ဖက်ဒရယ် သယံဇာတအုပ်ချုပ်မှုစနစ် (Resource Federalism) အောင်မြင်ဖို့ သစ်တော၊ သစ်ပင်စိုက်ကြစို့
ကောလင်းမြို့နယ်တွင်းရှိ ကျွန်တော့်ဇာတိမြေ နယ်အစွန်အဖျားရွာကလေးသို့ မရောက်ဖြစ်သည်မှာ (၄)နှစ်နီးပါးခန့် ရှိခဲ့ပေပြီ။ ယခုနှစ်ဆန်းပိုင်းတွင်ကား ကိုဗစ်ရောဂါအပြင် အရေးအခင်းကာလကြောင့် ကျွန်တော်အိမ်ပြန်ဖြစ်ခဲ့သည်။ မကြာမြင့်သောနှစ်ကာလများအတွင်း ကောလင်းမြို့နယ် အနောက်ဘက်ခြမ်း၏ တိုးတက်ပြောင်းလဲမှုများကို မြင်တွေ့ရသောကြောင့် ကျွန်တော်ဝမ်းသာမဆုံးရှိလှသည်။ လွန်ခဲ့သည့် (၁၀) နှစ်ခန့်က ကောလင်း-ရွာဘက်လမ်းသည် အလွန်ဆိုးရွားသည်။ ယခုဆိုလျှင် သုံးပုံတစ်ပုံခန့် ကတ္တရာလမ်းခင်းပြီးပေပြီ။ လျှပ်စစ်မီးလည်း မြို့နယ်အနောက်ဘက်ခြမ်း ရွာအတော်များများ လင်းနေပြီဖြစ်သည်။ သို့သော် ကျွန်တော်စိတ်မကောင်းဖြစ်မိသည်မှာကား လမ်းမကြီးတစ်လျှောက်ရှိ တောဧရိယာအမြောက်အများမှာ စိုက်ပျိုးမြေအဖြစ်သို့ ပြောင်းလဲနေပေပြီ။ တစ်ရွာနှင့် တစ်ရွာအကြား အင်တိုင်းတောများမှာ ခပ်ကျဲကျဲသာကျန်တော့သည်။ အရိပ်အာဝါသကောင်းသော အချို့အပင်ကြီးများလည်း မရှိတော့ပြီ။ ကျွန်တော့်ဘိုးဘွားများလက်ထက်က ကောလင်းမြို့သို့ ခြေလျင်၊ လှည်း၊ စက်ဘီးတို့ဖြင့် သွားခဲ့ကြရသည်။ ထိုခေတ်က ကောလင်းနှင့်ရွာဘက်ကို နေချင်းပြန်ဖို့ မလွယ်လှပေ။ ခမောက်တောင်ကွင်းမရောက်ခင် လမ်းခုလတ်တွင်ကား ‘လှံထိုးသရက်ပင်’ဟုခေါ်သော သရက်ပင်အကြီးကြီးတစ်ပင်ရှိခဲ့သည်ဟု […]