ဝတ်ရည်နှင့်ရနံ့ လုပွဲ
ကံကော်တွေစပွင့်ကြလေပြီ။ နွေဦးကံ့ကော်တွေစပွင့်ကြလေပြီ။ စျေးထဲတွင် ကံ့ကော်ပန်းကုံးတွေကို မြင်ရလေပြီ။ တကုံးကိုငါးရာရောင်းတာလည်းရှိသည်။ သုံးရာရောင်းတာလည်းရှိသည်။ ပန်းကုံးတွေကတော့ အရွယ်အစားတူတွေ။ သူ့ဖောက်သည်နှင့်သူဝယ်ကြလေသည်။ ကံ့ကော်ပန်းမှာ ရှားသေးသည့် ပွင့်ဦးကံကော်တွေမို့ အရောင်းသွက်သည်။ စျေးရသည်။ ” ကံ့ကော်ပန်းကို စျေးမဆစ်သင့်ဘူး” ဟု ကံ့ကော်ပန်းခူးဖူးသူတွေကပြောကြသည်။ ကံ့ကော်ပန်းတွေက ကိုင်းဖျားကိုင်းနားတွေမှာ ပွင့်သည်။ ခက်ခက်ခဲခဲတက်ပြီး ကံ့ကော်ပန်းပန်းလှလှရအောင် ခူးရသည်။ပြုတ်မကျအောင် ကိုင်းတို့၊ ငြမ်းတို့ဆွဲပြီးတက်ရသည်မှာ လက်အံသေမတတ်ဖြစ်သည်။ တနည်းအားဖြင့် ကံ့ကော်ပန်းခူးရသည့်အလုပ်သည် အသက်နှင့်ရင်းရသည့်အလုပ်ဖြစ်သည်။ စာရေးသူလည်း ကံကော်ပန်းကောက်ဖူးသည်။ တကယ်မလွယ်သည့် အလုပ်ဖြစ်သည်။ ကောင်းကောင်းမွန်မွန်ငြမ်းမဆင်ထားပါက ပိုခက်သည်။ ကိုင်းဖျားမှာပွင့်နေသည့် ကံ့ကော်ပန်းကို ကိုယ့်ဆီရောက်လာအောင် ကိုင်းကိုတဖြည်းဖြည်းဆွဲယူရသည်။ ကျန်လက်တစ်ဖက်ကလည်း အခြားကိုင်းတစ်ခုကိုမြဲမြဲကိုင်ထားရသေးသည်။ လူ့ခန္ဓာကိုယ်အလေးချိန်နှင့် လှုပ်သည့်လှုပ်ရှားမှုနှင့် အကိုင်း၊ အပင်သည် ယိုင်းထိုးနေတတ်သည်။ သည်ကြားထဲမှာမှ ကံ့ကော်ပန်းကို မနာအောင်ယုယုယယ ကောက်ယူရသည်။ ကံကော်ပန်းကောက်ရသည့်အချိန်က မနက်စောစော။ […]