မြစ် ချောင်းများ အသက်ရှည် ကျန်းမာကြပါစေ

မြစ် ချောင်းများ အသက်ရှည် ကျန်းမာကြပါစေ

အခုတလော ကျွန်တော့် ခေါင်းထဲ မြစ် ချောင်းများအကြောင်းက မင်းမူနေခဲ့သည်။ မြစ် ချောင်းများ အကြောင်း တွေးနေမိသည်။ “မြစ် ချောင်းများ ကျန်းမာပါစေ” ဟုလည်း မကြာခဏ ဆုတောင်းနေမိသည်။ ကျွန်တော် ထိုသို့ ခံစားနေရသည်မှာ ရက်သတ္တပတ်အနည်းငယ်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အဘယ့်ကြောင့် ထိုသို့ ခံစားနေရသလဲဆိုလျှင် ကျွန်တော့် ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာထဲသို့ ရောက်လာသော ဓာတ်ပုံတစ်ပုံ ကြောင့်ပင် ဖြစ်သည်။ ယင်းဓာတ်ပုံမှာ အခြားမဟုတ်။ ကျွန်တော့် မွေးရပ်မြေမှ ချောင်းကလေး၏ ဓာတ်ပုံ ဖြစ်သည်။ ထိုချောင်းကလေးသည် ကျေးရွာ အုပ်စုကြီးနှစ်ခု၊ ကျေးရွာ ၁၀ ရွာကျော်၏ အသက်သွေးကြော ဖြစ် သည်။
ကူးသန်းရောင်းဝယ်ရေး၊ သွားလာရေးအတွက် အချက်အချာ ဖြစ်ခဲ့သည်။ ဟိုးအရင်က အကျယ်ပေ ၃၀၀၊ အနက် ၁၅ ပေ ထက်မနည်း ရှိသည့်တိုင်အောင် ချောင်းကလေးက ထွားကြိုင်းခဲ့သည်။ ဧရာဝတီ အမြဲမပျက် စုန်ဆန် နေခဲ့ကြသည်။ ထိုချောင်းကလေးသည် ကျေးရွာ အုပ်စုကြီးနှစ်ခုအတွင်းရှိ ကျေးရွာများတွင် နေထိုင်သည့် ရွာသူ ရွာသားများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကူးသန်းသွားလာရေး၊ စိုက်ပျိုး ရေး၊ သောက်သုံးရေးရရှိရေး၊ စား ဝတ် နေရေး အစရှိသည့် အရေးပေါင်းများစွာကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ သူသည် ကျေးရွာအုပ်စုနှစ်ခုအတွင်းရှိ ရွာသူ ကျေးရွာသားများအတွက်သာမက အခြား မြို့နယ်၊ ကျေးရွာများရှိ ပြည်သူများ၏ ကူရေသန်းသွားလားအတွက်လည်း အလွန်အရေးပါ အရာရောက်သည့် ချောင်းကလေး ဖြစ် သည်။
ယခုတော့ ထိုသို့ မဟုတ်တော့ပေ။ ကျွန်တော်တို့ အရွယ်ရောက်ချိန်ကစပြီး ပျက်စီးမှုများနှင့် အသား ကျခဲ့သော ချောင်းကလေးသည် လက်ရှိတွင် အသက်အန္တရာယ် စိုးရိမ်ရသော နေ့ရက်များကို ဖြတ်သန်းနေရပြီ ဖြစ်သည်။ ဓာတ်ပုံထဲတွင် မြင်တွေ့ရသော သူ့အခြေအနေသည် တော်တော်လေး မကောင်းသော အခြေအနေ ဖြစ်သည်။ ရေကျချိန်တွင် မြောင်းတစ်မြောင်းလောက်ပင် မကျယ်တော့သော အကျယ်အဝန်း၊ ဘဲတစ်ကောင် ပင် ရေကူး၍ မရသော အနက်တို့ဖြင့် မခမ်းနားစွာ တွေ့ရသည်။
သူ့ ဘေးပတ်လည်တွင်လည်း လမုတောများ၊ သောင်ပြင်များက ခြံရံပြီး သောင်များကလည်း ထွန်းချင်တိုင်း ထွန်းနေသည်မှာ မြင်ရသူကိုပင် အသက်ရှူကျပ် စေသည်။ ဓာတ်ပုံထဲတွင် တွေ့ရသည့် ချောင်းကလေး၏ အနေအထားအရ ထိန်းသိမ်းပြုပြင်မှုများ မပြုလုပ်နိုင် ပါက နှစ်အနည်းငယ်အတွင်း ပျောက်ကွယ်သွားတော့မည်ဟု ခန့်မှန်းရမည့်သဘော ဖြစ်သည်။ ထိုသို့ဆိုလျှင် သည်ချောင်းကလေး သည်နေရာတွင် ခမ်းနားစွာ စီးဆင်းခဲ့သည်မှာ နောင်လာနောက်သားများ လက်ထက်တွင် ဒဏ္ဍာရီတစ်ပုဒ်ကဲ့သို့ ကျန်ရစ်တော့မည် ဖြစ်သည်။ သူသည် ဒေသခံရွာသူရွာသားတို့၏ အသက်သွေးကြော ဖြစ်သည်။ သူသာ ပျက်စီးပျောက်ကွယ်သွားလျှင် ကျေးရွာသူ ကျေးရွာသားများလည်း ထိခိုက် ပျက်စီးကြရမည် ဖြစ်သည်။ ကျွန်တော် အလွန်ဝမ်းနည်းကြေကွဲသွားမိသည်။ ထိုစိတ်ဖြင့် အိပ်မပျော် ဖြစ်ခဲ့ရသည်။
ကျွန်တော့် ဇာတိမြေဆီက နာမကျန်းဖြစ်နေသော ချောင်းကလေးအတွက် စိုးရိမ်သောကများ ဖိစီးလာ
တိုင်း ကျွန်တော် စာများများ ရေးဖြစ်သည်။ အထူးသဖြင့် ချောင်းကလေး ပြန်လည် ကျန်းမာလာစေရေးကို ဦးတည်ခဲ့သည်။ သူ့အတွက် ကျွန်တော် ဘာမျှ မလုပ်နိုင်သော်လည်း လုပ်နိုင်သူတွေ လုပ်ကြဖို့ သူ ရင်ဆိုင်နေရ သည့် အခြေအနေကို သတင်းစကားများ ပါးဖြစ်ခဲ့သည်။ သို့သော် သည်နေ့အထိ သူ့ခမျာ အသက်ငင်နေဆဲ ဖြစ်သည်။ သည်အတိုင်းဆိုလျှင် သူ့အတွက် မျှော်လင့်ချက်က နည်းလှသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာ နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် သူ့ထက် ထွားကျိုင်း အင်အားကြီးသော မြစ်များပင်လျှင် သေဆုံး ပျောက်ကွယ်ခဲ့ရသည့် အဖြစ်အပျက်များ ရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ ဥပမာအနေဖြင့် မြန်မာနိုင်ငံတွင်ရှိသည့် ၀ါးဘလောက်မြစ်နှင့် ပန်းလှိုင်မြစ်ကို ပြဆိုချင်သည်။ သူတို့သည် ကျွန်တော်တို့ မျက်စိအောက်မှာပင် သေဆုံး ပျောက်ကွယ်ခဲ့သည့် မြစ်နှစ်စင်းပင် ဖြစ်သည်။ ထိုမြစ်နှစ်စင်းအနက် ၀ါးဘလောက်သောက်မြစ်သည် သေဆုံး ပျောက်ကွယ်သွားခြင်း ဖြစ်ပြီး ပန်းလှိုင်မြစ်သည် မြစ်၏အသွင်သဏ္ဍာန်များ မှေးမှိန်ခဲ့ခြင်း၊ မြစ်အစအဆုံး သွားလာလို့ မရတော့ခြင်း၊ ပြန်လည်တူးဖော်ထားသဖြင့် တူးမြောင်းသာသာ အနေအထားသာ ရှိတော့ခြင်း ဖြစ် သည်။
ကျွန်တော် ဖတ်ဖူးခဲ့သည့် ဆောင်းပါးတစ်ပုဒ်ထဲတွင်တော့ ၀ါးဘလောက်သောက်မြစ်ကို “ဟိုတစ်ချိန်က ၀ါးဘလောက်သောက်မြစ်သည် ရန်ကုန်မြစ်နှင့် တိုးမြစ်တို့ကို ဆက်သွယ်ထားသော အထင်ကရ မြစ်တစ်စင်း ဖြစ်သည်။ ကုန်စည် ကူးသန်းရောင်းဝယ်ရေး၊ ရေလမ်းခရီး သွားလာရေးတို့အတွက် အဓိကအားထားရာ မြစ်တစ်စင်း ဖြစ်သည်။ ဧရာဝတီတိုင်းဘက်မှ ဒေသထွက်ကုန်များ ရန်ကုန်သို့ သယ်ယူပို့ဆောင်ရာတွင် ဖြစ်စေ၊ ရန်ကုန်မှ ကုန်ပစ္စည်းများ ဧရာဝတီတိုင်းဘက်သို့ သယ်ယူရာတွင် ဖြစ်စေ အဓိကအသုံပြုခဲ့သော မြစ်တစ်စင်း ဖြစ်သည်။ ရေသတ္တဝါတို့၏ ပျော်စံရာ၊ ကိုတံငါတို့၏ အစာရှာရာ၊ ကုန်သည်ပွဲစားတို့၏ ကူးသန်းသွားလာရာ၊ ခေါင်းရွက်ဗျက်ထိုး စျေးသည်တို့၏ ရေပေါ်စျေးကြီးအဖြစ်ရပ်တည်ခဲ့ရာ မြစ်တစ်စင်းဖြစ်သည်” ဟုရေးသားထား သည်ကို တွေ့ရသည်။
ထိုမြစ်ကြီးသည် ၁၉၈၀ နောက်ပိုင်းတွင် သိသိသာသာ ပြောင်းလဲခဲ့ခြင်း ဖြစ်ပြီး ယခုအခါတွင် တိုးမြစ် ဘက်တွင် ကျားကိုက်ရွာ၊ အောက်ဆိပ်ကျေးရွာဘေးတို့တွင် တိုးမြစ်အတွင်း စီးဆင်းနေသော ချောင်းရိုးလေး ဖြစ်နေခဲ့ပြီ။ ရန်ကုန်မြစ်ဘက်တွင်လည်း သခွပ်ပင်ကျေးရွာနှင့် ဓနုတ်ကျေးရွာကြားရှိ ရန်ကုန်မြစ်အတွင်း စီးဝင် သော ချောင်းစွယ်လေးဖြစ်နေခဲ့ပြီ။ ၀ါးဘလောက်သောက်၊ ပျားမွတ်နှင့် ဘို့ဒင်ကျေးရွာများ အနီးတွင်တော့ ဖုန်တထောင်းထောင်းနှင့် လှည်းမောင်း၍ ရသောမြေပြင်ကြီးတစ်ခု ဖြစ်နေခဲ့ပြီ။ ထိုကဲ့သို့ ဖုန်တထောင်းထနေ သော လှည်းလမ်းကြောင်းကြီးသည် တစ်ချိန်က နှစ်ထပ်သင်္ဘောကြီးများ၊ သင်္ဘောငယ်များ၊ လှေများ မီးခိုး တအူအူ သွားလာနေခဲ့သည့် မြစ်ကြီးတစ်စင်းဖြစ်ခဲ့သည်ဟုဆိုလျှင် နောင်လာနောက်သားတို့အတွက် ဒဏ္ဍာရီ လိုလို၊ ပုံပြင်လိုလို ဖြစ်နေတော့မည်။ အလွန်ဝမ်းနည်း ကြေကွဲစရာ ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။
ပန်းလှိုင်မြစ်ကို ကြည့်လျှင်လည်း ၀ါးဘလောက်သောက်မြစ်နှင့် သိပ်တော့ မခြားနား။ အသက်ဆက်နေ သည်ဆိုရုံလေး။ ဒါတောင် ပြန်လည်တူးဖော်ထားသည့်အတွက် ထိုမျှလောက် သက်ဆိုးရှည်နေခြင်း ဖြစ်သည်။ ပန်းလှိုင်မြစ်သည် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့အနီး ဧရာဝတီမြစ်မကြီးမှ ခွဲထွက်ကာ ညောင်တုန်း မြို့နယ် မဲဇလီကျေးရွာတွင် ပန်းလှိုင်မြစ်နှင့် ကုက္ကိုဝမြစ်အဖြစ်ခွဲ၍ စီးဆင်းနေပြီး မဲဇလီကျေးရွာအောက်ဘက် ငှက်ပျောကျွန်း၊ ခတ္ထိယ၊ မြဂဲ၊ စံတယော်၊ တက်သစ် စသည့် ကျေးရွာများတစ်လျှောက် ဖြတ်သန်းစီးဆင်းကာ ဆင်မလိုက် သင်္ဘောကျင်းအနီးတွင် လှိုင်မြစ်နှင့် ပေါင်းဆုံသွားသည်။
ပန်းလှိုင်မြစ်သည် ခေတ်အဆက်ဆက် သမိုင်းမှတ်တမ်းများကို သယ်ပိုးစီးဆင်းခဲ့သလို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ တွံတေးမြို့နယ်၊ ထန်းတပင်မြို့နယ်များနှင့်ဆက်စပ်လျက်ရှိသော ကျေးရွာများတွင် နေထိုင်သော ပြည်သူများအတွက် နည်းလမ်း မျိုးစုံဖြင့် အထောက်အပံ့ကောင်းများ ပေးခဲ့သည်။ ယခုတော့ ထိုအရာအားလုံးသည် အိပ်မက်တစ်ခုအလား အဆုံးသတ်ခဲ့ပြီဖြစ်သည်။ ပန်းလှိုင်မြစ်သည် မြစ်ဆိုသော်လည်း မြစ်နှင့်မတူတော့။ မြောင်းသာသာ အကျယ် အဝန်းနှင့် စီးဆင်းနေပြီး အထက်ပိုင်းတွင် မြစ်ပျောက်သွားပြီ ဖြစ်သည်။ အလွန်ကြေကွဲ ဝမ်းနည်းစရာ ကောင်းလှပါသည်။
ထိုအဖြစ်အပျက်များသည် ကျွန်တော်တို့ မျက်စိအောက်မှာပင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာ့နိုင်ငံများ တွင်လည်း ဖြစ်ပျက်ခဲ့မှာ သေချာသည်။ ထိုအဖြစ်အပျက်များအားလုံးကို လေ့လာကြည့်လျှင် လူတို့၏ လောဘ၊ ဒေါသ၊ မောဟများကြောင့် ဖြစ်ပေါ်လာရသည်ဟု ဆိုနိုင်သည်။ လူတို့၏ လောဘစိတ်ဖြင့် စည်းမဲ့ကမ်းမဲ့၊ အသိတရားမဲ့ လုပ်ဆောင်မှုများက သဘာဝ ပတ်ဝန်းကျင်ကို ပျက်စီးစေခဲ့သည်။ ရာသီဥတုကို ဖောက်ပြန် ပြောင်းလဲစေခဲ့သည်။ မြစ် ချောင်းများ၊ တော တောင်များ၊ တိရစ္ဆာန်၊ အပင်အပါအဝင် ဇီဝမျိုးစုံမျိုးကွဲများကို ပျက် စီး ပျောက်ကွယ်စေခဲ့သည်။ လက်ရှိတွင်လည်း ထိုအရာများသည် ဆက်လက် ပျက်စီး ပျောက်ကွယ်ရတော့မည့် အနေအထားများနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ အထူးသဖြင့် မြစ် ချောင်းများပင် ဖြစ်သည်။
ထိုမြစ် ချောင်းများ ထဲတွင် ကျွန်တော့် ဇာတိချက်ကြွေမွေးရပ်မြေဆီက ချောင်းကလေးလည်း အပါအဝင် ဖြစ်သည်။ ၀ါးဘလောက် သောက်မြစ်နှင့် ပန်းလှိုင်မြစ်တို့လို အဖြစ်ဆိုးမျိုးနှင့် မည်သည့် မြစ် ချောင်းများကိုမှ မကြုံစေချင်တော့ပေ။ ထိုအဖြစ်ဆိုးနှင့် မကြုံတွေ့ရအောင် နိုင်ငံတော်အစိုးရကလည်း အစိုးရအလျောက်၊ အဖွဲ့အစည်းများကလည်း အဖွဲ့အစည်းများအလျောက်၊ ပြည်သူလူထုကလည်း ပြည်သူလူထုအလျောက် တာဝန်ကျေပွန်စွာဖြင့် မြစ် ချောင်းများကို ၀ိုင်းဝန်းထိန်းသိမ်းကြဖို့ လိုပါသည်။ လက်တလောတွင်တော့ ကျွန်တော် ဘုရားရှိခိုးတဲ့အခါတိုင်း ဆုတောင်းတစ်ခုကို ထပ်တိုး ဆုတောင်းနေမိသည်။ “မြစ် ချောင်းများ အသက်ရှည် ကျန်းမာပါစေ” ဟူ၍။ ။
ရွှေလက်

About The Author

greenness_mm

No Comments

Leave a Reply