နှင်းနဲ့ထွေးတဲ့ နောင်ချိုဆောင်း
ထုံကျင်အေးစက်နေသော ခြေထောက်များကို ကြိုးစားမယူ လျှောက်လှမ်းရင်းက walking shoe စီးမလာမိတာ မှားပြီဟု တွေးလိုက်မိသည်။ ထင်းရူးပင်များ ဝဲယာခြံရံထားသော လမ်းကလေးအတိုင်း လမ်းလျှောက်နေရာက ကျောင်းဝန်းအတွင်း တံမြက်စည်းလှည်း သန့်ရှင်းရေးလုပ်နေသော ဆရာလေးသုံးပါးကို မြူနှင်းဖွေးဖွေးအောက်တွင် တွေ့ရသည်။ ဆရာလေးတွေက ဆောင်းနှင့် အသားကျနေပုံရသည်။ သူတို့ကိုကြည့်ရသည်မှာ ထွေထူးပြီး အအေးဒဏ်ကို ခံစားရသည့်ပုံမပေါ်။ ကျွန်တော့်မှာသာ ကိုယ့်ကိုယ်ကို ထိန်းမရအောင် တုန်ခါနေသည်။ ရှမ်းပြည်မြောက်ပိုင်းက နောင်ချိုဆောင်းကို တစ်ကြိမ်တစ်ခါမျှပင် မကြုံဖူးသော ကျွန်တော့်အတွက် ရှမ်းပြည်ဆောင်းဆိုတာ ဒီလိုမျိုးပါလားဟုတွေးလိုက်မိရင်း ဘာမှ ကောင်းကောင်းမမြင်ရသော တောရကျောင်းဝန်းထဲ ဖွေးဖွေးလှုပ် ပြိုဆင်းနေသော နှင်းဖတ်မျှင်မျှင်လေးများကြားတွင် လိုက်လံစူးစမ်းနေမိသည်။ တောရိုင်းပန်းဖြူဖြူလေးများသည် နှင်းဖွေးဖွေးအောက်တွင် ပျောက်နေသည်။ ရှမ်းတောင်တန်း၏ သင်္ကေတ နေကြာရိုင်းဝါဝါများကိုလည်း ကောင်းကောင်းမမြင်ရ။ စေတီခြေတော်ရင်းတွင် ဖိနပ်ကိုချွတ်ကာ စေတီရင်ပြင်ပေါ်သို့ ခြေထောက်ချလိုက်တော့ […]