ကောက်ရိုးနွယ်

ရွှေရောင်စပါးခင်းလေးတွေ ဘ၀နဲ့ရင်း တာ၀န်ကျေပြီးနောက် အရိုးပြိုင်းပြိုင်းပြတ်နေတဲ့ ရိုးပြတ်တောထဲက ခေါင်းထောင်ထွက်လာသူ ကန်စွန်းနွယ်လေးတွေလို အမူအရာနဲ့ ခရမ်းသွေးတစ်၀က်၊ ကျောက်စိမ်းရောင်တစ်၀က်အသားအရေနဲ့ ကျစ်လစ်လစ်ခန္ဓာကိုယ် သွယ်လျလျလေးပေါ်မှာ သေးမျှင်မျှင် အရွက်ချွန်လေးတွေကို ခပ်ကျဲကျဲ ထိုးစိုက်လို့ အားပါတဲ့ အမြစ်မွှားကလေးတွေနဲ့ ခြောက်သွေ့ကြမ်းရှနေတဲ့ မြေကို ကုပ်တွယ်လို့ ကောက်ရိုးပြတ်ပင်တွေပေါ်ကိုမှ တွယ်ကပ်နွယ်ရစ်ခဲ့သူလေ.. ‘ကောက်ရိုးနွယ်’တဲ့ ဆောင်ယွန်းစ၊ နွေရင်ခွင် ပပ်ကြားအက်နဲ့ မြက်ရိုင်းပင်တွေကြား (မိုးလည်းမလို၊ ရေလည်းမလို) နှင်းမြူလွကိုသာ ခေါင်းမြီးခြုံလို့ သူ့မျက်ရည်နဲ့သူ ရဲရင့်စွာအမောက်ထောင် ရပ်စရာမြေကြီးရှိရင် ရှင်သန်ရမယ်ဆိုတဲ့စိတ်နဲ့ ခေါင်းကိုမော့၊ ရင်ကိုကော့ နွေလေစီးကြောင်းထဲမှာ ယိမ်းနွဲ့ရင်း စိန်နားကပ်ပန်းလေးတွေ ပန်လို့.. ကျေးလက်ထမင်းဝိုင်းတွေရဲ့ဇာတ်လိုက်ကျော် ကောက်ရိုးနွယ်လေးပေါ့…။ ခေတ်ရဲ့တိုးတက်မှုတွေကြားမှာ သူ့အသက်ကလေး တိုတိုသွားရင်း ကောက်ရိုးပြတ်တွေမရှိတော့တဲ့လယ်ကွင်းတွေထဲ နစ်မြုပ်ပျောက်ကွယ်နေခဲ့ပြီလေ။ #မိုးဟိန်းထက်

ကျိန်စာ

မိုးရွာခြင်းအကျိုးတရားဆိုတာလည်း ခိုင်လုံတဲ့အကြောင်းတရားကိုယ်စီနဲ့။ လေတိုက်တော့လည်းအတူတူ။ မိုးနတ်သားလေနတ်သားဆိုတာ ညီမျှခြင်းကိုချောင်မှာထိုး ထင်ရာကိုအစိုးမရသူရယ်မဟုတ်ခဲ့ပါဘူး။ ရိုးရိုးသားသားလေးပါပဲ စဉ်းစားပါ ဆင်ခြင်ပါ ကိုယ့်မျက်နှာပေါ်ကျတဲ့တံတွေးစက်က ကိုယ်ကိုတိုင်ပက်လက်လှန်မထွေးခဲ့တာ သေချာရဲ့လား။ ခုတော့ … ကိုယ်ထိုင်တဲ့ကိုင်းကိုမချိုင်သင့်တော့ကြောင်း တဇွတ်ထိုးရာသီဥတုများ အလွဲလွဲအမှားမှားနဲ့ တို့တတွေအနားမှာလမ်းသလားရင်း နာဂစ်ဆိုတဲ့ဓာတ်ပြားဟောင်းက သတိပေးလို့တံခါးခေါက်ပြထားလေရဲ့။ ခို င် လွ င် ကောင်း ဇံ

” ကင်ညာမြေပေါ်က ပန်းရိုင်းတစ်ပွင့်” ————————————— ဒေသဥတုရာသီရဲ့အစဉ်အလာအရ “ကင်ညာ”ဟာ ပူပါတယ် ဝါကျင်ကျင် ပြစ်ခဲခဲ ဆေးသားတွေ ချယ်သထားသလို ပြန့်ကျဲနေတဲ့ အသွေးအရောင် နယ်နမိတ် ထူထူမည်းမည်း မြေသားကန္တာရတွေကြားက တိုးထွက်လာတဲ့ ပန်းရိုင်းတစ်ပွင့် (ခရစ်နှစ် ၁၉၄၀ ဧပြီလလယ်) အလယ်ပိုင်းကုန်းမြေမြင့်” ညေရီ”မှာ ရဲရင့်ထက်မြက်လှပစွာ ဖူးပွင့်ခဲ့ပါတယ် သူ့နာမည် “ဝမ်ဂါရီ မတ်ထိုင်း”တဲ့။ ကင်ညာဒေသရဲ့ ကျေးလက် မြို့ပြမြေပုံပေါ်မှာ သူ့နံရိုးတွေ စိုက်ထိုးပြီး သူ့သွေးနဲ့ ထုဆစ်ပုံလောင်း သစ်ပင်နဲ့ကမ္ဘာကြီးကို ကယ်တင်ဖို့ လိုတဲ့အကြောင်း သက်သေပြခဲ့သော “ဝမ်ဂါရီ မတ်ထိုင်း”။ လွတ်လပ်ပြီး တရားမျှတဲ့ ဗုံတီးသံ မြေပြင် သစ်ပင်တို့ရဲ့ ရှင်သန်ခွင့် ဣထ္ထိယလိင် ရပိုင်ခွင့်နဲ့ လုံခြုံ ငြိမ်းချမ်းရေး သဘာဝတရားရဲ့ စိမ်းလန်းခြင်းရသ များစွာသော အခြေခံအကြောင်းအရာတို့အတွက် […]

တောင်ပေါ်မြို့လေးရဲ့သီချင်း

ကျွဲကော်ကိုင်း မျက်မှန် ပင့်ပြီး တမြို့လုံးကို ကျော်ကြည့်လိုက်ရင် မာဖလာအတိုင်းနွေးဆဲသွေးဟာ မြောက်အရပ် ရင်ပြင်တခွင် ခဲမသွားခဲ့ဘူး ယုံကြည်သူတွေအတွက် ပုံပြင်ထက် ပိုခဲ့တဲ့ ဇာတ်လမ်းတွေ သူ့အကြောင်းကစလို့ နောက်ဆို ရှိခဲ့တဲ့ အရာတွေကိုပဲ အိပ်ယာဝင်ရင် ပုံပြင်အဖြစ်ပြောရတော့မယ် သောက်လက်စ စီးကရက်ရယ် မက်မွန်ပင်တန်း မြူခါးခါးများရယ် ပြန်ပြန်ရစ်ပြီးကြည့်ရတဲ့ ဇာတ်ဝင်ခန်းများလို နှင်းတွေကျပြီးနောက် သူဟာ မရှိတော့ပါဘူး သူရှိခဲ့တယ်ဆိုတာ တတောလုံး တတောင်လုံး တလမ်းမလုံး ဝေခိုးနေတဲ့ နှင်းတွေပါပဲ။။ ရွှေကြယ်မိုး နိုဝင်ဘာ၊ ၂၀၂၁

အကွယ်ကအကာ

ရာသီဥတုအကြောင်းနားမလည်တော့ ကိုယ့်ကအမြဲတန်းအအေးမိ ကိုယ်ပဲအမြဲတန်းနာဖျား မနက်ဖြန်တနင်္လာနေ့တဲ့ မိုးရွာနိုင်သေးလား ထီးတစ်ချောင်းထက် ကိုယ်ကပိုစိုတယ် အဲဒီထီးတစ်ချောင်းထက် ကိုယ်ကစိတ်ပူတယ် ။ #အိုဇုန်း ၃၁.၁၀.၂၀၂၁

ဆောင်းခိုပျံသန်းငှက်​မျိုးများ တို့ကမ္ဘာ​မြေကိုချိတ်​ဆက်​ထား

ရောင်​နီလာ မနက်​ခင်း အသက်​သွင်းဖို့ ​လေကိုဆန်​ ။ ငှက်​က​လေး​တွေ တိုးတိုးဖွဖွ နိုးထရှင်​သန်​ ။ ​နေ့သစ်​တိုင်း အချိန်​မှန်​ တိမ်​ယံကို ​ဖောက်​ထွင်း။ ​သူတို့ဓ​လေ့ သူတို့ဘဝနဲ့ ​လောကကမ္ဘာ မကျရှုံး​အောင်​ အလှဆုံးဖန်​ဆင်း ။ ​နေ့ ည​တွေ အ​အေးကဲ ​သွေးခဲမတတ်​ ရာသီဆို ။ ငှက်​က​လေး​တွေ အချိန်​​ကောင်​း အိမ်​​ပြောင်းဖို့လို ။ တစ်​​နေရာမှ တစ်​​နေရာကို ​ဆောင်းခိုရန်​ အလည်​သွား ။ အ​အေးဒဏ်​ကို မခံရဲလို့ ပျံဝဲကာ အသိုက်​​ပြောင်းကြတဲ့ ​ဆောင်းခိုငှက်​များ ။ ခရီးစဉ်​ တစ်​​လျှောက်​လုံး ​နောက်​ဆုံးအထိ အားမာန်​ချီ ။ မိုင်​များစွာ မ​ကြောက်​မရွံ့ ​နောက်​မတွန့်ပြီ ။ ​ဆောင်းခိုငှက်​ အမျိုးအမည်​ ဇလုပ်​နီ ကြိုးကြာငှက်​ ။ ဇလုပ်​ပြာ […]

နားရှိ၍သာ

* မြစ်တစ်သွယ်ကို ချစ်တယ်ဆိုသည့် ထိုထိုစကား ဖန်ဖန်ကြားရ နားဝသကာ ချိုမြိန်စွာလည်း…။ * မြစ်ရေပြင်၌ ပုံအောတိုက်အောင် အမှိုက်ပေါလော ဘယ်သူမျှော ။ * သန့်သောမြစ်ရေ ညစ်စွန်းလေအောင် ကောင်သေပုပ်ပွ ဘယ်သူချ ။ * သန့်သန့်စင်စင် မြစ်ရေပြင်ဝယ် ကျင်ငယ်ကျင်ကြီး ပုပ်ယိုစီးကို တားဆီးမဝံ့ ဘယ်သူစွန့် ။ * စက်ရုံညစ်ကြေး ဓာတုဆေးနှင့် ဘေးထွက်သောင်းပြောင်း ဤမြစ်ကြောင်းမှာ မြောင်းသွယ်စွန့်ထုတ် ဘယ်သူလုပ် ။ * မြစ်တစ်သွယ်ကို ချစ်တယ်ဆိုသည့် ထိုထိုစကား နှုတ်ထွေပြားကို နားရှိ၍သာ ကြားရပါလည်း သာဓုခေါ်ရေး အလှမ်းဝေး ။ ယုံရခက်ခက် ရှက်လှသေး ။ ။ ချစ် စု အောင်

အညာနဲ့တမာ

အညာမြေ တမာတွေ စီရီတန်းလို့ သာစခန်း ပင်ခြေစုံမှာကွယ် ခိုလှုံကာ အပူဒဏ်ကိုဖြင့် တွန်းလှန်ကာပေး။ အနာဂတ် အညာတွက် တမာတန်းတွေ ရှည်သက်တမ်း ပုံထင်အောင်လို့ကွယ် ကြံဆောင်ကာ ရည်မျှော်တွေးပါလို့ သစ်ပင်ကို ချစ်ခင်တတ်ပါမှ မြတ်နိုးမယ်လေး။ မောင်ခန့်(မြန်မာစာ)

ငှက်ကလေးတွေ

မိုးကိုမောင်းထုတ် ဆောင်းသရုပ်ထဲ နှင်းအကွဲမှာ မင်းလဲ(လည်း) ငါ့ရှာ ငါလဲ(လည်း)မင့်လွမ်း ပြန်ဆုံခန်းကို တောပန်းမွှေးရီကြိုပါစေ…   မောင်စိန်ဝင်း(ပုတီးကုန်း)

-ပျောက်ဆုံးသွားသော ပန်းချီကားတစ်ချပ်-

အကွေ့အကောက် အဝေ့အဝိုက် ဟော… နောက်တစ်နေရာ ဖြောင့်ဖြောင့်စင်းစင်း ဖြာစီးဆင်း မြစ်မင်းဧရာ… ဗေဒါ မစီနိုင်အဖြစ် ရေဇလာ မကြည်နိုင်သနစ် တို့ ဧရာ၀တီမြစ် ရေမနစ်နိုင်တော့ ရေမှမရှိတော့တာ ဘယ်ရေနစ်နိုင်တော့မလဲ ဒီကြားထဲ သောင်ထွန်း ကမ်းပြို အို… မြစ်ကောကြီးလို။ လက်ပံတောင်းတောင် ကြေးနီတောင် တောင်.. တောင်..တောင်.. မိုးထိုးမြင့်မား အမောက်ကြီးများ တလူလူထောင် ဘယ်လောက်များ လှလိုက်သလဲ ဘယ်လောက်များ ဝံ့ကြွားစရာလဲ အထင်အရှား လက်ညှိုးထိုးပြနိုင်ခဲ့ ဟော… အဲဒီအလှတရားက ခုတော့လေ အလကား တောင်တွေ ဖြိုချခံလိုက်တာ လွင်ပြင်ကြီးလို။ ကျွန်း ပျဉ်းကတိုး ပျဉ်းမ သစ်ရာ ပိတောက် နေတစ်ပြောက်တိုးဝင်မရ ကန္တာရမဖြစ်ခင်ကပေါ့… ခုတော့လည်း အဲဒီသစ်တော ဘယ်ဆီမှာမှ ရှာမရ ပျောက်ပျောက်သွားလိုက်တာ တောပြုန်းလို့ တောင်ပျက်သုဉ်းဆိုသလို။ […]

Page 4 of 10
1 2 3 4 5 6 7 8 9 10