ကျွန်တော်ကမြစ်ရဲ့နာမည်ကဘာလဲလို့မေးလိုက်တော့။အကုန်းလုံးကဘာကိုမေးတာလဲလို့ပြန်မေးကြတယ်။မြစ်ပြင်ကတော်တော်လေးကျယ်ပါတယ်။ကျွန်တော်တို့စီးလာတဲ့စက်လှေကမြစ်ရဲ့ဘယ်ဘက်အခြမ်းကနေခုတ်မောင်းနေရာကတစ်ချက်တစ်ချက်လူးလိမ့်ဝင်ရောက်လာတဲ့လှိုင်းကြက်ခွပ်လေးတွေကိုထိုးခွဲပြီးညာဘက်အခြမ်းကိုကူးဖို့အားယူခုတ်မောင်းနေပါတယ်။တစ်နေရာအရောက်မှာတော့ဒုန်းခနဲအသံတစ်ခုကိုကြားလိုက်ရတယ်။စက်လှေမောင်းသူကစက်ကိုချက်ခြင်းသတ်လိုက်တယ်။ဘာဖြစ်တာလဲလို့အလန့်တကြားထမေးကြတယ်။စက်လှေသမားကစိုးရိမ်ပူပန်မဲ့အမူအရာနဲ့ ပဲ့ကိုစက်လှေဘက်ဆီဆွဲယူလိုက်တယ်။ ပဲ့ကိုမယူလိုက်တော့ မြစ်ထဲဘယ်သူပစ်ချခဲ့မှန်းမသိတဲ့ ဆာလာအိတ်ကစက်လှေရဲ့ပန်ကာကို နွယ်ရှင်တစ်ခုကရစ်ပတ်သလိုရစ်ပတ်ထားတာကိုတွေ့ရတယ်။ စကလှေသမားကတော့ အေးဆေးပဲ။ ဘာမှမဟုတ်ပါဘူး၊ မစိုးရိမ်ကြပါနဲ့လို့လည်းမပြောဘူး။ ပန်ကာမှာလာငြိတဲ့ဆာလာအိတ်ကိုစိတ်ရှည်လက်ရှည် ဖြေယူပြီးစက်လှေကို ပြန်ခုတ်မောင်းတယ်။ ကျွန်တော်အတွေးတွေကတော့ စက်လှေသမားရဲ့စိတ်လိုမအေးဆေးပါဘူး။ တောင်တွေးမြောက်တွေးနဲ့ ငါးမိနစ်လောက်အတွင်းတစ်ကမ္ဘာစာလောက်အထိတွေးပစ်လိုက်တယ်။ ကျွန်တော်ကရေမကူးတတ်ဘူး။ မတော်တဆစက်လှေသာတစ်ခုခုဖြစ်သွားရင်ကျယ်ပျောတဲ့ မြစ်ပြင်ကို ကျွန်တော် ဘယ်လိုကူးခတ်ရမလဲ။ ဘယ်သူပစ်ချခဲ့မှန်းမသိတဲ့ ဒီဆာလာအိတ်ကြောင့် စက်လှေရဲ့ ပန်ကာရွက်တွေသာကျိုးသွားခဲ့ရင် ဘယ်လိုလုပ်မလဲ။ တက်ကျိုးရင် လက်ထိုးလှော်မယ်ဆိုတဲ့ မြန်မာစကားပုံကြီးခေါင်းထဲရောက်ပြန်တယ်။ အဲဒီလိုငါးမိနစ်စာအချိန်အတွင်းတစ်ကမ္ဘာစာလောက် စိတ်ကတွေးပစ်လိုက်တယ်၊ မေခလာနတ်သမီးကဇနကမင်းသားကိုလာကယ်တဲ့အခန်းတွေတောင်ပါသေးရဲ့။ ကျွန်တော်လည်းဒီမြစ်ရဲ့နာမည်ကိုဘယ်လိုခေါ်လဲလို့ ဒုတိယအကြိမ်မြောက် ထပ်မေးလိုက်ပါတယ်။ စက်လှေကပုံမှန်အတိုင်း ပြန်လည်ခုတ်မောင်းနေပါပြီ။ စက်လှေပေါ်ပါသူတချို့က စက်လှေစီးရင်းအဆာပြေစားဖို့အတွက် မြို့ပေါ်ကဝယ်လာတဲ့ စားသောက်ဖွယ်နဲ့ မုန့်ပဲသွားရေစာတချို့ကိုထုတ်ယူစားသောက်နေကြပါတယ်။ ကျွန်တော်ရဲ့ ဒုတိယအကြိမ်မြောက်မေးခွန်းမှာလှေပေါ်ပါလာသူတချို့က ခရီးသွားတွေထဲကအသက်အကြီးဆုံးအမျိုးသမီးကြီးကိုလှမ်းကြည့်လိုက်ကြတယ်။ ပြီးတော့ ကျွန်တော့်ရဲ့မေးခွန်းကို ၎င်းအမျိုးသမီးကြီးကိုလှမ်းမေးကြပါတယ်။ ဒါပေမယ့် သူတို့ လှမ်းမေးတဲ့အသံကိုအမျိုးသမီးကြီးကမကြားပါဘူး။ မြစ်ပြင်ကို ဖြတ်တိုက်လာတဲ့ လေကြောာင့်ရော။ […]