ကိုယ့်လက်နဲ့စိုက်တဲ့သစ်ပင် ရှင်သန်နေတာမြင်ဖူးပြီးလား
ကျွန်တော်တို့ကလေးဘဝက ကျွန်တော်တို့ ဒေါ်ကြီးက ကျွန်တော်နှင့် ကျွန်တော့်ညီဝမ်းကွဲ ညီအစ်ကိုနှစ်ယောက်ကို အိမ်ဝင်းထဲမှာ အုန်းပင်တစ်ယောက်တစ်ပင် စိုက်ခိုင်းပါသည်။ ” သစ်ပင်ဆိုတာ ကလေးစိုက်မှ အကြီးမြန်တာ” ဟု ဆိုပါသည်။ ထိုအုန်းပင်နှစ်ပင်တွင် ကျွန်တော်စိုက်ခဲ့သည့်အပင်က သေပြီး ကျွန်တော့်ညီစိုက်ခဲ့သည့်အပင်က ရှင်ပါသည်။ ထိုအုန်းပင်မှာ နှစ်နှစ်ဆယ်ကျော်သက်တမ်းရှိပြီး အသီးတွေသီးနေပါပြီ။ ကျွန်တော့်ညီကတော့ ငါစိုက်ခဲ့တဲ့အုန်းပင်ကလေးဟု ဂုဏ်ယူတတ်ပါသည်။ ကျွန်တော်ကတော့ ကိုယ်စိုက်သည့်အပင်သေသည့်အတွက် သူ့လိုဂုဏ်ယူစရာမရှိ။ ထိုအခါ အပင်ကြီးတစ်ပင်ဖြစ်ဖြစ်မြောက်မြောက်စိုက်ပြီး ရှင်သန်ဖို့မလွယ်တာ သဘောပေါက်လာပါသည်။ ကျွန်တော်စိုက်ခဲ့သည့်သစ်ပင် ဘယ်နှပင်ရှင်လဲ ပြန်စဥ်းမိပါသည်။ ကျွန်တော်သစ်ပင်တွေကို ကိုယ့်အသိနှင့်ကိုယ်စပြီး စိုက်ပျိုးဖူးတာက အသက်နှစ်ဆယ်ကျော်မှဖြစ်သည်။ လမ်းမကြီးဘေး အရိပ်ရပင်မရှိသည့်နေရာတွေကို သူငယ်ချင်းတွေနှင့် သွားသွားပြီးစိုက်ကြပါသည်။ စိန်ပန်း၊ မယ်ဇလီပင်၊ ပိတောက် စသည့်အပင်ကြီးမျိုးတွေစိုက်ကြသည်။ စိုက်ပြီးတစ်နှစ်လောက်အကြာ လမ်းပြင်ဆင်မှုလုပ်တော့ ကျွန်တော်တို့အပင်တွေ အကုန်ပါသွားပါသည်။ ကျွန်တော်တို့နောက်နှစ်အားမလျော့ပဲထပ်စိုက်ကြပြန်ပါသည်။ ထိုအပင်တွေထဲမှ ဆယ်ပင်လောက်ရှင်သန်ကျန်ရစ်ပါသည်။ […]