သစ်ပင်စိုက်ခြင်းဖြင့် နိုင်ငံတော်ကိုကာကွယ်ပါ
(၁) “သစ်ပင်စိုက်တာဟာတစ်ဦးချင်း၊ တစ်ယောက်ချင်းလုပ်နိုင်တဲ့ကိစ္စပါ။ ကမ္ဘာကြီးဟာပျက်နေတယ်။ အဲဒီပျက်နေတဲ့ကမ္ဘာကြီးကို ပြန်ကောင်းအောင် လုပ်တဲ့နေရာမှာစိတ်ရှည်ရှည်နဲ့ လုပ်ရမှာပါ။ကမ္ဘာကြီးကိုချစ်တယ်ဆိုရင် ဒီလောက်ကလေးတော့ လုပ်ကြပါလို့ ကျွန်တော်မေတ္တာရပ်ခံပါတယ်” မကြာသေးမီက ကွယ်လွန်ခဲ့သည့် သစ်တောပညာရှင် ကမ္ဘာမြေချစ်သူဦးအုန်းပြောနေကျစကားဖြစ်သည်။ ထိုစကားကိုပင် သစ်ပင်စိုက်ပွဲတစ်ခုတွင် သူပြောနေရင်း မျက်ရည်များကျလာခဲ့သည်။ ရှိုက်သံသဲ့သဲ့ ကြားတွင် သူ့စကားသံများ တိမ်ဝင်သွားခဲ့သည်။ သစ်ပင်စိုက်ပွဲသို့ တက်ရောက်လာသူတိုင်း စိတ်မကောင်း ဖြစ်ကြရသည်။ အမြဲတမ်းမာမာထန်ထန်ပြောတတ်သည့် သူ့ထံမှ ထိုကဲ့သို့အမူအရာကိုတွေ့ရသောကြောင့်လည်း အံ့သြကြရသည်။ ကျွန်တော်ကတော့ သူ့ကိုနားလည်သည်။ သူအသက်အရွယ်ရလာပြီ။ စိတ်သွားတိုင်းကိုယ်မပါသလို ပါးစပ်ကပြောတိုင်းလည်း လက်ကမပါနိုင်တော့။ ထို့ကြောင့် သူ့ကိုယ်သူအားမရဖြစ်မိသည်။ ပျက်ယွင်းလာသောကမ္ဘာကြီးကို ပြန်လည်ပြုပြင်ရန် သစ်ပင်များမစိုက်နိုင်တော့သဖြင့် သူ ဝမ်းနည်းသည်။ ဝမ်းနည်းစိတ်ကို မထိန်းနိုင်သဖြင့် သူမျက်ရည်ကျသည်။ ပြီးတော့ မျက်ရည်ကြားထဲကနေပဲ သူအားတင်းပြီးပြောလိုက်ပါသေးသည်။ “ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အထိရောက်ဆုံးနဲ့ အလွယ်ဆုံးနည်းကတော့ […]