ရှေးရှေးတုန်းက စကားဝါ

အရိပ်စိမ်းစိမ်းမွာ အေးမြနေတဲ့တောင်တန်းက မွှေးတယ် လမ်းကြုံရင် ဝင်ခဲ့ပါဆိုလို့ လမ်းမကြုံနိုင်တဲ့ငါ့မွာ ငေးရုံသာငေးနေရ အေဝးက အတိတ်ဘုံမွာ အဆွေးပန်းတွေ ဝေနေမလား ဘုရားစင်ထက် အလုံပိတ္ခံထားရတဲ့ ပုလင်းထဲက စကားဝါတွေ တောင်ကို ပြန်ရဖို့ ဝေးခဲ့ပါတယ် ။ ။ ခိုင်သွေးကို 12: 20 AM Jun. 29. 2019  

မိုးရာသီ

နေ လေ ပင်လယ် မိုးတိမ်နှင့်ကမ္ဘာ အသံရှာနေတာကို ကြိုက်တယ်။ ရေတွေ အလုပ်များတဲ့ရာသီ တောတွေ ထကတဲ့ရာသီ ငေးရတယ်။ ပန်းပွင့်တွေနေရာမှာ ပန်းတွေရောက်လာပြီ ချုိင့်ခွက်လေးက ရေအိုင်လေးလို နေထိုင်ပြီ။ ပန်းတွေကြားက ပိုးတွေ ပျုိးပင်တွေကြားက ပေါင်းတွေ မြက်ခင်းတွေကြားက ခြင်တွေ သူပုန်မဆန်ချင်ပါနဲ့။ အဝါနေရာအဝါ အစိမ်းနေရာအစိမ်း အနီနေရာအနီ မိုးရာသီအလံ အသံမှန်ပါစေ။ ။   ဆောင်းခူးလက်  

မီးကိုတွေ့ရှိသူများ

ကမ္ဘာကိုလောင်မယ့်မီး ကမ္ဘာထဲနေပြီးမွှေးမိသလိုပေါ့ တောကိုသတ်ပြီးတောင်ကိုဖြတ်ခဲ့ လေကိုမှိုင်းပြီး၊ရေကိုရိုင်းစေခဲ့ နည်းပညာထဲကထွက်လာတဲ့ အဆိပ်ကိုလွယ်ပြီး သဘာဝအရိပ်ကိုပယ်ခဲ့တာ ပညာအဟုန်ကစားတဲ့ မနုသဘုံသားတွေပေါ့ ကွန်ကရစ်လွင်ပြင်ကတက်လာတာ မောင်းသူမဲ့ယာဥ်ပျံတစ်စင်းပဲ ပြုန်းနေတဲ့စားကျက်ကပြေးလာတာ မျိုးတုံးလုလုသတ္တဝါတစ်ကောင်ပဲ ပင်လယ်ကသူ့လှိုင်းတွေကိုပင့်တင်နေပြီ လေကကောက်နှံခင်းတွေရိုက်ချိုးမယ့် သူ့မုန်တိုင်းကိုနှိုးပြီ ဓါတုဗေဒဆေးနဲ့ဝင်းမှည့်နေတဲ့သစ်သီးက လူ့ခန္ဓာကိုမြည်းနေပြီ ရေခဲရိုက်ထားတဲ့အခန်းထဲကလူကတော့ စက်ခလုပ်ခုံကနေဒရုန်းကိုထိန်းပြီး ကမ္ဘာကိုဗုံးကြဲနေလေရဲ့။   စစ်ငြိမ်းမိုး  

တမာတွေရဲ့ ပခုက္ကူ

ဒီပွဲမှာ တမာပင်ကြီးတွေ အောင်ပွဲခံခဲ့တယ် လမ်းဘေးဝဲယာက အရိပ်ရ လေသန့် ခန့်ညားတဲ့ တမာပင်ကြီးတွေအတွက် နှစ်ဖက်​ဆွေးနွေးကြတယ် နှစ်ဖက်လုံးက မြို့ပြဖွံ့ဖြိုးရေးဘဲ အတွေး နဲ့စိတ်ကူးတွေမှာ ကိုယ်ကျိုးအတ္တမပါကြ အ ဒေါသ အ မာန တွေးပုံ တွေးနည်းတွေက စဉ်းစားပုံ စဉ်းစားနည်းတွေက ကွဲပြားကြ ခြားနားကြမယ် ငြင်းကြ ခုန်ကြရမယ် ရလဒ်နဲ့ ပန်းတိုင်က မရွေ့ မစောင်းတဲ့အခါ ငါမှမှန် သူကမှား ငါ့စကားနွားရတွေကို ခွချထားနိုင်တဲအခါ တမာပင်ကြီးတွေ နိုင်ခဲ့တယ် တမာပင်ကြီးတွေ နိုင်ခဲ့ ဆိုသော်လည်း နှစ်ဖက်လုံးကလည်း မရှုံးခဲ့ ဝင်း-ဝင်း အနေထားမှာ အချင်းချင်းလည်း ကြွေသွားတယ် ပခုက္ကူ ရဲ့ တမာလမ်း သီအိုရီဟာ ပင်လုံဆီလဲရောက် ဧရာဝတီဆီလဲရောက် နောင်ယားကန်လဲရောက် ကန်သုံးဆင့်လဲရောက် ရောက်သင့်တယ် “တမာတွေပွင့်ပြီ […]

အောက်တိုဘာ

  မြို့ဟာ မြင်ကွင်းထဲ တစ်နေကုန်လှုပ်နေတယ် ဝရံတာက သစ်ပင်လေးတွေကြည့်ရင်း ငါက ငြိမ်နေတယ်။ ငှက်တွေကိုကြည့်ရင်း မင်းဆီ ပျံနေမိတယ် ကားလမ်းကို ဖြတ်မကူးပဲနဲ့ မင်းဆီ ကူးလာနေမိတယ် ။ ပင်လယ်ထဲ မြစ်တွေနဲ့ချောင်းငယ်တွေ ငါတို့ပစ်ထည့်ခဲ့ ကျောက်တုံးနဲ့ငါးတွေ စိုက်ပျိုးခဲ့ အချစ်ဆိုတာ ငါ့အခန်းတံခါးကို ဖွင့်ဝင်ရတဲ့သော့ပဲ။ လူတိုင်းက ရောဂါပိုးကိုကြောက်နေကြတယ် ငါက မင်းမချစ်မှာကိုပဲ ကြောက်တယ်။ အောက်တိုဘာဟာ နွေရာသီကိုထားခဲ့ပြီး ဆောင်းဦးပေါက်ကိုသယ်လာခဲ့ ငါက “မီး” နဲ့ တိုက်ပွဲဝင်ခဲ့ ။ လူတိုင်း အနာဂတ်ဆီသွားနေကြတယ် ငါက မင်းဆီကိုလာနေတယ်။ ။   ဆောင်းဝေ (နတ်မောက်) October, 4, 2020  

သစ်တစ်ပင်၏ သမိုင်း

နေလေဒဏ်အောက် သူမကြောက်ဘူး ထမြောက်ရှင်သန် ခဲ့လေပြီ။ သူလာရာလမ်း ပြန်ကာတမ်းသော် ဇာတ်လမ်းအစ တွေ့ရမည်။ မျိုးစေ့ကိုပျိုး ချစ်မြတ်နိုး၍ စိုက်ပျိုးခဲ့သူ ရှိလိမ့်မည်။ ပေါင်းသင်ရေလောင်း အားအင်ပေါင်း၍ ထပ်လောင်းပျိုးသူ ရှိလိမ့်မည်။ ခက်လက်ဝေဆာ အရိပ်သာအောင် ပြုကာပြင်သူ ရှိလိမ့်မည်။ ခုတ်ထစ်ဖြတ်တောက် ထင်းမရောက်ဘို့ စောင့်ရှောက်ခဲ့သူ ရှိလိမ့်မည်။ သစ်တစ်ပင်အား ရှင်သန်သွားဖို့ လူသားများစွာ လိုပါသည်။ အောင်ကိုထိုက် (အရာတော် )

ဇာတိ

အမေရိကမှာ မစ္စစ္စပီမြစ်ကြီးလှသလို ငါတို့ဆီမှာ ဧရာ၀တီမြစ်ကြီးသိပ်လှတယ်။ ဧရာ၀တီကိုမင်းမစွန့်ခွာပါနဲ့။ ပြင်သစ်မှာ နိုက်တင်ဂေးလ်ငှက်ကလေးတွေလှသလို ငါတို့ဆီမှာ နွေဥဩကလေးတွေသိပ်လှတယ်။ နွေဦးကိုမင်းမစွန့်ခွာပါနဲ့။ ဂျပန်မှာ ဖူဂျီယာမတောင်ကြီးလှသလို ငါတို့ဆီမှာ ရိုးမတောင်ကြီးသိပ်လှတယ်။ ရိုးမကိုမင်းမစွန့်ခွာပါနဲ့။ ကနေဒါမှာ မေပယ်လ်ရွက်ကလေးတွေလှသလို ငါတို့ဆီမှာ ပိတောက်ခက်ကလေးတွေသိပ်လှတယ်။ ပိတောက်ကိုမင်းမစွန့်ခွာပါနဲ့။ ချောချောမွေ့မွေ့ အဆင်ပြေပြေ လွယ်လွယ်ကူကူမဟုတ်ပေမယ့် မင်းရဲ့အလံတော်ကို မင်းစိုက်ထူနိုင်တဲ့နေ့အထိ ဒီမြေကို မင်းလုံး၀မစွန့်ခွာနဲ့။ မိုဃ်းဇော် T. Club လူငယ်မဂ္ဂဇင်း၊ဒီဇင်ဘာ၊၂၀၁၂ ခုနှစ်။ ဓာတ်ပုံ-MCN

နံနက်ခင်း

အိပ်မက်တွေအစား အောက်စီဂျင်ကိုငါရှူသွင်းလိုက်တယ်။ အလွမ်းအမောတွေအစား ပီအိတ်ချ်ဆဲဗင်းကိုငါမော့သောက်လိုက်တယ်။ အချစ်သီချင်းတွေအစား မိုင်ခြောက်ထောင်ကျော်အဝေးပြေးလမ်းပေါ်က ဟာလီဒေဗစ်ဆန်မော်တော်ဆိုင်ကယ်ကြီးတွေရဲ့ အင်ဂျင်စက်သံကို ငါအရသာခံလိုက်တယ်။ မပြီးသေးတဲ့ ခရီးကိုဆက်ဖို့ ပြီးခဲ့တာတွေထားလိုက်တော့ အရှုံးတွေကို အမှိုက်ပုံးထဲထည့်လိုက်တော့ ဘလက်ကော်ဖီခွက်ထဲမှာ မနက်ကြယ်ကတောက်ပလို့ ကျားသစ်တစ်ကောင်လို ကမ္ဘာထဲငါခုန်ချလိုက်တယ်။ ။ မိုဃ်းဇော် ပိတောက်မြေမဂ္ဂဇင်း၊၂၀၀၆ခုနှစ်။

ဆောင်းဦးပုံပြင်ထဲက နှင်း

လမ်းမီးတိုင်ရဲ့ အလင်းအောက် ပိုးစိမ်းကောင်တွေ ပ် ံနေလေရဲ့ ဆောင်းဦးပေါက်နေ့ရက်တွေ မရောက်ခင်ထိ မိုးမှုန်တွေ ဖြဲဖြဲက် နေအုန်းမှာလား ဆောင်းဦးပေါက်ရင် ပွင့်မယ့်ပန်းတွေထဲ အသံတွေ ထည့်ထားမယ် သူတို့တွေ ပွင့်လန်းတဲ့အခါ နှင်းရေလို့ ခေါ်ကြလိမ့်မယ် အဲဒီအခါ ပုရွက်ဆိတ်နဲ့ နှံကောင်ပုံပြင်ထဲက နှင်းတွေ ငါတို့နှလုံးသားပေါ် ကျလာဆင်းလာလိမ့်မယ် ။ #ထက်လူအောင်

ကြိုးကြာငှက်

ကြိုးကြာငှက်ကြီး လည်တံရှည်(ရှေ) ကမ်းနားစပ်မှာ ရပ်လို့နေ။ ရေတက်ရေကျ သူမအား ဝန်တင်ဝန်ချ အလုပ်များ။ ။ မင်းသုဝဏ် ရှုမ၀မဂဇင်း၊ ၁၉၈၉။

Page 8 of 10
1 2 3 4 5 6 7 8 9 10