တောင်ပြာကြားမှ မလေးငယ်
ငှက်ကလေးများရဲ့ တီတီတာတာ နှုတ်ခွန်းဆက်သံက မနက်ခင်းတစ်ခုလုံးကို လတ်ဆတ်သင်းပြန့်စေတယ်။ တောရိပ်တောင်ရိပ်တွေကြား စိမ့်ဝင်စီးမျောနေတဲ့ဆောင်းက ဆောင်းပီပီသသ။ ခန္ဓာကိုယ်ပေါ် အုပ်မိုးထားတဲ့ တရုတ်ဂွမ်းစောင် အထပ်ထပ်ကိုဖောက်ဝင်ပြီး အေအးဓာတ်က အသွေအသားတွေကို နမ်းရှိုက်လို့။ ခဲကပ်ကပ်အအေး အအေးဓာတ်ကိုအံတုပြီး ဂွမ်းစောင်တွေ အောက်က ကိုယ့်ကိုယ်ကိုယ် ရုန်းထွက်လိုက်တယ်။ လေပြည်ရနံ့ကင်းတဲ့ မနက်မှာ မြူခိုးရနံ့တွေဟာ ကျွန်တော့်ဆီ ပြေးဝင်လာလေရဲ့။ အိမ်တံခါးကိုဖွင့်။ အိမ်ငယ်လေးပေါ်ကနေ ခြံထဲဆင်းလိုက်တော့ ပြာပုံဘေးမှာ ကွေးကွေးလေးခွေနေတဲ့ ခွေးပေါက်စတစ်ကောင်က ကျွန်တော့်ဆီပြေးလာပြီး လျှာနဲ့လျက် တိုးဝှေ့နှုတ်တယ်။ နှင်းမှုန်မြူခိုးတွေကြားမှာ အရွက်မပါတဲ့ သစ်ပင်အကိုင်းအခက်တွေက အဝတ်အစားမကပ်တဲ့ လက်တံရှည်တစ္ဆေတွေလို ကျွန်တော့်ကို ခြောက်လှန့်နေကြတယ်။ နေရဲ့အလင်းရောင်ကို ပိတ်ဆို့ထားတဲ့ ဖွေး ဖွေးလှုပ်မြူခိုးတွေအောက် ကျွန်တော် အသက်ရှူကျပ်နေတာ အမှန်ပဲ။ ရွာဦးဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံ ရှစ်ချက်ကြားရသည်အထိ မနက်ခင်းနေဟာ ကျွန်တော်နဲ့တောင်တန်းများရဲ့အဝေးမှာ ရှိနေတုန်းပဲ။ […]