ရွှေတိဂုံဘုရားမှာ ဘာကြောင့် ရေကြီးရတာလဲ

ရွှေတိဂုံဘုရားမှာ ဘာကြောင့် ရေကြီးရတာလဲ

အဲ့ဒါနဲ့ပတ်သက်ပြီး လက်ဖက်ရည်ဆိုင်မှာ လူနှစ်ယောက်က သူတို့ထင်မြင်ချက်တွေကို အပြန်အလှန်ပြောနေကြပါတယ်။ မြန်မာပြည်အနေအထားကလည်း ပညာရှင်ဆိုသူတွေတောင် ထင်မြင်ချက်နဲ့ပြောနေကြရတာမဟုတ်လား။ တချို့ သိရင်တောင် အသံမထွက်ရဲကြဘူးလေ။ ထားပါတော့၊ လူနှစ်ယောက်တော့ သူတို့ထက်မြင်ချက်ကို အရှိကိုအရှိအတိုင်းပြောနေကြပြီ။ ကျနော်လည်း စိတ်ဝင်စားလို့ နားထောင်နေမိတယ်။
ပထမလူ။ ။ ရွှေတိဂုံဘုရားမှာ ဘာကြောင့် ရေကြီးရတာလဲဗျ။
ဒုတိယလူ။ ။ ရေကြီးတာမဟုတ်ဘူး၊ ရေလျှံတာပါကွ။
ပထမလူ။ ။ ဟုတ်ပါပြီ၊ ရေလျှံတာဆိုရင်လည်း ဘာကြောင့် ရေလျှံရတာလဲကွာ။ မင်း တစ်သက် ငါ့တစ်သက် ကြုံဖူးလို့လား။
ဒုတိယလူ။ ။ ဟုတ်တယ်။ ငါ တစ်ခါမှမကြုံဖူးဘူး။
ပထမလူ။ ။ အေး မကြုံဖူးဘူး။ အခုဟာက ရုပ်ပျက်ဆင်းပျက်ကွာ။ ဗီဒီယိုဖိုင်ထဲမှာ ရေတွေက စောင်းတန်းတစ်လျှောက်စီးဆင်းကျလာတာ။ မြင်မကောင်းဘူး။ အဲ့ဒါ ဘာကြောင့်လဲ ငါသိချင်တာ။ မင်းက အဲ့နယ်ပယ်မှာ တီးမိခေါက်မိရှိလို့ မေးတာပါ။ ငါလည်း လက်လှမ်းမီသလောက် လိုက်ကြည့်ပါတယ်။ ပညာရှင်ဆိုသူတွေ အသံမထွက်ကြဘူး။ ဒီကိစ္စကို ပညာရှင်အမြင်နဲ့ ပြောလိုက်ရင် ရာဇဝတ်မှုမြောက်လို့လား။
ဒုတိယလူ။ ။ ငါမပြောချင်တော့ဘူးကွာ။ မင်းပြောတဲ့ ပညာရှင်ဆိုသူတွေက ရှိကောရှိလို့လား။
ပထမလူ။ ။ အေးပါကွာ၊ အဲ့ဒီပညာရှင်ဆိုသူတွေကို ထားလိုက်ပါတော့။ ဘယ်လောက်ပဲ ပညာတွေတတ်နေပါစေ.. အရေးအကြောင်းဆိုရင် ပြည်သူအရှေ့ရောက်မလာသူတွေကို ပညာရှင်လို့ ခေါ်မနေနဲ့တော့။ မင်းပဲပြောတော့ကွာ။ မင်းက ငါ့အတွက်တော့ ပညာရှင်ပါပဲ။
ဒုတိယလူ။ ။ အဲ့လိုတော့ မပြောပါနဲကွာ။ ပညာရှင်ဆိုတာ ဘွဲ့ဒီဂရီ၊ ဒေါက်တာဘွဲတွေ၊ ဘာညာ သာရကာ အမြီးတွေ ပေါက်နေမှ ပညာရှင်လို့ ခေါ်တာဟ။ ငါ လူပြိန်းတစ်ယောက်အမြင်နဲ့ ပြောကြည့်မယ်။ ရွှေတိဂုံဘုရားမှာ ရေလျှံရတာ
ရွှေတိဂုံရဲ့ သက်ဆိုင်ရာလူကြီးတွေ အလုပ်မလုပ်လို့။ လူကြီးတွေ အလုပ်မလုပ် စီမံခန့်ခွဲမှုညံ့တော့ လက်အောက်ငယ်သားတွေ ရေသာခို အချောင်လိုက်မယ်။ လုပ်ရမယ့်အလုပ်တွေကို လူမြင်ကောင်းရုံ၊ တာဝန်ကျေရုံ လုပ်ကြလို့ပဲ။ နောက်ပြီး အထက်လူကြီးတွေကလည်း မလုပ်သင့်တာတွေ လုပ်ခဲ့ကြလို့ပဲ။
ပထမလူ။ ။ မင်းပြောတာတွေနဲ့ ရေလျှံတာ ဘာဆိုင်လို့လဲဟ။ မင်းပြောမှ ရှုပ်ကုန်ပြီ။
ဒုတိယလူ။ ။ ဆိုင်တာပေါ့ကွ။ ပထမဆုံးပြောရရင် ရွှေတိဂုံရဲ့ ရေနှုတ်မြောင်းစနစ်တွေက ကြိုက်သလောက်မိုးရွာ ရေမလျှံနိုင်ဘူး။ အခုက မိုးဒီလောက်ရွာတာနဲ့ ရေလျှံပြီဆို‌တော့ ‌စဉ်းစားစရာတွေ များရပြီ။
ရွှေတိဂုံရဲ့ ရေနှုတ်မြောင်းတွေ ပိတ်ဆို့နေပြီလား ။ နောက်ပြီး အခုဟာက တောင်ဘက်မုခ်မှာ ဖြစ်သွားတာ။ တောင်ဘက်မုခ်မှာကလည်း အဆောက်အအုံတွေ တိုးချဲ့ ဆောက်ထားတာတွေ ရှိတယ်။ ရှိသင့်တဲ့ အ‌ခြေအနေထက်တိုးဆောက်ထားတာတွေပေါ့။ ဒါတွေကပဲ ရေနှုတ်မြောင်းစနစ်တွေ ပိတ်ဆို့စေတာလား။ အမှန်ဆိုရင် ဒါတွေကို သက်ဆိုင်ရာ လူကြီးတွေက ကျွမ်းကျင်ပညာရှင်တွေကို စနစ်တကျ ခိုင်းရမှာ။ သန့်ရှင်းရေးလုပ်သား‌တွေက အမှိုက်ရှင်းရင်ပြီးရော လုပ်ခဲ့လို့ ရေနှုတ်မြောင်းတွေ ပိတ်ရတာလား။
ဒါတွေတော့ သေချာလေ့လာပြီး ပြင်ဆင်ဖို့ လိုတာပေါ့။ လူပြိန်းအမြင်နဲ့ ပြောရရင် ရေနှုတ်မြောင်းတွေ ပိတ်ဆို့လို့ ရေမစီးနှိုင်တော့ဘဲ စောင်းတန်းတစ်လျှောက် ရေစီးကျကုန်ရတာပဲ။ ပုံမှန်ဆိုရင် ဒီဖြစ်စဉ်က ဖြစ်ကိုမဖြစ်နိုင်တဲ့ကိစ္စပဲ။ ဒါကို မပြင်ဆင်ရင် မိုးကြီးတာနဲ့ ဒီလိုကိစ္စက ထပ်ဖြစ်ဦးမှာပဲ။ ဒီလောက်ပဲ ငါပဲပြောတတ်တယ်။ ကျန်တာတော့ ပညာရှင်အစစ်တွေ ပြောဖို့လိုပါတယ်။
ငါက သာမန်လူဆိုတော့ လူပြိန်းအမြင်ပဲ သိတာပေါ့ကွာ။ မှားရင်လည်း မှားလိမ့်မယ်။ ငါ့အနေနဲ့ ဒီလောက်ပဲ မြင်တယ်။
ပထမလူ။ ။ အေးပါကွာ၊ ဒီလောက်သိရရင်ပဲ ငါသဘောပေါက်ပါပြီ။ မင်းပြောတဲ့ ပညာရှင် အစစ်တွေ ဘာပြောမလဲ၊ ငါလည်း သိချင်သေးတယ်။
အထက်ပါ လူနှစ်ယောက်ဟာ သူတို့ပြောချင်တာ ပြောပြီး လက်ဖက်ရည်ဆိုင်ကနေ ထွက်သွားကြတယ်။ သူတို့ ထွက်သွားပေမယ့် ကျနော့်အတွေးက မဆုံးနိုင်သေးဘူး။
ရွှေတိဂုံဘုရားမှာ ဘာကြောင့်ရေကြီးရတာလဲ။ ရေလျှံရတာလဲ။ လူပြိန်းတွေ ထင်မြင်တာတွေ ပြောနေတာထက် ပညာရှင်တွေ ပြောတာကြားချင်နေမိတယ်။ နောက် ဒီလို ရုပ်ဆိုးတဲ့ဖြစ်စဉ်မျိုးမဖြစ်အောင် ဘယ်လိုတွေ လုပ်ဆောင်ကြမလဲဆိုတာကိုလည်း သိချင်နေမိတယ်။
ရွှေလက်

About The Author

greenness_mm

No Comments

Leave a Reply