ရေအောက်ရောက်နိုင်သည့် မြန်မာ့ကမ်းရိုးတန်းဒေသကြီးများ

ရေအောက်ရောက်နိုင်သည့် မြန်မာ့ကမ်းရိုးတန်းဒေသကြီးများ

မင်းချစ်နိုင်ရေးသားသည်—-၊

ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသတချို့ အပါအဝင် အာရှတိုက်ရှိ ဒေသများ ရေအောက်ရောက်သွားနိုင်သည့် အခြေအနေသည် ယခင်ခန့်မှန်းထားသည်ထက် သုံးဆပို၍ ထိခိုက် နိုင်ကြောင်း နယူးဂျာစီပြည်နယ်အခြေစိုက် သိပ္ပံအဖွဲ့အစည်းတစ်ခုဖြစ်သည့် Climate Centralက သတိပေး ထုတ်ပြန်ထားသည်။
Climate Central က ထုတ်ပြန်သည့် ထိုလေ့လာမှုအသစ်တစ်ရပ်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ထိုလေ့လာမှုကို မထုတ်ပြန်ခင် လွန်ခဲ့သော နှစ်များအတွင်းကလည်း ရာသီဥတုပြောင်းလဲမှု၊ ကမ္ဘာကြီး ပူနွေးမှုကြောင့် ပင်လယ်ရေမျက်နှာပြင်များ မြင့်တက်လာပြီး ဧရာဝတီမြစ်ဝကျွန်းပေါ် အစိတ်အပိုင်းအချို့ နှင့် အာရှဒေသရှိ ကမ်းရိုးတန်း အစိတ်အပိုင်းအချို့ ရေအောက် ရောက်သွားနိုင်ကြောင်း ပညာရှင်များက သုံးသပ် ပြောဆိုခဲ့ဖူးပါသည်။

တွေးကြည့်ရုံနှင့် ထိတ်လန့် ကြောက်ရွံ့စရာ အခြေအနေတစ်ခု ဖြစ်သည်ဟုဆိုနိုင်သည်။ သို့သော် ထိုကိစ္စသည် အတွေးတစ်ခု မဟုတ်။ ကာကွယ်တားဆီးမှုများ မလုပ်ဆောင်နိုင်ပါက တစ်နေ့တွင် အမှန်တကယ်ရင်ဆိုင် ကြုံတော့ရမည့် အန္တရာယ်တစ်ခုပင် ဖြစ်သည်။
ပင်လယ် ရေမျက်နှာပြင်မြင့်တက်မှုကြောင့် ထိခိုက်နိုင်သည့် အန္တရာယ်မြင့်မားသော ဒေသများတွင် မြန်မာနိုင်ငံ အောက်ပိုင်း ကမ်းရိုးတန်းတစ်လျှောက်ရှိ မြိတ်မြို့၊ ပလောက်၊ ချောင်းဝပြင်၊ ရေးမြို့တို့ ပါဝင်နေသည့် အပြင် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသတို့လည်း ပါဝင်နေသည်ဟုသိရသည်။

ထို့အပြင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်းကြောင့် ရေကြီးရေလျှံမှု အန္တရာယ်ကို ကြီးကြီးမားမား ရင်ဆိုင်ရနိုင်သော မြန်မာနိုင်ငံဒေသများတွင် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ မင်းပြား၊ မြောင်းဘွေ၊ တိမ်ညို၊ ကျောက်တော် စသော ဒေသများလည်း ပါဝင်နေသည်။

မြန်မာနိုင်ငံအတွက် အလွန် စိုးရိမ်ဖွယ်ရာ အနေအထားတစ်ခုပင် ဖြစ်သည်။ ၂၀၁၉ ခုနှစ် အတွင်းမှာပင် ကမ္ဘာ့ရေနှင့် ရာသီဥတုဆိုင်ရာ ကျွမ်းကျင်သူများက အာရှဒေသရှိ မြစ်ဝကျွန်းပေါ်ဒေသများ ရေအောက် နစ်မြုပ်ဖွယ် ရှိကြောင်း အသိပေး ပြောကြားထားသည်ကို နိုင်ငံတကာသတင်းအချို့တွင် ဖတ်လိုက်ရသည်။
ကမ္ဘာပေါ်တွင် Mega City ခေါ် လူနေထူထပ်သော မြို့ကြီး ၃၃ မြို့ ရှိသည့်အနက် ၁၄ မြို့က မြစ်ဝကျွန်းပေါ် ဒေသကြီး ၇ ခုတွင် တည်ရှိနေသည်။

မြစ်ဝကျွန်းပေါ်ဒေသများ ပျောက်ကွယ်ခဲ့ပါက ကမ္ဘာတွင် အမျိုးပေါင်း စုံလင်သည့် ဂေဟစနစ်ကြီးပါ ပျောက်ကွယ် သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် လူများ အစုအပြုံလိုက် ပြောင်းရွှေ့ရခြင်း၊ အရေးပါသည့် လယ်မြေဧရိယာ လျော့နည်းလာခြင်း၊ အာရှ၏ အင်အားကြီးမားသော စီးပွားရေး ဗဟိုချက်ကိုပါ ယိုင်လဲလာစေမည်ဖြစ်ကြောင်း ပညာရှင်များက သတိပေးခဲ့ကြသည်။

ယနေ့ခေတ်တွင် လူသန်း ၁၀၀ ကျော်သည် ရေမျက်နှာပြင် မြင့်တက်နိုင်ခြေ ရှိသည့် နစ်မြုပ်နိုင်သော ကုန်းမြင့် အတိုင်းအတာထက် ပိုနိမ့်သော နေရာများ၌ နေထိုင်နေကြပြီး ကမ်းရိုးတန်းနေသူ သန်း ၃၀၀ သည် ၂၀၅၀ တွင် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ကြောင်း အထက်ပါလေ့လာမှုတွင် ဖော်ပြထားသည်။

ထိုမျှမက ဗီယက်နမ်တောင်ပိုင်း (ဟိုချီမင်းစီးတီး အပါအဝင်)၊ ရှန်ဟိုင်းမြို့၊ ဘန်ကောက်မြို့နှင့် မွမ်ဘိုင်းမြို့၏ ဒေသအများစု ရေအောက် ရောက်သွားနိုင်ကြောင်း သတင်းများကိုလည်း ဖတ်ခဲ့ရသည်။
အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်သည့် သတင်းများကို ဖတ်နေရင်း စာရေးသူ ထိတ်လန့် တုန်လှုပ်နေမိသည်။ စာရေးသူ ဖတ်မှတ်ဖူးသော၊ လေ့လာဖူးသော အခြေအနေများ၊ ယခုထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် အခြေအနေများအရ ကြည့်လျှင်ပင် မြန်မာနိုင်ငံအတွက် အခြေအနေမကောင်းပေ။

လက်တလောမှာပင် ပင်လယ်နှင့် နီးနီးလာသော ဒေသများ၊ ပင်လယ်ရေဖုံးလွှမ်းမှု မြင့်တက်လာသော ဒေသများ မြန်မာနိုင်ငံတွင် ရှိလာနေပြီ ဖြစ်သည်ဟုကြားသိနေရသည်။

ယင်းအခြေအနေများကို မြန်မာနိုင်ငံ အစိုးရအပါအဝင် သက်ဆိုင်ရာ ပညာရှင်များ၊ အဖွဲ့အစည်းများအနေဖြင့် စနစ်တကျ စူးစမ်းလေ့လာသင့်သည်။ တွေ့ရှိချက်များကို အများသိအောင် ထုတ်ပြန်ပြီး ကြိုတင် ကာကွယ်ရေးကို ပြင်ဆင်ဆောင်ရွက်ထားဖို့ အရေးတကြီး လိုအပ်ပါသည်။

မြန်မာ့ကမ်းရိုးတန်းဒေသများ ရေအောက် မရောက်စေရေး (သို့မဟုတ်) ထိခိုက်မှု သက်သာစေရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်မည်ဆိုလျှင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကမ်းရိုးတန်းဒေသများ၊ မြစ်ဝကျွန်းပေါ် ဒေသများ မည်ကဲ့သို့ ကြုံတွေ့နေကြသည်ကိုလည်း သိရှိထားရန် လိုသည်။

နမူနာ အနည်းငယ် ဖော်ပြလိုသည်။ အိန္ဒိယနိုင်ငံ ကာလက္ကတ္တားတွင် ရေလိုအပ်ချက်ကြောင့် မြေအောက်ရေ လီတာပေါင်း သန်းရာဂဏန်း ထုတ်ယူနေရသောကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွင် နှစ်ပေါင်း ၄၀ အတွင်း ၂၀၀၉ ခုနှစ် အထိ မြေဧရိယာ ဟက်တာ ၁၆,၃၀၀ ခန့် ကွယ်ပျောက်ခဲ့ရသည်။

မြေအောက်ရေ စုပ်ယူသုံးစွဲမှုနှင့် မြစ်ဝကျွန်းပေါ်၏ အလေးချိန်ကြောင့် ဖိအားပိုများလာပြီး မြို့များသည် တစ်နှစ်လျှင် ၂ စင်တီမီတာနှုန်းဖြင့် ကျွံကျလာကြောင်း ကျွမ်းကျင်သူများက ပြောသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့သည်လည်း ထိုပြဿနာနှင့် ရင်ဆိုင်ခဲ့ရပြီး မြို့တော်ကို နေရာပြောင်းရွှေ့ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
ထို့အပြင် ပင်လယ်အောက်သို့ နစ်မြုပ်နိုင်သော ကျွန်းနိုင်ငံများကလည်း ကြိုတင်ကာကွယ် ပြင်ဆင်မှုများ လုပ်ခဲ့ကြသည်။ ၎င်းကျွန်းနိုင်ငံများတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထူးလုပ်ဆောင်ခဲ့သည်။ ကမ္ဘာ့နိုင်ငံများနှင့် လက်တွဲ၍လည်း ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလာမှုကို တိုက်ဖျက်ခဲ့ကြသည်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံကြီးများတွင် တင်ပြဆွေးနွေးခဲ့ကြသည်။
ထိုနိုင်ငံများမှ ခေါင်းဆောင်ကြီးများက ရဲဝံ့ပြတ်သားပြီး ၎င်းတို့ကိုယ်တိုင်လည်း တွန်းတွန်းတိုက်တိုက် လုပ်ဆောင်ခဲ့ကြသည်။ ပြည်သူများ အပါအဝင် အဖွဲ့အစည်းများကလည်း အစိုးရနှင့်အတူ ပူးပေါင်း ပါဝင်ခဲ့ကြခြင်းဖြစ်သည်။

ထိုကဲ့သို့ ဆောင်ရွက်ခဲ့သူများထဲမှာမှ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မော်လ်ဒိုက်ကျွန်းနိုင်ငံ သမ္မတ မိုဟာမက်နာရှစ်အကြောင်း အနည်းငယ် ပြောချင်ပါသည်။
သမ္မတ မိုဟာမက်နာရှစ်၏ မော်လ်ဒိုက်ကျွန်း နိုင်ငံလေးသည် ပင်လယ်အောက်သို့ နစ်မြုပ်ရမည့်ဘေးနှင့် ရင်ဆိုင်နေရသည်။ ထို့ကြောင့် သမ္မတနာရှစ်သည် တစ်နေ့တစ်ခြား မြင့်တက်လာသည့် ပင်လယ်ရေ မျက်နှာပြင်အောက်ကို နစ်မြုပ်တော့မည့် မော်လ်ဒိုက်နိုင်ငံလေးအတွက် ကြိုတင်ကာကွယ် ပြင်ဆင်မှု အများအပြား လုပ်ဆောင်ခဲ့သည်။

သူသည် မော်လ်ဒိုက်နိုင်ငံ ပင်လယ်ရေအောက် မရောက်အောင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသည့် နည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဓိကအားဖြင့် ယခင်က ရှိခဲ့သည့် သန္တာကျောက်တန်းများကို ကာကွယ်ထိန်းသိမ်းခဲ့သည်။

“ အရင်ဆုံး သန္တာကျောက်တန်းတွေကို ကာကွယ်နိုင်ရင် လူတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်မယ်။ အပင်နဲ့ ကုန်းမြေတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်မယ်။ ဒီနည်းလမ်းကို ကမ္ဘာက သိအောင် နမူနာပြနိုင်ရမယ်”ဟု နာရှစ်က ကြွေးကြော်ပြီး လုပ်ဆောင်ခဲ့သည်။
ထို့ကြောင့်ပင် နာရှစ်ကို အင်မတန် အတုယူဖွယ်ကောင်းသည့် သမ္မတတစ်ဦးအဖြစ် စာရေးသူ မှတ်မိနေခဲ့သည်။ ထိုကဲ့သို့သော နိုင်ငံ့ခေါင်းဆောင်မျိုးကိုလည်း မျှော်လင့်မိပါသည်။

မြန်မာနိုင်ငံတွင် ကမ်းရိုးတန်းဒေသများကို အဓိက ကာကွယ်ပေးနေသော ဒီရေတောများ အဆမတန် ပျက်စီး ဆုံးရှုံးနေရခြင်း၊ သန္တာကျောက်တန်းများ ပျက်စီးခြင်း၊ ပင်လယ်မြက်နှင့် ဂေဟစနစ်များ ဆုံးရှုံးခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေး အမည်ခံ လုပ်ငန်းများ ကျယ်ပြန့်လာခြင်းများနှင့် ရင်ဆိုင်နေရသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးခြင်း၊ ရာသီဥတု ပြောင်းလဲခြင်း၊ သယံဇာတများ ဆုံးရှုံခြင်း၊ ပင်လယ်၊ မြစ် ချောင်း အင်း အိုင်များ ညစ်ညမ်းခြင်း၊ မြေအောက်ရေများ လျော့ကျခြင်းများနှင့် ကြုံတွေ့နေရပြီး ထိုဖြစ်စဉ်များသည်လည်း ကမ်းရိုးတန်းဒေသများအပေါ် သက်ရောက်မှု ပြင်းထန်ခဲ့သည်။
ထိုအချက်များသည် ကမ်းရိုးတန်းဒေသများကို ပင်လယ်ရေအောက်သို့ ရောက်ရှိစေရန် တွန်းပို့နေသည့် အကြောင်းအရာများပင်ဖြစ်သည်။ ထိုအချက်များကို ပညာရှင်များ အကြိမ်ကြိမ် ပြောခဲ့ပြီးသား ဖြစ်သကဲ့သို့ စာရေးသူလည်း ဆောင်းပါးများတွင် အကြိမ်ကြိမ် ရေးပြီးသား ဖြစ်သည်။

အချုပ်အားဖြင့် ဆိုရလျှင် ၂၀၅၀ ဟူသော ကာလသည် နောက်ထပ် နှစ်ပေါင်း ၂၈ နှစ် အကြာတွင် ရောက်လာ တော့မည် ဖြစ်သည်။ ထိုကာလတွင် စာရေးသူတို့ အရွယ်နှင့် စာရေးသူတို့ အရွယ်ထက်ကြီးသော လူများ ဆက်လက် ရှိနေမည်၊ မရှိမည် မသေချာသော်လည်း စာရေးသူတို့၏ မျိုးဆက်များကတော့ သေချာပေါက် ရှိနေမည် ဖြစ်သည်။
စာရေးသူတို့ လက်ထက်တွင် လုပ်နိုင်သည်များ၊ ထိန်းသိမ်းနိုင်သည်များကို မလုပ်ခဲ့၊ မထိန်းသိမ်းခဲ့သဖြင့် အနာဂတ် မျိုးဆက်များ လက်ထက်တွင် ကမ်းရိုးတန်းဒေသများ ရေအောက်နစ်မြုပ်သွားရမည်ဆိုလျှင် စာရေးသူတို့ တရားပါ့မလား။တာဝန်ကင်းပါမလားဟု စစ်ကြောမိသည်။

လူကြီးများက လူငယ်များကို ဘေးန္တရာယ် ဒုက္ခများကြားတွင် သေချင်သေ၊ ကြေချင်ကြေ၊ ဖြစ်ချင်တာဖြစ်ဆိုပြီး ထားခဲ့ကြမှာလားဟုစဉ်းစားမိသည်။ စဉ်းစားချင့်ချိန်ပြီး အနာဂတ်မျိုးဆက်အတွက်၊ အနာဂတ် မြန်မာနိုင်ငံအတွက် လုပ်သင့် လုပ်ထိုက်သည်များကို တတ်စွမ်းသမျှ လုပ်ဆောင်ကြရန်လိုပါသည်။
ကမ်းရိုးတန်းဒေသများ ရေအောက်ရောက်ရမည့် အန္တရာယ်သည် စကားသက်သက်၊ စာရွက်စာတမ်း ထုတ်ပြန်ချက်သက်သက် မဟုတ်ပေ။ ယခုအခြေအနေအတိုင်း ဆက်သွားနေလျှင် နှစ်အနည်းငယ်အတွင်း မြန်မြန်ဆန်ဆန် ဖြစ်လာမည့် အန္တရာယ်တစ်ခုပင် ဖြစ်သည်။
ယင်းအန္တရာယ်ကို ကာကွယ်တားဆီးရန် (သို့မဟုတ်) လျော့ကျစေရန် လုပ်ဆောင်ရမည့် အကြောင်းအရာများကို အထက်တွင် စာရေးသူ ဖော်ပြထားပြီး ဖြစ်သည်။

ထို့အခြေအနေများကြောင့် နိုင်ငံတော်အစိုးရ အပါအဝင် သက်ဆိုင်ရာ ပညာရှင်များ၊ အဖွဲ့အစည်းများ ပူးပေါင်းဆွေးနွေး အဖြေရှာပြီး ကမ်းရိုးတန်းဒေသများ ရေအောက်နစ်မြုပ်မှု မဖြစ်စေရေး အတွက် ကြိုတင် ကာကွယ်မှုများကို အရေးပေါ် ဆောင်ရွက်ရန်အကြံပြုတိုက်တွန်းလိုပါသည်။
ထို့သို့ဆောင်ရွက်ရာတွင် ဟန်ပြ မဟုတ်ဘဲ လက်တွေ့ကျကျ၊ ထိထိ ရောက်ရောက် ဆောင်ရွက်သင့်သကဲ့သို့ ပြည်သူများဘက်ကလည်း တတ်နိုင်သည့်ဘက်မှ ပူးပေါင်းကူညီ ဆောင်ရွက်ရမည်ဟု ထပ်ဆင့်အကြံပြုတိုက်တွန်းလိုက်ပါသည်။

မင်းချစ်နိုင်- နိုဝင်ဘာ ၉၊ ၂၀၂၂

About The Author

greenness_mm

No Comments

Leave a Reply