စီးဆင်းနေသော မိုးတိမ်များ
(ဒီရက်ထဲ ဘာက သွယ်ဝိုက်စေ့ဆော်နေတယ်မသိ၊ စာရေးချင်စိတ်အတော်ပေါက်နေပါတယ်။ စာရေးချင်စိတ်ပျောက်နေတာ နှစ်နဲ့ချီခဲ့ပြီမို့ ဘာကိုစရေးရမှန်းမသိတာနဲ့ မိခင်မြေနဲ့ဝေးစ အမေရိကန်ဘဝအစမှာရေးခဲ့ဖူးတာလေးပြန်ဖတ် ပြန်မျှရင်း စျာန်ပြန်သွင်းမိပါတယ်။ ဇာတိမြေလွမ်းချင်းတပုဒ်ပါပဲ။ ပုံကတော့ ၁၉၉၀ စွန်းစလေးတုန်းက ဒီအက်ဆေးလေးထဲကဇာတ် ကောင် မလက်တိုချောင်းကလေးမှာ ရိုက် ထားတာပါ။ မဂ္ဂဇင်းတွေမှာ ကျမ ဝတ္တုတိုလေးတွေဆက်တိုက်ပါစပေါ့။ အခုအချိန်မှာ ကျမမြို့ ကျမရွာဟာ ဒီအက်ဆေးလေးထဲက ဘဝတွေနဲ့ ဘယ်လောက်ကွာသွားပြီလဲ မသိဘူးတွေးမိတော့ စာရေးစရာ တွေ့သွားသလိုပဲ။ ) ချမ်းချမ်းစီးစီး ညလည်ခေါင်ကြီးတွင် အိပ်ပျော်ဖို့ကြိုးစား၍မရသောအခါ ကြည်အေးကဗျာကိုသတိရမိသော် လည်း ရွတ်ဆိုဖို့စိတ်မပါတော့ပြန်။ ပြတင်းပေါက်မှဟိုဟိုဒီဒီငေးကြည့်မိပြန်တော့လည်း မြင်သမျှက နှင်းများ ဖြင့်ဖွေးဖွေးဖြူနေလေသည်မို့ အချမ်းပိုရသည့်အပြင် အဖြူအမည်းပန်းချီကားနှင့်တူသောဆောင်းညက ဘ၀ အလွမ်းကိုပင် အားပေးပိုကဲစေပြန်သည်။ ဒီတော့အိပ်ရာဆီပြန်လှည့်၊ထုံးစံအတိုင်းစောင်ထူထူအောက်မှနေ၍ ဂြိုလ်ကမ္ဘာနေရာအနှံ့ စိတ်ဖြင့်လည်ပတ်လွန်းထိုးဖို့ကိုသာ ရွေးချယ်ရတော့သည်။ အိပ်ရာနှင့်ကျောထိမိလိုက်တာနှင့် ထိုအသံကိုကြားလိုက်ရတာဖြစ်သည်။ ရေစီးသံ…။ […]