ရာသီဥတုပြောင်းလဲမှုကြောင့် မဲဇာမြစ်နှင့်အတူ တိမ်ကောလာသည့် ဓလေ့များ

ရာသီဥတုပြောင်းလဲမှုကြောင့် မဲဇာမြစ်နှင့်အတူ တိမ်ကောလာသည့် ဓလေ့များ

မဲဇာမြစ်ဖျားသည် ဗန်းမောက်၊လအင်းတော်၊ ပင်လယ်ဘူး၊ ဝန်းသို၊ ထီးချိုင့် မြိုနယ်များနှင့် ထိစပ်နေသည်။ မြောက်ဘက်ပိုင်းတွင် ကချင်ပြည်နယ်အတွင်းမှ စီးဝင်သည့် ချောင်းများလည်း ပါဝင်သည်။ ဧရာဝတီမြစ်အတွင်းသို့ ထီးချိုင့်မြို့အောက်ဘက် ညောင်ပင်သာ ကျေးရွာအနီးတွင် စီးဝင်သည်။ ကတူး၊ ကနန်း၊ ရှမ်း၊ ဗမာ စသည့် တိုင်းရင်းသားတို့ မီခိုလာခဲ့သည့် မြစ်ဖြစ်သည်။
ကုန်းဘောင်ခေတ် မှတ်တမ်းများတွင် ရွှေခွန် ဆက်ရသည့် အတွက်ကြောင့် အခြားအခွန်များ ကင်းလွှတ်ခွင့်ရသည်။ရေးစီးကောင်းမွန်သည့်အတွက် မင်းနေပြည်ကို လှေဖြင့် အခွန်ဆက်ခြင်း၊ ကုန်ရောင်းကုန်ဝယ်များပြုလုပ်ခြင်း မှတ်တမ်းများကျန်ရစ်သည်။ ယခုထက်တိုင် မန်လည်တိုက်နယ် ၊တံခွန်တိုင်ကျေးရွာတွင် စေတီဟု ခေါ်တွင်သည့် အလျား ၅၇ ပေ၊အနံ ၆ပေ ၅ လက်မရှိ ကျွန်းသားသစ်လုံးထွင်း လှေကြီးကို တွေ့မြင့်နိုင်သေးသည် ။ ထိုထက်ကြီးမားသည့် မင်းကျော် အမည်ရသည့် လှေကိုမူ ကောဇာ သက္ကရာဇ် ၁၂၄၅ ခုနှစ် (ခရစ်နှစ် ၁၈၈၃ခုနှစ်)တွင် မိုးညှင်းဇာတိ ဗိုလ်ဝါဦးဆောင်က သီပေါမင်းကို ပုန်ကန်စဉ် ဘုရင့်ကို အခွန်ဆက်သည့် လှေဟုဆိုကာ မီးရှို့ခဲ့ကြောင်း မှတ်တမ်းများက ဆိုသည်။ ကုန်ဘောင်ခေတ်နှောင်းပိုင်းနှင့် ကိုယ်လိုနီခေတ်အထိ မဲဇာမြစ်အတွင်း ဝါဆို၊ဝါခေါင်လများတွင် ဘုန်းတော်ကြီး တိုက်နယ်အလိုက် လှေပြိုင်ပွဲများ မဲဇာမြစ်အတွင်း ကျင်းပခဲ့သည်ဟု ဆိုသည် ။
(လက်ရှိတွင် မဲဇာမြစ်အနီးရှိ ဘုန်းတော်ကြီးကျောင်းများတွင်လည်း ပြိုင်ပွဲဝင်ခဲ့သည့် ကျွန်းသစ်ထွင်းလှေများ ကျန်ရှိနေသေးရာသက်ဆိုင်ရာက ထိန်းသိမ်းသင့်ပါသည်။)နန်းတော်အတွက် လိုအပ်သည့် သစ်များကိုဖောင်ဖွဲ့ ပို့ဆောင်ရသည်။ ယင်းဖောင်စုန်သည့် ဓလေ့များသည် ၂၀၀၀ ခုနှစ်ဝန်းကျင်တွင် ပျောက်ဆုံးခဲ့သည်။
မန်လည်တိုက်နယ်မှ ဝါးဖောင်လုပ်ငန်း လုပ်ကိုင်ခဲ့သူ ဦးကျော်သန်းက ” မဲဇာသံတံတားကနေ မန်းလေဂေါဝင်ဆိပ် ၊စစ်ကိုင်းဆိုရင် ရှင်ပင်နံကိုင်းဆိပ်အထိ မိုးရာသီဆိုရင် ၁၅ ရက်၊ဆောင်းဦးပေါက် ဆိုရင် ၃၅ ရက်။ရေနည်းတဲ့ နွေဘက်လုရင် ၄၅ ရက်ကြာတယ်။ ၁၉၉၅ နောက်ပိုင်းတွေက မိုးရာသီပဲ ရေစီးကောင်းတော့ တယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းကြတော့ ဖောင်စုန်တာကို တဖြည်းဖြည်း ရပ်လိုက်ကြတော့တာ။ စက်လှေတွေ လည်း ရသလောက် ဆန်ပြီး လာသယ်ကြတော့တာ။ ရေကြောင်းလဲ ဆောင်းရာသီကို ဆင်းလို မရတော့ဘူး။ တိမ်သွားတယ်”ဟု ဆိုသည်။
ယင်းဝါးဖောင် လုပ်ငန်းအပြင် နှစ်စဉ်တော်သလင်းလဆန်းမှ တန်ဆောင်မုန်းလပြည့်နေ့ဝန်းကျင်
အထိ မဲဇာမြစ်အတွင်း ငါးတက်သည့် ဖြစ်စဉ်မှာ ၂၀၀၀ ခုနှစ်ဝန်းကျင်တွင် မြစ်ဖျားပိုင်းတွင် ရွှေတူးဖော်မှုများ
ရှိခဲ့ပြီးနောက်ပိုင်း လုံးဝပျက်သုဉ်းသွားကြောင်း အဖိုးသိန်းက ဆိုသည်။ ယင်းက ” နှစ်စဉ် တော်သလင်း လဆန်းရင် ငါးသေးသေး၊တန်ဆောင်မုန်းလဆန်းရင် ငလူးငါးတွေက ချောင်းတစ်ရိုးလုံး တက်တာ။ ပုရစ်တွေအခင်းတွေမှာ အော်တဲ့အချိန်နဲ့ ကွက်တိလောက်ပဲ။သုံးလေးရက် ကွာတတ်တယ်။
မြစ်ထဲရေတိမ်တဲ့ နေရာတွေမှာ ငါးတွေက အုပ်လိုက်တက်တော့ ကုန်းပေါ်က ခွေးက အကောင်ထင်ပြီး
ကမ်းပါးက လိုက်တယ်။ နွေနှောင်းပိုင်းကျတော့ ငါးရစ်လို့ ပြောရမှာပေါ့။ အဲဒီအချိန်က ငါးကြီးတွေတက်တယ်။
ငါးမြင်း၊ငါးအုံတုံတွေပေါ့။ ချောင်းဖျားမှာ ရွှေတွေ ကျင်တဲ့နှစ်က စလို့ လုံးဝ မတက်တော့ဘူး ”ဟု ဆိုသည်။
တန်းဆောင်မုန်းမှာ တက်တဲ့ ငါးလူးကို ငါးပိကောင်လုပ်ကာ လယ်သိမ်းသည့် နတ်တော်၊ပြာသိုလများတွင်
ကောက်ညှင်းကျည်တောက် ၊ကောက်ညှင်းပေါင်း၊ခေါပုတ်၊ခေါဆီ၊ ချဉ်ပေါင်းသီးတို့ဖြင့် တွဲဖက်စားရသည်က
မြစ်ရိုးတောင်သူအားလုံး ဆောင်းရာသီစားသည့် ဒေသစာဟုဆိုသည်။ ”ငါးရှားသွားတာ မြစ်ငါးဆိုတာ မစားဖူးတော့ဘူး။အားလုံး မွေးငါးပဲ စားကြရတော့တယ်။သဘာဝငါးနှင့်က အရသာ အပုံကြီးကွာတယ်”ဟု ဆိုသည်။
မဲဇာမြစ်သည် တဖြည်းဖြည်း တိမ်ကောလာသည်သာမက ယင်းမြစ်နဲ့ဆက်နွယ်နေသည့် လူမှုဓလေ့
တွေကိုပါ ပပျောက်လာစေခဲ့ပြီဖြစ်သည်။ ရာသီဥတု ပြောင်းလဲခြင်းက လူမှုဘဝများ၊ လူနေမှု စနစ်များကိုပါ ပြောင်းလဲပစ်ခဲ့လေပြီ။ ရောဂါကပ်ဘေး၊ စစ်ဘေးတွေကို ရင်ဆိုင်ဖြေရှင်း နိုင်သည်ဟု ယုံကြည်သော်လည်း ရာသီကပ်ဘေးအတွက်အဖြေကား ရင်းလေးလှဆဲဖြစ်ပါသည်။
ထွန်းလင်းအောင်(မြစ်ကြီးနား)
၉.၉.၂၀၂၃

About The Author

greenness_mm

No Comments

Leave a Reply