကြခြင်းကြောင့် မထင်မှတ်ဘဲကျရောက်လာတတ်သည့် သဘာဝဘေးများအကြောင်း နားလည်မှုကွာဟချက်သည် ဆောင်းမုတ်သုံရာသီအတွင်း စားနပ်ရိက္ခာထုတ်လုပ်ခြင်းအား မရေရာမသေချာမှုများစွာဖြစ်ပေါ်စေသည်။
ခေတ်သစ် သင်္ချာပုံစံ-မိုးလေဝသနှင့် ရာသီဥတုခန့်မှန်းရေးမော်ဒယ်များက နွေမုတ်သုံရာသီနှင့် ဆောင်းမုတ်သုံရာသီတို့သည် ဆက်နွယ်မှုရှိနေကြောင်း၊ မုတ်သုံရာသီ ၂ ခု၏ ဆက်စပ်ဆက်နွယ်မှုသည် ရှေးနှစ်ပေါင်းများစွာက ရေခဲခေတ် အချိန်ကပင်ရှိခဲ့ကြောင်း ထင်မြင်ယူဆချက်များရှိနေသော်လည်း ဤယူဆချက်အား သက်သေပြနိုင်ရန် ဆက်လက်၍သုတေသနပြုလေ့လာနေကြရဆဲဖြစ်ကြောင်း သိရပေသည်။
#မိုးလေဝသပညာရှင် ဦးဝင်းနိုင်

About The Author

greenness_mm

No Comments

Leave a Reply