လဲသီးခြွေသည့်လတပေါင်း
တပေါင်းငယ်မှညှာကျင် နွေဦးဆန်းသစ်၊ ရွက်ရော်လှစ်လို့ ပုရစ်ကယ်ရွှေဥ၊ ပင်တိုင်းစုကြသည်။ နုညိုစင်ငယ်တဲ့လေ။ ကျောင်းသားဘဝကအကြိုက်ဆုံး ကုန်းဘောင်ခေတ်စာဆိုဦးယာ၏ အဲချင်း ကဗျာတစ်ပုဒ်ကို နွေဦးကာလ တပေါင်းလတွင်ပြန်ပြောင်းဖတ်ရှုအရသာခံနေမိသည်။ လတပေါင်းတွင်တော့ သစ်ရွက်ခြောက်တို့ကြွေကျကာ ပင်တိုင်းနီးပါးတွင် ရွက်နုသစ်ဦးပုရစ်ဖူးလေးများကထွက်ပြူလို့လာပေပြီ။ ပတ်ဝန်းကျင်တခွင်မှာတော့အပူရှိန်က တရိပ်ရိပ်မြင့်တက်လို့မြို့ပြတွင်နေထိုင်နိုင်ဖို့မလွယ်ပါပေ။ အညာများတွင် လည်းပူရှာရော့မည်။ တောဓလေ့မြင်ကွင်များကမျက်လုံးထဲမြင်ယောင်လာမိသည်။ ဒီအချိန်တွင်တောရွာများတွင် ဓါတ်ပုံရိုက်လို့ကောင်းမည့်မြင်ကွင်းလေးများ ဖြစ်ပေါ်လာတော့မည်။ အထူးသဖြင့်တော့နောက်ကျသွားပြီဖြစ်သည့် လက်ပံပွင့်ချိန်။ အဆိုတော်သန်းထွန်းလေး၏ သီချင်းထဲကလက်ပံပွင့်တွေ။ အပွင့်နီနီရိုးတံပြိုင်းပြိုင်းမှာ လေတိုက်တိုင်းတဝဲ၀ဲကြွေသွားတာ ဒါကိုချစ်စရာဟု တင်စားသွားသည်။ လက်ပံပွင့်ချိန်ခွေးရူးချိန်ဟု လူကြီးများကခြောက်တော့ လက်ပံပွင့်ချိန်ကို ကြောက်စရာအချိန်အဖြစ်မြင့်ခဲ့ဘူးသည်။ အပူရှိန်မြင့်ခြင့်ကြောင့်ခွေးများ ရူးတတ်သည်ကို လူကြီးများက အလွယ်ပြောခဲ့ခြင်းသာ။ အခုတော့လက်ပံပွင့်တွေကုန်သွားခဲ့ပြီ။ ပွင့်ချိန်တန်ခဲ့လို့၊ သီးချိန်တန်ခဲ့ပြီ၊ ဓါတ်ပုံကောင်းကောင်းမရခဲ့ပါပေ။ ခရီးဝေးမသွားနိုင်သည့်တိုင်၊ မြို့ရဲ့အနီးတဝိုက်တောရွာလေးများဆီသွားချင်မိသည်။ တစ်ရက်တော့ သရေခေတ္တရာပျူမြို့ဟောင်းထဲက မှော်ဇာကျေးရွာလေးထဲက ဆရာဦးနေဦးကဖုန်းဆက်ခေါ်သည်။ သူအိမ်ကရွာအစွန်ဟုပြောမလား ခြံကွက်ကျယ်ကြီးထဲတွင်၊ သီးပင်စားပင်၊ မျိုးစုံနှင့်စိုက်ပျိုးရေးသင်တန်းဆရာ ပီပီ […]