ရေဇလာသင်ဖျာခင်းရင်ပေါ့- ၂
(၂) ဂိမှာန်ရာသီ၏ ခြောက်သွေ့ညှိုးရော်ခြင်းအပေါ်ဝယ် ဝါဆိုမိုးကား အငြိုးထားခဲ့လေရော့သလားမသိ။ လေရောမိုးပါအပြိုင် သည်းသည်းမည်းမည်းရွာသွန်းလျက်ပင်ရှိပါသည်။ မုန်တိုင်းဝင်ခြင်းမဟုတ်သော်လည်း မုတ်သုံမိုးကား အထူးအားကောင်းနေသော အခြေအနေတစ်ရပ်ပင်ဖြစ်ပါတယ်။ ပတ်ဝန်းကျင်တခွင်သည် သည်းသည်းမည်းမည်းရွာချနေသောမိုးရေစက်လက်များကြားတွင် မပီဝိုးတဝါး ရှူ့ခင်းကိုရေးသားခြယ်သလျက်ပင်ရှိပါသည်။ အချိန်ကား နံနက်ငါးနာရီအစွန်းထွက်ပြုစ အခါကာလပင်။ အရှေ့ကျောင်းထံမှ ထွက်ပေါ်လာခဲ့သော အုန်းမောင်းသံအောက်ဝယ် ကိုသာအေးတစ်ယောက် အိပ်ရာမှနိုးလာခဲ့ပါပြီ။ မနိုးလို့လဲ မဖြစ်ဘူးလေ။ မိသားစုတာဝန်ဝတ္တရားဆိုသော စေ့ဆော်မှုက အသိစိတ်ကို အုပ်စိုးမင်းမူထားလို့ပါ။ ကိုသာအေးခင်မျာ အပျင်းဆန့်မနေအားရှာပါဘူး။ အလျင်အမြန်ပဲ အိပ်ရာကထလိုက်ရပါတယ်။ ညဦးပိုင်းကတည်းက ရိုးထဲမှာထောင်ထားတဲ့ ယင်းတွေဖော်ရပါဦးမယ်။ တောသူတောင်သား ကပ်ပါးတံငါသည်များအတွက်တော့ အလုပ်ကိုလက်နဲ့မပြတ်အောင်ဇယ်ဆတ်သလို လုပ်ကိုင်ဖြစ်မှသာလျှင် ဝမ်းဝရမယ့်ဘဝတွေပါ။ အချိန်သည် အဖိုးမဖြတ်နိုင်သော ရတနာဆိုတဲ့ ဆိုရိုးစကားကို ကိုသာအေးနားမလည်ပါ။ ဒါပေမဲ့ ဘဝနဲ့ယှဥ်ပြီး ရရှိခဲ့သောအသိက အလုပ်ကိုအမြဲမပြတ် ကြိုးစားပန်းစားလုပ်ကိုင်ဖို့ဆိုတာကိုပါပဲ။ အလုပ်လုပ်မှသာ ဝမ်းရေးအဆင်ပြေမယ်ဆိုသော အခြေခံအသိက နှလုံးအိမ်မှာ […]