#မြောက်ဦး

– ရင်အုံပေါ်မှာ အီကွေတာ ကခုန် ကျောရိုးထဲ ၀င်ရိုးစွန်း ပုန်းနေတဲ့မြို့။ မန္တလေးကို စာဖွဲ့တဲ့ ကစ်ပလင်း မသိ ပုဂံကို စာဖွဲ့တဲ့ ဇော်ဂျီ မသိတဲ့ ငါ့မြို့လေ။ – မီးလောင်ပြင်ထဲက မီးသွေးထက်၀က်အိမ်တိုင်တွေလို မိုးခေါင် ဆိုက်ကပ်တဲ့ခါ မြေမှာဒူးထောက် ကောင်းကင်ကို တိုင်တည်တဲ့ ကမ်ဘာဦး လူသားတွေလို မြို့ရိုး တံတိုင်းပျက်တွေနဲ့ ငါ့မြို့၊ သားမြတ်ပုံ တောင်မြေမို့မို့တွေအောက်မှာ ရာဇ၀င်နို့ရည်တွေ စမ်းဖြစ်နေတဲ့မြို့၊ ၁၈ ရာစု တီကောင်တွေ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်နေတဲ့မြို့၊ ငါ့မြို့လေ ငါ့မြို့အစစ်ပါ။ – ဓနိရည်ပေါတယ် ခြင်ပေါတယ် ဆင်းတုတော် အကျိုးအပဲ့တွေ ပေါတယ် စေတီပျက် ပုထိုးပျက်တွေ ပေါတယ် သဇင်ဥတွေ ရှားလွန်းပြီ ကြိုးကြာတွေ ပြုန်းလုပြီ ဂျပန်စာလို အင်တင်နာတွေ ပိုလာရဲ့ […]

တောင်သမန်

သစ်သားတိုင်လုံးတွေက အတိအကျဝေးနေကြတာလား အင်းရေပြင်နဲ့သိပ်မဝေးချင်လို့ တံတားပေါ်ကဖြတ်မလျှောက်ခဲ့ပါဘူး တိမ်တွေကငုံ့ကြည့်နေမှန်းသိတော့ တိမ်တွေကိုလည်းမော့မကြည့်မိ ကောင်းကင်မှာကြယ်တွေဝှက်ထားမှန်းသိတယ် ဖြစ်ပြီးပျက်တတ်သဘောတရား ဦးပိန်ကဦးပိန် တံတားကတံတား ကန်ရေပြင်နာကျင်လေမလား ကြင်နာသောအတွေး လှေကိုတိုးတိုးလေးသာလှော်မိတယ် လင်းမွန်ခ ဓာတ်ပုံ ခရက်ဒစ်

* နွေတကျော့ *

သစ်ရွက်ဝါတဲ့ရာသီ အမျှော်စိုက်နေပုံများ လည်ပင်းညောင်ရေအိုးဖြစ် သပြေပင်လေးတောင်တော်တော်ကြီးလာပြီ.. အချိန်မှန်ရောက်လာတဲ့ ဥဩငှက်အသံမာထန်ထန်နဲ့ လမ်းဘေးမကျီးပင်ရိပ်က ရေချမ်းစင်မှာရေတွေဖြည့်ကြ… လက်ပံတွေတောင်ဖူးပြီလေ အနီရောင်တွေကြဲချမလို့တဲ့..။ #ကိုစိမ်းလန်း 19.1.2022,am

ငှက်ကလေးတွေ

မိုးကိုမောင်းထုတ် ဆောင်းသရုပ်ထဲ နှင်းအကွဲမှာ မင်းလည်း ငါ့ရှာ ငါလည်း မင့်လွမ်း ပြန်ဆုံခန်းကို တောပန်းမွှေးရီကြိုပါစေ… မောင်စိန်ဝင်း(ပုတီးကုန်း)

လျှို့ဝှက်ချက်

နေ့လယ်ခင်းမှာ နှင်းကျတယ်လို့ သတင်းစကားကြားရလို့ ပြတင်းပေါက်ကို ဝမ်းသာအားရ ငါ ဖွင့်မိလိုက်တယ်။ နှင်းနဲ့တူတဲ့အရာ ဆိုလို့ ဘာမှမတွေ့ အဲ့လို လိမ်ခံရပေါင်းလည်း များပြီ ငါဟာ လူအချို့ရဲ့ သဲ့သဲ့စကားသံကိုသာ လမ်းပေါ်တွေက ကားတွေပေါ်မှာ အမြဲ ကြားနေရတယ်။ လူစိမ်းတွေ အချင်းချင်း ပုံမှန်နေ့တွေထဲ ကိုယ် နဲ့ သူ ဘယ်သူဘယ်ဝါ မိတ်ဆက်မအားဘဲ ဘဝခရီးကို တိတ်တဆိတ် ဖြတ်သန်းသွားလာနေကြရဲ့။ ပြီးခဲ့တဲ့ နှစ်ကလည်း နှင်းကျတယ် သတင်းကြားလို့ ပြတင်းပေါက်ကို ငါ ဖွင့်ကြည့်မိသေးတယ် ကိုယ် ဘာဖြစ်ချင်မှန်း မသိဘဲ ကိုယ့်ကိုကိုယ် လိမ်ညာဖို့ အမြဲကြိုးစားတဲ့ လူငယ်လေးတစ်ယောက်ရဲ့ အထီးကျန်ပြတင်းပေါက်ပေါ့။ ။ #ကန္တာရမိုးစက် ၂.၁.၂၂

ကမ်းခြေ

လှိုင်းတွေကိုမျဉ်းတားကြည့်တော့ မီးခိုးတွေ အူထွက်လာတယ် သောင်ပြင်ထက်က သဲဖွေးဖွေးတွေမက ဘဝမ်ားစြာ ကျင်လည်လည်ခဲ့လေသလား တိမ်တွေရဲ့တေးသွား လှိုင်းတွေကြား နေဝင်ဆည်းဆာတွေရော လှခဲ့လေသလား ပင်လယ်ရေဘယ်သူသောက်သောက် ပင်လယ်ရေ ဘယ်သူသောက်မလဲ ကျယ်သလောက် ကျယ်စမ်းပင်လယ် ပိုကျယ်လောင်တဲ့ အသံနဲ့အော်ကြည့်လိုက်မယ် အငှားခန္ဓာထဲ ဝင်ကစွပ်လေးတို့ရေ လောင်ကျွမ်းစွာ မရယ်လိုက်ပါနဲ့ အားလုံးဟာ အနွမ်းပြေပြေ မပြေပြေ အိမ်ပြန်ရမယ့် ဧည့်သည်တွေ… လင်းခ(မော်လမြိုင်)

ရိုင်းတဲ့မြစ်

နွေဦးရဲ့သောင်ခပ်မှုထဲ မြစ်ဝမှာ ခေါင်ရေဆုတ်တော့ သောင်လွဲကမ်းများ အစီအရီပေါ်လို့ ဒီရိုက်သံချိုအလင်္ကာမှာ ရိုးရေစစ်ပြီ နဒီ။ ကြည့်စမ်းပါဦး လတာနုန်းပြင် မဲကျံလိမ်းလျက် ဆူးခက်တင်ရင်း ဒီမျှော်ဆင်းသည် မျက်နှာမွဲချို ကပ်ပါးအိုလဲ ကမ်းပျိုငယ်ဝယ် လှေငယ်ခေါင်ထီး နေစောင်းပြီးလျှင် နဒီလွမ်းတေးဖွဲ့မိသည်။ ကေဇော်မိုး

အမာရွတ်

သစ်ပင်တွေက မနုပျိုတော့တာကလွဲရင် အရင်တုန်းက နာမည်တွေအတိုင်းပဲ သီးမြဲ ပွင့်မြဲ လှမြဲ စိမ်းမြဲ စကားပြောရင် အဲဒီတုန်းကလို့ ထည့်ထည့်ပြောရတယ် တချို့အရာတွေက မရှိတော့ဘူး မရှိတော့တဲ့အထဲ ကိုယ့်ငယ်ရွယ်မှုပါ ပါသွားတယ် ရေဆင်းချိုးခဲ့ဖူးတယ် ဆိုတဲ့အဖြစ်နဲ့ ဓားထစ်ပြီး မှတ်သားထားခဲ့တဲ့ မြစ်ရေတွေဟာ အထစ်အငေါ့မရှိ စီးဆင်းသွားပေါ့ ရေတိုက်စားခြင်းခံရတဲ့ ကမ်းပါးတွေသာ ငေးကျန်ရစ်ခဲ့ ။ ။ #စိုးခိုင်ညိမ်း illustration-Amadeus

ပွင့်နှစ်သွယ်

ကောက်ယဉ်နှင့် ခွာညို မိမိငယ် ဘယ်ဟာကြိုက်တယ် မေးလိုက်ပါဆို။ ငွေနှင်းက စိုစိုမွာ ခွာညိုက ယဉ်ကြော့။ ကောက်ယဉ်ဆန်းပြန်တော့ ဘယ်ပန်းရယ် မယ်မရွေးနိုင်ဘူး ပွင့်နှစ်သွယ် ဆင့်သွယ်ထွေးကာ မွှေးမိပြီပေါ့။ ။ #နုယဉ်

နှင်းကျနေခြင်း

ရေဒီယိုအစီအစဉ်မှာ နှင်းများကျနေခြင်းကို မီးလောင်ခြင်းသတင်းက ဖုံးလွှမ်းသွားတယ်။ လောကဓံရှစ်ပါးထက် ပိုတဲ့အပူပဲ အခြားသူတွေဆိုသော်ငြား ကိုယ့်စိတ်ထဲထိ ကူးစက်လောင်ကျွမ်းတယ်။ သဘာဝရဲ့အေးစက်ခြင်းကို မဖွဲ့နွဲလိုတော့ပါ နှင်းတွေရဲ့အပူကို အလွမ်းနဲ့ ငြိမ်းသတ်နေရတယ်   ပိုင်သစ်နွယ် 8:17AM Wed, Dec.29.2021 Photo-#crd

Page 2 of 10
1 2 3 4 5 6 7 8 9 10