ကောက်ရိုးနွယ်
ရွှေရောင်စပါးခင်းလေးတွေ ဘ၀နဲ့ရင်း တာ၀န်ကျေပြီးနောက် အရိုးပြိုင်းပြိုင်းပြတ်နေတဲ့ ရိုးပြတ်တောထဲက ခေါင်းထောင်ထွက်လာသူ ကန်စွန်းနွယ်လေးတွေလို အမူအရာနဲ့ ခရမ်းသွေးတစ်၀က်၊ ကျောက်စိမ်းရောင်တစ်၀က်အသားအရေနဲ့ ကျစ်လစ်လစ်ခန္ဓာကိုယ် သွယ်လျလျလေးပေါ်မှာ သေးမျှင်မျှင် အရွက်ချွန်လေးတွေကို ခပ်ကျဲကျဲ ထိုးစိုက်လို့ အားပါတဲ့ အမြစ်မွှားကလေးတွေနဲ့ ခြောက်သွေ့ကြမ်းရှနေတဲ့ မြေကို ကုပ်တွယ်လို့ ကောက်ရိုးပြတ်ပင်တွေပေါ်ကိုမှ တွယ်ကပ်နွယ်ရစ်ခဲ့သူလေ.. ‘ကောက်ရိုးနွယ်’တဲ့ ဆောင်ယွန်းစ၊ နွေရင်ခွင် ပပ်ကြားအက်နဲ့ မြက်ရိုင်းပင်တွေကြား (မိုးလည်းမလို၊ ရေလည်းမလို) နှင်းမြူလွကိုသာ ခေါင်းမြီးခြုံလို့ သူ့မျက်ရည်နဲ့သူ ရဲရင့်စွာအမောက်ထောင် ရပ်စရာမြေကြီးရှိရင် ရှင်သန်ရမယ်ဆိုတဲ့စိတ်နဲ့ ခေါင်းကိုမော့၊ ရင်ကိုကော့ နွေလေစီးကြောင်းထဲမှာ ယိမ်းနွဲ့ရင်း စိန်နားကပ်ပန်းလေးတွေ ပန်လို့.. ကျေးလက်ထမင်းဝိုင်းတွေရဲ့ဇာတ်လိုက်ကျော် ကောက်ရိုးနွယ်လေးပေါ့…။ ခေတ်ရဲ့တိုးတက်မှုတွေကြားမှာ သူ့အသက်ကလေး တိုတိုသွားရင်း ကောက်ရိုးပြတ်တွေမရှိတော့တဲ့လယ်ကွင်းတွေထဲ နစ်မြုပ်ပျောက်ကွယ်နေခဲ့ပြီလေ။ #မိုးဟိန်းထက်